Pages

Subscribe:

Ads 468x60px

Sunday, January 8, 2012

ပြာသိုလပြည့်(အမေ့နေ့)



ဒီနေ့ ပြာသိုလဆန်း ၁၄ရက်။ မနက်ဖြန် ပြာသိုလပြည့်နေ့ ဟာ ဘဘဦးသုခ သတ်မှတ်ခဲ့တဲ့ အမေ့နေ့ပါ။ အမေ ဆိုတဲ့ အသံကြားလိုက်ရင် ကျွန်တော့် ရင်ထဲမှာ ကြက်သီးတဖြန်းဖြန်းထစေတယ်။ အမေ့နေ့မှ သား သတိရတာမဟုတ်ပါဘူးအမေ။ သားအသက်ရှင်နေ့တဲ့ နေ့ရက်တိုင်း၊ အချိန်တိုင်း အမေ့ကျေးဇူးတရားကို အမြဲ အောက်မေ့တမ်းတနေပါတယ်အမေ။ အမေဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုရလာတာဟာ တော်ရုံသတ္တိနဲ့ ရလာတာ မဟုတ်ဘူးအမေ။ ယောက်ျားလေး၊ မိန်းကလေးလား မသိပေမယ့် ကိုယ့်ရင်သွေးကို ချစ်တဲ့စိတ်ကြောင့် ပူ၊ငန်၊စပ်၊ခါး အကုန် ရှောင်ရှားကြရတယ်မဟုတ်လားအမေ။ သားတော့ ကိုယ်စားချင်တာကို ၁၀လ၊ ၉သီတင်း မရှောင်နိုင်သေးပါဘူးအမေ။ နောက်ပြီး မီးဖွားနေရတဲ့အချိန်ပေါ့အမေ။ ယောက်ျားဖောင်စီး၊ မိန်းမမီးနေဆိုတဲ့ အတိုင်း အသက်ကို မရဏမင်းဆီမှာ အပေါင်ထား၊ သား၊သမီး ကိုချစ်တဲ့စိတ်ကြောင့်သာ မရဏမင်းကို အနိုင်ရခဲ့တာ မဟုတ်လားအမေ။ ဟော..ကြည့်။ ဖ၀ါးလက်နှလုံး၊ပခုံလက်နှစ်သစ် အရွယ်ကလေးကတည်းက အခုလို ကြီးလာခဲ့တဲ့အထိ စောင့်ရှောက်ခဲ့တဲ့ အမေ့ကို ကျေးဇူးမတင်၊ဘယ်သူကျေးဇူးတင်ရမလဲ အမေ။ လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ ။ စကားကို တီတီတာတာ မပြောတက်သေးခင်၊ အဖေ၊အမေ ခေါ်တက်အောင်၊ ဘုန်းကြီးတွေ့ရင် ဦးတော် ချတက်အောင်၊ အဲဒီကတဆင့် လိမ္မာယဉ်ကျေးအောင် သင်ပေးခဲ့တာ အမေပဲလေ။ သားက အလိုက်မသိတက်ဘူးအမေ။ ည သန်းခေါင် အချိန်လည်း ထငိုချင် ငိုတက်သေးတာ၊ အိပ်ရာထဲလည်း အပေါ့၊အလေး သွားတက်သေးတယ်အမေ။ ဒါပေမယ့် အမေက တချက် မငြီးငြူခဲ့ဘူး။ နောက်ပြီး သားမကောင်းဘူးအမေ။ အမေ့ဆီမှာ ပိုက်ဆံမရှိတာ မရှိတာ သားမစဉ်းစားပဲနဲ့ ရေခဲမုန့် စားချင်ပါတယ် တဂျီဂျီအော်ငိုတော့လည်း အမေ မျက်နှာတချက်မပျက်ခဲ့ဘူးအမေ။ ၀ယ်ကျွေးခဲ့တယ်။ အရုပ်ကြီးကြီးမြင်ရင် လိုချင်တဲ့ သားကိုလည်း အမေပဲ ဖြည့်ဆည်းပေးခဲ့တာပဲအမေ။ ဟော..အရွယ်ရောက်လာတော့။ ဥစ္စာအမွေတော့ မပေးနိုင်ဘူး သားရေ၊ ပညာအမွေတော့ ရအောင်ပေးမယ်ဆိုပြီး ပညာသင်ပေးခဲ့တယ်အမေ။ ဒါကြောင့် သား ဘယ်တုန်းကမှ "အမေရာ နားမလည်ပဲနဲ့ ၀င်မပြောပါနဲ့လို့ " တစ်ခွန်းမပြောခဲ့ဘူးအမေ။ ဟုတ်တယ်အမေ။ အမေက အင်ဂျင်နီယာအကြောင်းတွေ မသိဘူး၊ အင်တာနက်ကို မသိဘူး၊ ဒါပေမယ့် အမေက သားတို့ကို ချစ်တဲ့ အချစ်က ဘာနဲ့ ဖွဲ့နွဲ့လို့ နိုင်မလဲအမေ။ ဘယ်လို ချယ်မှုန်းပြနိုင်မလဲအမေ။ ဒါကြောင့် နားမလည်ရင် ၀င်မပြောနဲ့လို့ မပြောရက်ဘူးအမေ။ အဲလိုမျိုး ပြောတဲ့ သူတွေကိုလည်း ဘာကြောင့်မှန်း မသိဘူး။ ကြည့်လို့မရဘူးအမေ။ ဘာလို့လဲဆိုတော့ အမေ့ကြောင့်သာ ဒီပညာတက်ခဲ့ရတာလေ။ အမေ..။



အမေ..သားရှေ့ဆက်ပြီး မပြောတက်တော့ဘူးအမေ။ သားသိသလောက်ကို ပြောပြနေပြီး သားကျေနပ်နေရင် အမေ့မေတ္တာကို စော်ကားသလိုဖြစ်မှာစိုးတယ်အမေ။ ဘာလို့လဲဆိုတော့ အမေ့မေတ္တာဆိုတာကို ဘယ်ကဗျာ၊ ဘယ်စာပေကမှ မီအောင်မရေးဖွဲ့နိုင်ဘူးအမေ။

အမေနေကောင်းပါစေအမေ။ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ရှိပါစေအမေ။

ဦးသုခ အမေ့နေ့မှာ ပြောခဲ့သော စကား

ကမ္ဘာကြီး ကမ္ဘာကြီး မှာ
အာဒံ နဲ့ ဧဝက စတယ်ပဲ ပြောပြော
ဗြဟ္မာကြီး လေးပါးက စတယ်ပဲ ပြောပြော
သူတို့ထဲမှာ အမေ ဆိုတဲ့
ဣထိလိင် ကျေးဇူးတွေ ပါလာလို့သာ
ကမ္ဘာကြီးဟာ အဆက်မပြတ်ပဲနဲ့
ဒီနေ့အထိ ကျွန်တော်တို့ အထိ
သားစဉ်မြေးဆက်တွေ ဖြစ်လာတာမဟုတ်လား အမေ
အမေ မှန်သမျှ ဘာသာလူမျိုးခြား လူမျိုးကြားရယ်လို့
ကျွန်တော့်စိတ်ထဲမှာ မရှိဘူး အမေ
သားသည် အမေ တစ်ယောက်ဟာ အမေပါပဲ အမေ
သူက ယုတ်ညံ့လို့ သူက လူမျိုးခြားမလို့ သူက စူပါမို့လို့ ဘယ် ဘာသာမို့လို့
မဟုတ်ပါဘူး အမေ ..... မဟုတ်ပါဘူး အမေ
ကျွန်တော မြင်လာခဲ့တယ် ကျွန်တော်ပြောဦးမယ်
ကျွန်တော် လွန်သွားမလား ? မလွန်ပါဘူး အမေ ကျွန်တော် စဉ်းစားထားပြီးမှ ပြောတာပါ
အမေ မှန်ရင် လေ အမေ နားနဲ့ မနာ ဖဝါးနဲ့နာ ပြောလိုက် ပါရစေတော့ အမေဟာ
ကျွန်တော့် လက်ထက်ထဲမှာ ကျွန်တော့် မျက်စိအောက်မှာပဲ မိန်းမရွှင်ဖြစ်နေပါစေ
အမေဟာ အမေပါဘဲ
(ဦးသုခ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...