Pages

Subscribe:

Ads 468x60px

Saturday, February 25, 2012

ဒါနဥပပါရမီ သွေးလှူဒါန်းရန်နိုးဆော်လွှာ

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKJQOYqXNErDi94-qXdp6AI2v0s77Zq_eVh5GxyMjmEq5jsWo9xxQejfBa-IVlkt-eSwffSXi5BnjXZl5AHqEXuNkCFGh7rbPT3N8trtZ1J1XGPSq_r5pBLyzqq5USRzzaR5c-jDvQ-lw/s400/Donate+Blood.jpg
ခပ်သိမ်းကုန်သော သူတော်ကောင်းအပေါင်းတို့သည် မိမိတို့ ၏ စည်းစိမ်ဥစ္စာကိုလည်းကောင်း၊ မိမိတို့ ၏ အသွေး၊ အသား၊ ခြေ၊ လက်အင်္ဂါ အသက် အစရှိသည်တို့ကိုလည်းကောင်း လှူဒါန်းကြရာတွင် လက်မရွံ့နောက်မတွန့်ပဲ စွန့်လွှတ်ကြသူချည်းသာဖြစ်သည်။
စွန့်လွှတ်လိုသူတို့အတွက် စွန့်လှူရန် ပစွည်းများ အများအပြားပင်။ စွန့်လွှတ်ရန်အတွက်လည်း အင်မတန်လွယ်ကူကြသူချည်းပင်ဖြစ်သည်။
ထို့ ကြောင့်လည်း နိဗွာန်ဟူသောငြိမ်းအေးရာသည် ထိုသူတို အဖို့လွယ်ကူစွာပင် ရရှိကြစမြဲပင်ဖြစ်ချေသည်။ မစွန့်လွှတ်လိုသူများအဖို့ စွန့်လှူရန် ပစွည်းရှားပါးနေတတ်သည်။
ထို့ အပြင်လိုချင်စရာများ လောကအလယ်များပြားနေပြန်သည်။
အလိုလောဘတို့ တနင့်တပိုးဖြစ်နေတတ်ပါသည်။ စွန့်လွှတ်ရန် ခက်ခဲသူတို.အတွက် နိဗွာန်ဟူသော ငြိမ်းအေးရာသည်လည်း ရရှိဖို့ရန် ထိုသူတို.အတွက် ခက်ခဲသောအရာတစ်ခုပင် ဖြစ်ချေတော့သည်။



သွေး
 http://mmsbds.webs.com/b1.jpg


“သင့်သွေးဖြင့် အသက်ကယ်ပါ” ။
“ သွေးတစ်စက်၊ အသက်တစ်ချောင်း”
ဆိုတဲ့  အတိုင်း တန်ဖိုးရှိလှတဲ့  ဒီသွေး ။
 http://upload.wikimedia.org/wikipedia/commons/thumb/b/b9/Blutspende_Piktogramm.GIF/220px-Blutspende_Piktogramm.GIF
“ကိုယ့်သွေး ကိုယ့်သား” ဆိုတဲ့ စကားအရတော့ ကိုယ့်ဖက်ကိုယ်တွေး ၊ အရေးပေး သလို၊ အဓိပ္ပါယ် အမျိုးမျိုး ပေးဆောင်နိုင်တဲ့  ဒီသွေး ။

“ ဇာတိသွေး ဇာတိမာန် ” ၊ အရေးကြီးက သွေးစည်းကြ ” ဆိုပြီး ကိုယ့်လူမျိုး ဘာသာ သာသနာ ကို လှုံ့ ဆော်ပေးနိုင်တဲ့ ဒီသွေး ။
ဘယ်လိုပဲ ပြော ပြော သွေး က အရေးကြီးလှသည် ။

မလိုအပ်ပဲ မြေကျ ခဲ့ရသည့် သွေးများ အတွက် အလွန် ကြေကွဲ နှမြော စရာ ကောင်းလှသည် ။

ဆရာမကြီး ဂျာနယ်ကျော် (ဒေါ်) မမလေး ရဲ့  “ သွေး ” ဝတ္တုကြီးကဲ့သို့  ဇာတ်လမ်း တပုဒ်ကိုလည်း အမှတ်ရမိပါသေးသည် ။
သွေးအကြောင်းပြောရလျှင်  ဘာသာရေး ၊ လူမှုရေး ၊ စီးပွားရေး မှစ၍ အလွန်ပဲ ကျယ်ပြန့် သွားနိုင်ပါသည် ။

ဒီတော့ အသက်ကယ်မည့်  သွေး ရဲ့  အရေးကြီးပုံ နှင့် သွေးလှူခြင်း အကြောင်း ကိုသာ ပြော ပါမည် ။
လူတဦး၏ကိုယ်ခန္ဓာအတွင်း လှည့်ပတ် စီးဆင်းနေသော သွေးပမာဏမှာ ၅လီတာ မျှရှိသည် ။မိမိကိုယ်ခန္ဓာ အလေးချိန်၏ ၈ % မျှ ဟု အကြမ်းဖြင်း တွက်ယူနိုင်ပါသည်။
သွေး အုပ်စု အမျိုးအစား ။
အဓိက ၄ မျိုး ရှိပါသည် ။
A , B ,AB , O ( အေ ။ ဘီ ၊ အေဘီ နှင့် အို ) စသည်တို့ ဖြစ်ပြီး ၊
၎င်းတို့ ကို မျောက်သွေး ခေါ် Rh ( Rhesus) အမျိုးအစား + / – နှင့် တွဲပြီး ဖေါ်ပြရသည် ။

သွေး၏ လုပ်ငန်းတာဝန်များနှင့် အရေးကြီးပုံ ။
သွေးထဲတွင်
(၁) သွေးနီဥ( Red Blood Cell ) ၊
(၂) သွေးဖြူဥ(White Blood Cell ) ။
(၃) သွေးဥမွှား( Platelet ) ။
(၄) သွေးရည်ကြည် ( Plasma) စသဖြင့်ပါဝင်သည် ။
၎င်းတို့ တွင် အရေးကြီး တာဝန်ကိုယ်စီ ရှိကြသည်။
သွေးထဲတွင် ခန္ဓာကိုယ် ဇီဝကမ္မ လုပ်ငန်းများအတွက် လိုအပ်သော အောက်စီဂျင်နှင့် အာဟာရ ဓါတ်များကို သယ်ဆောင်ပေးသည်။ မလိုအပ်တော့သော ကာဘွန်ဒိုင်အောက်ဆိုဒ်ပါဝင်သည့် သွေးညစ် နှင့် လိုအပ်သော အောက်စီဂျင် ဓါတ် ပါသည့် သွေးသန့်  ကို အဆုပ်ထဲတွင်လဲလှယ်ပေးသည်။မလိုအပ်သော အညစ်အကြေး အဆိပ်အတောက်များကို အသည်းနှင့် ကျောက်ကပ်တို့ မှ စွန့် ပစ်စေနိုင်ရန် သယ်ဆောင်ပေးသည်။
(၁) သွေးနီဥမှာ သွေးပမာဏ ၏ ၄၀ % ရှိပြီး သက်တမ်း ၁၂၀ ရက်ထိ ကြာအောင်ရှင်သန်နိုင်သည် ။ သွေးနီဥထဲရှိ ဟေမိုဂလိုဘင် ကိုကြည့်ပြီး (အကြမ်းအားဖြင့်) သွေးအားနည်းခြင်း ( Anemia) ရှိ မရှိ ဆုံးဖြတ်နိုင်သည် ၊ သွေးအားနည်းခြင်းမှာ သွေးပေါင်ချိန် နည်းခြင်း နှင့်မတူပါ။ပုံမှန်လူ တဦးအတွက် ဟေမိုဂလိုဘင်မှာ (ကျား)13.6 – 17.7 g/dl နှင့် (မ) 12.0-15.0 g/dl အတွင်း ရှိသည် ။
( ဓါတ်ခွဲခန်း နှင့် အသုံးပြုသော ဆေးရည် ပေါ်တည်၍ အနည်းငယ် ကွဲပြားသတ်မှတ်ချက်များ ရှိကြသည် ။)
(၂) သွေးဖြူဥ မှာ အရွယ် အစား အကြီးဆုံး ဖြစ်ပြီး သက်တမ်းမှာတော့ တိုသည် ။ ရက်သတ္တ တပါတ် မျှသာ ရှိသည် ။သွေးဖြူဥ အမျိုးအစား ၅မျိုးရှိပြီး သူတို့ ၏တာဝန်မှာ ခန္ဓာကိုယ်တွင်း ဝင်ရောက်လာသော ရောဂါပိုးများကို တိုက်ထုတ်ပေးသည် ။သွေးတစက်တွင် သွေးဖြူဥဆဲလ် ပေါင်း ၇ ထောင်မှ ၂သောင်းခွဲမျှ ရှိသည် ။ ယူနစ်နှင့်ပြပါက 4000~10000 /microL (မိုက်ခရိုလီတာ) အတွင်းရှိသည်။ရောဂါပိုးများအား ခုခံတိုက်ဖျက်နေရချိန်တွင် သူ၏ပမာဏများပြားလာသည် ။ wbc leukocytosis ဟုခေါ်ပြီး သွေးဆိပ်တက်ခြင်း( Septicemia , Sepsis )ကို သွေးဖြူဥ အဆမတန် များပြားနေခြင်းဖြင့် သိနိုင်သည် ။
(၃) သွေးဥမွှား မှာ အသေးငယ်ဆုံး သွေးဆဲလ် များဖြစ်ပြီး သွေးပမာဏ၏ ၅% မှ ၇ % ရှိသည် ။၎င်း သည် ကိုယ်ခန္ဓာတွင် ထိခိုက်ပြီး သွေးထွက် သောအခါ မှာ ဒါဏ်ရာ၌ သွေးခဲစေပြီး သွေးယိုထွက်ခြင်းကို လျှော့ချပေးသည် ။ ပုံမှန် ပမာဏမှာ တစ်မီလီမီတာ ကုဗ အတွက် သွေးဥမွှား အရေအတွက် ၁သိန်းခွဲမှ ၄ သိန်း အထိရှိသည် ။
(၄) သွေးရည်ကြည် မှာ အ၀ါရောင်ဖျော့ဖျော့ အရည် ဖြစ်ပြီး စေးကပ်ကပ်ရှိသည် ။ သွေးပမာဏ ၏ ၅၅ %ဖြစ်ပီး ရေဓါတ်၊ ဆားဓါတ် ၊ ပရိုတင်းဓါတ် နှင့် ဟော်မုန်းဓါတ်များ ပေါင်းစပ် ပါဝင်သည် ။ သွေးရည်ကြည်၏ ၉၅ %မှာ ရေဓါတ် ဖြစ်ပြီး ကျန် ၅ % မှာ ဆားဓါတ် ၊ ပရိုတင်းဓါတ် နှင့် ဟိုမုန်းဓါတ် များဖြစ်သည် ။ ထို့ ကြောင့် ၄င်းသည် သွေးပေါင်ချိန်အား ထိန်းညှိပေးနိုင်ပြီး ကိုယ်ခံအားအတွက် လည်း အရေးကြီးသည် ။
သွေးလှူရှင်များ လှူဒါန်းသောသွေးများကို သွေးလှူဘဏ်တွင် စနစ်တကျ ဓါတ်ခွဲခြင်း၊ ကူးစက် ရောဂါ များ ပါ မပါ စမ်းသပ်ခြင်း လုပ်ရသည် ။ ထို သွေး တချို့ အား နဂိုသွေး( whole blood ) အတိုင်း ထားပြီး ၊ အချို့ အား သွေးနီဥ ၊သွေးဖြူဥ ။ သွေးဥမွှား၊ သွေးရည်ကြည် တို့ အဖြစ် သပ်သပ်စီ ခွဲခြား ကာ သတ်မှတ်ထားသည့် အပူချိန် ၌ သိုလှောင်သိမ်းဆည်း ထားပြီး ၊ သက်တမ်းမကုန်ဆုံးမီ အတွင်း လိုအပ်သော လူနာများထံ ပေးပို့ ရသည်။
- သွေးနီဥကို သာမာန်အခြေအနေတွင် ၄၂ ရက်တိတိ သိုလှောင်ထား၍ ရသည်။
- Cryopreservation နည်းဖြင့် အေးခဲထားသော သွေးနီဥ (Frozen RBC) များအား အများဆုံး ၁၀ နှစ်ကြာမျှ သိမ်းဆည်းထားနိုင်ပါသည် ။
- သွေးဥမွှား မှာ ကြာရှည် အသိမ်းမခံပဲ ၅ ရက်အတွင်း အသုံးပြုရသည် ။ သွေးဥမွှား အလွန်နည်းပါးစေသော သွေးကင်ဆာနဲ့ အသည်းကင်ဆာရောဂါ အသည်းခြောက်ရောဂါများအတွက် အသုံးပြုပါသည် ။
- အေးခဲထားသော သွေးရည်ကြည် ( Fresh Frozen Plasma ) အား ၁ နှစ်တိတိ သိုလှောင် ထား နိုင်ပါသည် ။
မည်သူတွေ သွေးလှူနိုင်သလည်း ။
ကျန်းမာသန်စွမ်းပြီး ကူးစက်ရောဂါ မရှိသော သူတိုင်း သွေးလှူ နိုင်ပါသည် ။အခြေခံ သတ်မှတ်ချက် တချို့ တော့ ရှိပါသည် ။
သွေးလှူ သူ (Donar) နှင့် သွေးလက်ခံသူ( Recipient ) တိုင်းကို သွေးလှူခြင်း ၊သွေးသွင်းခြင်းမပြုမီ စမ်းသပ်စစ်ဆေးရပါသည် ။
သွေးလှူမည့်သူတိုင်းအား သွေးပေါင်ချိန်၊ ကိုယ်အလေးချိန် ၊ ကိုယ်အပူချိန်၊ အသက်ရှုမှု ၊ နှလုံးခုန်မှု ၊တိုင်းထွာစမ်းသပ်ရသည် ။ သတ်မှတ်စံညွန်း မပြည့်က သွေးမလှုနိုင်ပါ ။
-အသက်အရွယ်အားဖြင့် ၁၇ နှစ်ပြည့်ပြီးသား မှ အသက် ၆၀ အရွယ်ထိ ၊
-ကိုယ်ခန္ဓာ အလေးချိန် ၄၅ ကီလိုဂရမ် (၁၁၀ ပေါင် )အထက်ရှိ သူများ။
-သွေးပေါင်ချိန် ၁၁၀/၆၀ မှ ၁၆၀/၉၀ အတွင်းရှိသူများ ဖြစ် ရပါမည် ။
-ကူးစက်ရောဂါများ ဆိုသည်မှာ အသည်းရောင် အသားဝါ ဘီပိုး ၊ စီပိုး ၊ HIV ပိုး ။ကာလသားရောဂါ ( ဆစ်ဖလစ် ပိုး) ၊ ငှက်ဖျားပိုး အစရှိသည်များကို အဓိကထားပြီး ကင်းရှင်းသူများမှသာ သွေးလှူသင့်သည် ။
အချို့ နိုင်ငံများတွင် နိုင်ငံအလိုက် တွေ့ ရှိရသော ကူးစက်ရောဂါ များ ကိုလည်း သွေးမလှူသင့်သော အမျိုးအစားထဲတွင် ထဲ့သွင်းသတ်မှတ်ထားပါသည် ။ ဥပမာ ဥရောပ နိုင်ငံ UK တွင် bovine spongiform encephalopathy (BSE, နွားရူးရောဂါ ပိုးတမျိုးကြောင့်ဖြစ်သော ဦးနှောက် ပိုးဝင်ခြင်း ရောဂါ )အပါအဝင် variant Creutzfeldt-Jakob Disease (vCJD) ရောဂါ ရှိသူများ သွေးမလှူရပါ ။
-ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ကာကွယ်ဆေးအချို့ ထိုးထားသူများ သွေးမလှူ ရပါ ။ ဥပမာ ၊ အသည်းရောင် အသားဝါ ကာကွယ်ဆေး (HBV vaccine ၊ Engerix-B,Recombivax HB စသည်တို့ ) ထိုးထားသူများ ၂ပါတ် အတွင်း သွေးမလှူရပါ ။ ဝက်သက် ၊ပါးချိတ်ယောင် ၊ဂျာမန်ဝက်သက် [ Measles, Mumps, Rubella (MMR) ] ကာကွယ်ဆေး ထိုးထားသူများ တစ်လ အတွင်း သွေးမလှူရပါ ။
သွေးလှူရန် ကြောက်နေကြပါသလား ။
သွေးလှူ ရန် မဝန့် မရဲ ဖြစ်နေသူများ အတွက် အောက်ပါ အကြောင်းအရာများ ကို ဆက်လက် ဖတ်ရှူခြင်းဖြင့် သံသယများကို ရှင်းလင်းနိုင်ပါသည် ။
*- သွေးလှူခြင်းဖြင့် အလှူရှင်အား ရောဂါများ ကူးစက်ဝင်ရောက်မှု မရှိနိုင်ပါ ။ အကြောင်းမှာ ပိုးကင်းစင်သော တခါသုံးအပ်များ အသုံးပြု ပြီး သွေးကိုထုတ်ယူခြင်း ၊သွေးဖေါက်မည့် နေရာတဝိုက်ကို ပိုးသတ်ဆေးဖြင့် စနစ်တကျ ဆေးကြော ပြီးမှ သွေးဖေါက်ယူခြင်း တို့ ကြောင့်ဖြစ်သည်။
*- သွေးလှူခြင်းကြောင့် နေထိုင်မကောင်း မအီမလည်ဖြစ်ခြင်း မရှိပါ ။ အကြောင်းမှာ သွေးမလှူမီ ထိုသူ၏ သွေးပေါင်၊ နှလုံးခုန်မှု ၊ အပူချိန် တက်မှု ၊ အစရှိသည်တို့ ကို စစ်ဆေးပြီး သင့်တော်မှသာ သွေးလှူစေပါသည်။ ချွင်းချက် အဖြစ် -အချို့ သူများ သွေးလှူအပြီး သွေးပေါင်ချိန် အနည်းငယ်ကျခြင်း ။ မူးဝေခြင်းများရှိတတ်သည် ။ သို့ ဖြစ်ပါ၍ သွေးလှူပြီး ပြီးချင်း လျှင်မြန်စွာ မတ်တပ်ရပ်ခြင်း မပြုပဲ အချိန်အနည်းငယ်မျှ လဲလျှောင်း အနားယူသင့်သည် ၊
*-တကြိမ်တွင် သွေးပမာဏ များပြားစွာ ဖေါက်ယူခြင်းမရှိပါ ။

သွေးပေးလှူခြင်းမှာ တကြိမ်တွင် ၂၅၀ မှ ၃၀၀ မီလီ လီတာ(စီစီ) မျှသာ ထုတ်ယူခြင်းဖြစ်ပါသည် ၊ အနောက်နိုင်ငံများ၏ စံညွန်းဖြစ်ပြီး တချို့ နိုင်ငံများတွင်တော့ ကိုယ် အလေးချိန်ပေါ်တည်ပြီး ၄၀၀ စီစီ အထိ ထုတ်ယူကြပါသည် ။
သွေးတအိတ်တွင် ၅၀၀ စီစီ ရှိသည်ဆိုသော်လည်း၊ ၇၀ မှ ၁၀၀ စီစီ မှာ သွေးမခဲဆေး ဖြစ်သော ဆေးရည် ( Trisodium citrate, Citrate Phosphate Dextrose (CPD) anticoagulant ) ထဲ့ သွင်းထားခြင်းဖြစ်၍ လိုအပ်သော သွေးပမာဏမှာ ၄၀၀ စီစီ မျှသာ ဖြစ်ပါသည် ။ ပုံမှန်လူတဦးအတွက် ၄င်းသွေးပမာဏအား ရက် အနည်းငယ် အတွင်း ခန္ဓာကိုယ် ရိုးတွင်းခြင်ဆီ မှအလိုအလျှောက် ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါသည်။
သွေးရည်ကြည် ကို ၂ ရက်မှ ၃ ရက်အတွင်း ၊ သွေးနီဥကို ၂၅ ရက်မှ ၅၉ ရက်အတွင်း ပြန်လည်ဖြည့်ဆည်း ပေးနိုင်ပါသည်။
*-သွေးဖေါက် ရာတွင် အလွန် အမင်း နာကျင် မည်လား ။

သွေးထုတ်ယူသော အပ်မှာ 18 gauge အရွယ်အစားဖြစ်ပြီး သာမန် ဆေးထိုးအပ်ထက် အနည်းငယ် ပို၍ ကြီးပါသည် ။ သို့ အတွက် ပိုပြီး နာကျင်မည်တော့ မဟုတ်ပါ ။ သွေးလိုအပ်နေသော လူမမာ များ၏ ဝေဒနာ နှင့်စာလျှင် မပြောပလောက်ပါ ။ ကျောက်ကပ်ဆေးနေရသော လူမမာများမှာ တပါတ်လျှင် ၃ ကြိမ် ၊ ၁ကြိမ်မှာ ထိုထက်ကြီးသော အပ် 16 gauge ဖြင့် ၂ နေရာတွင် အဖေါက်ခံပြီး ကုသမှုခံယူနေကြရပါသည် ။ အချို့ သွေးရောဂါသည်များ ၊ ကင်ဆာရောဂါသည် များမှာလည်း ထိုအပ်ကြီးများဖြင့် မကြာခဏ ထိုးဆွခြင်း ခံယူနေကြရပါသည်။ ဤသို့  စာနာကြည့်ခြင်းဖြင့် သင့်နာကျင်မှုကို လျှော့နည်းစေပါမည် ။ သွေးလိုနေသူများ၏ အသက်ကို သင် ကယ်တင်နိုင်လိုက်ပြီဟု ဝမ်းမြောက်စိတ်ပွားခြင်းဖြင့်လည်း နာကျင်မှု နည်းပါးစေနိုင်ပါသည်။
*- သွေးလှူခြင်းဖြင့် အလွန် ဝ လာမည်လား ။

သွေးလှူခြင်းသက်သက် ကြောင့်တော့ ဝ ခြင်းမဖြစ်ပါ ။ သွေးလှူပြီးနောက် အစာအဟာရ အထူးတလည် ဖြည့်တင်းပေးရန်မလိုပါ ။ ပုံမှန်အတိုင်း သင့်တင့်စွာ စားရုံ ဖြင့် လုံလောက်ပါသည် ။ သွေးလှူပြီးနောက် ပို၍ပင် ပေါ့ပါးလန်းဆန်းပြီး နေထိုင်ကောင်းသည် ဟုပင် သွေးလှူဖူးသူများက ပြောကြသည်။
*- ဘယ်လောက်ကြာလျှင် နောက်ထပ်တကြိမ် သွေး လှူနိုင်မည်လည်း ။

နိုင်ငံများ၏ ကျန်းမာရေး ဌာနအလိုက် စံချိန်စံညွှန်းသတ်မှတ်ချက် အနည်းငယ် ကွဲပြားနိုင်ပါသည် ။ အကြမ်းအားဖြင့်ဆိုရလျှင်..
Whole Blood လှူသူများ အနည်းဆုံး ၅၆ ရက်ခြားလျှင် နောက်တကြိမ် လှူနိုင်သည် ။
Plasma သွေးရည်ကြည် လှူသူများ ၄၈ နာရီ ခြားပြီး နောက်ထပ်တကြိမ် လှူနိုင်သည်။ ( တပါတ်လျှင် ၂ကြိမ်မျှ လှူနိုင်သည်။ )။
သွေးဥမွှား Platelet လှူသူများ တစ်နှစ်လျှင် အများဆုံး ၂၄ ကြိမ် ထိ လှူနိုင်ပါသည် ။( တစ်လ လျှင် ၂ ကြိမ် နှုန်း ထိ)
***သို့ ပါ၍ သွေးလှူ ခြင်းအား ကြောက်စရာ မလိုပါ ***

"သင့်သွေး တစ်စက်ဖြင့် အသက်ကယ်ပါ" {"သင့်သွေးတစ်စက်ကြောင့် အသက်မဆုံးရှုံးပါစေနှင့်"}

ကမ္ဘာ့သွေးလှူရှင်များနေ့(ဇွန်လ ၁၄) 

ထူးမြတ်သောသွေးလှူခြင်း

သူတပါးကို ကောင်းမွန်ချမ်းသာစေလိုသော မေတ္တာစိတ် စေတနာ ကို အရင်းခံ၍ မိမိပိုင်ဆိုင်သည့် ပစ္စည်းဝတ္ထုကို ပေးကမ်းစွန့်လှူ ခြင်းကို ဒါနဟုခေါ်ပါသည်။ ဒါနသည် လောဘ၊ မစ္ဆရိယတရား ဆိုးတို့ကို တော်လှန်နိုင်ခြင်း၏ အောင်ပွဲဖြစ်သည်။ ဒါနသည် ဘ၀ ခရီးလမ်းကြောင်း သံသရာရိက္ခာအတွက် စုဆောင်း ပျိုးထောင် သည့် စရိတ်လည်းဖြစ်ပါသည်။ ကောင်းသောအကြောင်းကံသည် အခါအခွင့်သင့်ချိန်မှာ ကောင်းသောအကျိုးဆက်ကိုသာ ပေးမြဲ ဖြစ်ပါသည်။ ယခုချမ်းသာပြည့်စုံနေကြသူများသည် ယခင်က ပြုလုပ်ခဲ့ကြသော ဒါနကုသိုလ်ကံများ၏ အကျိုးဆက်ကို ခံစား နေကြသူများ ဖြစ်ကြသည်။ ဘုရားအလောင်း တော် စသော သူတော်ကောင်းများသည် ဒါနပါရမီကို အရင်းခံ၍ အခြားပါရမီ တို့ကိုလည်း ဖြည့်ကျင့်မြဲ ဖြစ်သည်။

လှူဒါန်းရာတွင် သူတစ်ပါး (သို့) အများ အတွက် အသုံးဝင်မည့်ပစ္စည်း၊ အကျိုးများမည့် ပစ္စည်း များကိုသာ အစဉ်အလာအားဖြင့် လှူဖြစ်ကြပါသည်။ ယခုခေတ်တွင် အနောက်တိုင်းဆေးပညာ အကျိုး
ပြုမှုကြောင့် ကျွန်ုပ်တို့ အားလုံးအတွက် အလှူဒါနနယ်ခွင်မှာ ကျယ်ဝန်းလာပါ သည်။ ရှေးကဆိုလျှင် လူတစ်ဦး သည် မိမိ ကိုယ်အင်္ဂါ အစိတ်အပိုင်းကို တစ်ပါးသူအား စွန့်လှူလိုသည့် စေတနာ ပင်ဖြစ်စေကာမူ ယင်းအလှူ ကို ထမြောက်အောင် စွမ်း ဆောင်ပေးမည့် ကုသရေးဆိုင်ရာများ ရှားပါးခဲ့ပါသည်။ ယခုခေတ် တွင်မူ စေတနာ ထက်သန်သူတို့သည် မိမိ၏ ကိုယ်အင်္ဂါအစိတ် အပိုင်းတို့ကိုပင် အန္တရာယ်ကင်းပြီး အကျိုး ရှိစွာဖြင့် ဒါနဥပပါရမီ မြောက်အောင် လှူဒါန်းနိုင်ကြပြီ ဖြစ်ပါ သည်။ မျက်မှောက်ခေတ် တွင် သွေးအလှူ,သွေးရည်ကြည် အလှူ, မျက်ကြည်လွှာအလှူ, ကျောက်ကပ်အလှူ, နှလုံး အလှူ စသည်များသည် နေ့စဉ် လုပ်ငန်းသဖွယ်ပင် ဖြစ်နေပါပြီ။
ဤဆောင်းပါး၏ရည်ရွယ်ချက်မှာ
၁။ အလှူရှင်များသည် မိမိတို့၏ လှူခဲလှစွာသော ဥပပါရမီ မြောက်သည့်အလှူတို့၏ မွန်မြတ်လှသည့်အဖြစ်ကို သိရှိပြီး ၀မ်းမြောက်ကြစေရန်၊ ၂။ အလှူရှင်များသည် လှူဒါန်းရာတွင် သာလွန်၍မြတ်သော အလှူဖြစ်မြောက်စေရန် ပြင်ဆင်နိုင်ကြောင်းကို သိရှိစေရန် တို့ဖြစ်ပါသည်။
၃။ ဤအချက်တို့ကိုဖေါ်ပြရာတွင် သွေးလှူခြင်းကို အခြေ ပြု၍ တင်ပြထားသော်လည်း အခြားသော အလှူများ အတွက်လည်း ဉာဏ်ယှဉ်၍ ဆောင်ရွက်နိုင်ပါသည်။
သွေးလှူရာတွင်ထမြောက်သောဒါနများ
သွေးလှူရှင်တိုင်းတွင် ဖြစ်ထွန်းထမြောက်သော ဒါနအစု အလှူအမျိုးများကိုသိရှိရ၍ ၀မ်းမြောက် ကြစေလို ပါသည်။
သွေးလှူရှင်သည် သွေးလှူမည်ဟု အစပျိုး၍ ရည်ရွယ် ခြင်းသည်ပင်လျှင် စေတနာဒါန ဖြစ်မြောက်ပြီး ဖြစ်ပါသည်။ အမှန်တကယ်လှူဖြစ်လျှင် ၀တ္ထုဒါန ဖြစ်သော အာမိသဒါန ဖြစ်ပြန် သည်။ မိမိ အသက်ရှိစဉ်မှာပင် လှူရ သဖြင့် သဇီဝဒါန ဖြစ်သည့် အပြင်၊ မိမိမျက်မှောက်၌ လှူရ သော ပစ္စက္ခဒါန နှင့် မိမိကိုယ်တိုင် လှူရသော သာဟတ္ထိက ဒါန တို့လည်း မြောက်ပြန်ပါသည်။ မိမိ ကိုယ်၏ အစိတ် အပိုင်းဖြစ်သော အသက် သွေးကိုလှူရသော ဤ အဇ္ဈတ္တိက ဒါနသည် မကျန်းမာ သူတစ်ဦးအတွက် မိမိအလှူဖြင့် ချီးမြှောက် ထောက်ပံ့ သော အနုဂ္ဂဟဒါန အဖြစ်ဖြင့်၎င်း၊ လူမမာ ၏ အသက်ချမ်းသာခြင်း ဘေးကင်းခြင်းတို့ကို ဖြစ်စေသော ဇီဝိတ ဒါန ၊ အဘယဒါန အဖြစ်ဖြင့်၎င်း မလွဲ ဧကန်ထင်ရှားလှပါသည်။ ဤကဲ့သို့မေတ္တာယှဉ်၍ အလှူခံဖြစ်သော လူမမာ၏
အကျိုးကိုလိုလားလျက်လှူရသော ဤဒါနသည် အပြစ် ကင်းသော အန၀ဇ္ဇဒါနမျိုး ဖြစ်ပါသည်။ ကောင်းမြတ်သည့် လှူဖွယ်တို့တွင် တန်ဖိုးရှိလှသော ဤအသက်သွေးကို ပေးလှူခြင်းသည် မွန်မြတ် လှသော ပဏီတဒါန အမှန် မြောက်ပါသည်။ ထို့ကြောင့်သွေးလှူ ခြင်းသည်တရားနှင့် လျော်စွာ ပေးလှူထိုက်, ပေးလှူအပ်လှသော ဒါနမျိုး ဖြစ် ပါသည်။
လှူရန်ဝတ္ထု , အလှူခံပုဂ္ဂိုလ်
အလှူတစ်ခုထမြောက်ရန် (၁) အလှူရှင်၊ (၂) လှူလို သောစေတနာ၊ (၃) လှူရန်ဝတ္ထု၊ (၄) အလှူခံပုဂ္ဂိုလ်တို့ ပြည့်စုံကြ ရပါသည်။ သွေးဟူသော လှူရန်ဝတ္ထု (လှူ ဖွယ်)သည်အလှူခံသူ လူမမာအတွက် အမှန်တကယ် လိုအပ်လှသော၊ လှူသင့် လှူထိုက်လှသော၊ သန့်ရှင်းသော လှူဖွယ်ပစ္စည်း ဖြစ်ပါသည်။ သဘောထားကြီးစွာဖြင့် မိမိ ကိုယ်တွင်းမှ ထုတ်ယူပေးလှူသော အသက်သွေးသည် မွန်မြတ်လှသော လှူဖွယ်ပစ္စည်းလည်း ဖြစ်ပါ သည်။ လူမမာဖက်မှ သုံးသပ်ကြည့်လျှင် ဤသွေးသည် မိမိ အတွက် အသက် ရှည်ခြင်း ဆုလာဘ်ကြီး တစ်ခုပင် ဖြစ်နေသည့် အပြင် မိမိနှင့် အသင့်လျော်ဆုံးသော အသက်ကယ် အာဟာရ အားဆေးကြီးဟူ၍လည်း ဆိုနိုင်ပါသည်။ မိမိ၏ ကျန်းမာရေး အတွက် အသက်သွေးကိုပင် ဖောက်၍လှူသူ ရှိပေသည်ဟူ၍ ၀မ်းမြောက် အားတက်ဖွယ် စိတ်ဓါတ်အားဆေးဟုလည်း ဆိုနိုင်ပါ သည်။ လှူဒါန်မည့် သွေးကို ရှာဖွေမရ၍့ ဖြစ်ပေါ်ရမည့် စိတ်ဆင်း ရဲခြင်းကိုလည်း လွန် မြောက် စေပါသည်။ သွေးအလှူခံ ပုဂ္ဂိုလ် များတွင် အလှူရှင်က သိခွင့်ရ သော လူမမာများရှိသလို သိခွင့် မရလိုက်သူများလည်း ရှိပါ မည်။ သွေးဘဏ်များတွင် သွေးလှူ ပါက မိမိ၏သွေးသည် မည်သည့်ဆေးရုံတွင် မည်သည့် လူမမာ အား ပေးလှူရမည် ကိုပင် မမှန်းဆနိုင်ပါ။ အလှူခံအပေါ် ပုဂ္ဂိုလ် စွဲ ပယ်ဖျောက် ၍ အသုံးလိုသူ အတွက်သာဟု သဘောထား နိုင်လျှင် စေတနာ ပို၍ပင် သန့်စင်နိုင်ပါမည်။ မိမိ လှူလိုက်ရ သည့် သွေးဖြင့် အသက်ဘေးမှကင်းစေခြင်း၊ ရောဂါသက်သာ ပျောက်ကင်းစေခြင်း၊ ကျန်းမာလန်းဆန်းစေခြင်းစသော မွန်မြတ် သော ရည်ရွယ်ချက်တို့ကိုသာဦးတည်ပြီး ပုဂ္ဂိုလ်စွဲကို ပယ်ဖျောက် နိုင်ပါသည်။ လှူလိုစိတ်ကြောင့်ပင် မိမိ၏ သွေး(လှူဖွယ်ပစ္စည်း) ကို လောဘဖြင့် စွဲလမ်းတွန့်တိုခြင်း မစ္ဆရိယအကုသိုလ် ကင်းပြီး ဖြစ်ပါသည်။
မြတ်သောအလှူ
သွေးလှူခြင်းသည် မေတ္တာ, ကရုဏာ ကုသိုလ်ဓါတ် တို့ကို ကာယကံမြောက် ပွားများလိုသူတို့ အတွက် လက်တွေ့ ဖြည့်ကျင့်ရမည့် ဒါနဥပပါရမီကျင့်စဉ်တစ်ရပ် ဖြစ်ပါသည်။ အမြတ်ဆုံးအလှူ ဖြစ်မြောက် ရန်အတွက် အလှူရှင်သည် မှန်ကန်သောအသိ ဥာဏ်အမြင်ယှဉ်လျက် မိမိ၏စိတ်ကို ကောင်းစွာ ပြင်ဆင် ရပါမည်။ အလှူရှင်က သီလသန့်စင်နေပြီး မေတ္တာနှင့်ယှဉ်သော စိတ်စေတနာ ကောင်းဖြင့် ၀မ်းမြောက် ၀မ်းသာစွာ ပေးလှူပါလျှင် မြတ်သောအလှူ ဧကန်ဖြစ်ပါသည်။
ဒါနတွင်ဥာဏ်ယှဉ်
်ကံ+ကံ၏အကျိုးကို သိမြင်ယုံကြည်သောဉာဏ် ဖြင့် ပြုသောကြောင့် ဖြစ်လေရာဘ၀တွင် တိဟိတ် ပဋိသန္ဓေအကျိုး ကို ပေးသဖြင့် ဉာဏ်ပညာထက်မြက်သူ (၀ါ) တရားထူးရနိုင်သူ ဖြစ်ရသည်။ (ဒါနကောင်းမှု) ကံကြောင့် အကြောင်းအားလျော် သော အကျိုး (ကောင်းကျိုး)က ဖြစ်ပေါ်လိမ့်မည်ဟု ယုံကြည်ဖို့ လိုပါသည်။ ဤသို့ယုံကြည် ခြင်းသည် စစ်မှန်သောသဒ္ဓါတရား ဖြစ်ပါသည် ။ သဒ္ဓါရှိသူ ၏ကံသည် ပို၍ထက်မြက်ပါသည်။
အလှူခြင်းတူသော်လည်း အသိ,ခံယူချက်,ယုံကြည်ချက် ဉာဏ်နှင့် စိတ်ထားတို့အပေါ်တွင် မူတည်ပြီး ဒါနအမျိုးမျိုး ကွဲပြားကြရပါသည်။ ၁။ကံ+ကံ၏အကျိုးတို့ကို သိမြင်ယုံကြည်၍လှူလျှင် ဉာဏ သမ္ပယုတ္တဒါန၊ ကံ+ကံ၏အကျိုးတို့ကိုမသိမြင်မယုံကြည်ဘဲလှူလျှင် ဉာဏ ၀ိပ္ပယုတ္တဒါန၊
၂။ ၀ဋ်ဆင်းရဲကင်းရာ နိဗ္ဗာန်ကိုတောင့်တ၍လှူလျှင် ၀ိဝဋ္ဋ နိဿိတဒါန၊၀ဋ်ဆင်းရဲမကင်းသော လူနတ်ဗြဟ္မာ ချမ်းသာ တို့ကို တောင့်တ ၍လှူလျှင် ၀ဋ္ဋနိဿိတဒါန၊
၃။ လောကုတ္တရာမဂ်ဖိုလ်ကို ရည်ရွယ်၍လှူလျှင် ဘုဇိဿ ဒါန၊လောကီစည်းစိမ်ချမ်းသာကို တောင့်တ၍လှူလျှင် ဒါသဒါန၊
၎။ တဏှာ ဒိဋ္ဌိတို့ဖြင့်မသုံးသပ်ဘဲလှူလျှင် အပရာမဋ္ဌဒါန၊
ဒိဋ္ဌိတို့ဖြင့်သုံးသပ်၍လှူလျှင် ပရာမဋ္ဌဒါန၊
၅။ တစ်ဦးတစ်ယောက်က မတိုက်တွန်းဘဲ မိမိ၏ စေတနာ
ရင်းဖြင့်လှုလျှင် အသင်္ခါရိကဒါန၊ တစ်ဦးတစ်ယောက်က တိုက်တွန်း၍လှူလျှင် သသင်္ခါရိကဒါန၊
၆။ စိတ်ရွှင်ကြည်နူးစွာလှူရလျှင်သောမနဿဒါန၊ ၀မ်းသာဝမ်းနည်းခြင်းမရှိဘဲလှူရလျှင် ဥပေက္ခာဒါန၊ စသည်ဖြင့် ဒါနကံအမျိုးမျိုး ကွဲပြားကြသဖြင့် အကျိုးအမျိုး မျိုးလည်း ကွဲပြားကြရသည်။
ဒါနတွင်သီလယှဉ်
သွေးမလှူမီ အချိန်ရလျှင် ငါးပါးသီလကို ဆောက် တည်သင့်ပါသည်။ အချိန်မရလျှင် “တပည့်တော်သည်သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလကို ဆောက်တည် ပါ၏ “ဟု စိတ်ဖြင့်၎င်း နှုတ်ဖြင့်၎င်း ဆောက်တည်နိုင် ပါသည်။ သီလ တည်သူ ၏အလှူသည် အကျိုးကြီးမားသည့်အပြင် သီလကြောင့် ယခုဘ၀ နောင်ဘ၀များတွင် အသက်ရှည် ခြင်း ကျန်းမာခြင်း စသည်တို့ဖြင့် ပြည့်စုံ နိုင်ကြပါသည်။
ဒါနတွင်မေတ္တာယှဉ်
မိမိဒါနကိုအကြောင်းပြု၍ သီလဆောက်တည်ပြီး နောက် ဘာဝနာကုသိုလ်ပါ တိုးပွားပါက ပို၍ ထူးမြတ်လာ ပါမည်။ သွေးမလှူမီနှင့် လှူဆဲတွင် သတ္တ၀ါများအား မေတ္တာပို့သင့်ပါသည်။ သွေးအလှူခံသည့် ပုဂ္ဂိုလ်ကို သိနေ ပါက ထိုသူအားလည်း မေတ္တာပို့လွှတ်နေနိုင်ပါသည်။ မေတ္တာ ကရုဏာဓါတ်၏သတ္တိဖြင့် မိမိလှူသောသွေး၏ သြဇာအာနိသင် ထက်မြက်နိုင်သည့်အပြင် လူမမာတွင် လည်း ၄င်းမေတ္တာစွမ်းအား ကြောင့် ဘေးရန်ကင်း၍ ကိုယ်စိတ်ကျန်းမာခြင်းတို့အတွက် အထောက်အပံ့ ဖြစ်စေနိုင်ပါသည်။ မိမိတွင် လည်း မေတ္တာစိတ်ဖြင့် မြင့်မြတ်စွာ နေရသည် ဖြစ်၍
ကုသိုလ်တရားတိုးပွာရပါသည်။ မေတ္တာ, ကရုဏာ တရား တို့က ရက်ရောစွာလှူသည့် စိတ်စေတနာ သဒ္ဓါတရားကို အားပေးပြန်ပါသည်။ ထို့ကြောင့် သွေးလှူရှင် တိုင်းသည် အချိန်ယူ၍ မေတ္တာပွား သင့်ပါသည်။
စေတနာ၏အကျိုးဆက်
စေတနာဟူသည် ကံတရားပင် ဖြစ်ပါသည်။ သွေးလှူ ရှင်သည် မေတ္တာ ကရုဏာဦးစီးသော စေတနာ၏ စေ့ဆော်ချက် ဖြင့် မိမိသွေးလှူရတော့မည်၊ အသက်ကယ်ရ တော့မည်၊ လူသား တစ်ဦး၏ ရောဂါ ကို သက်သာ ပျောက် ကင်းစေရတော့မည်ကို မလှူမီကပင် ၀မ်းမြောက်နေသော ပုဗ္ဗစေတနာ တို့ကို များစွာ ဖြစ်သင့်ပါသည်။ မိမိ၏ မွန်မြတ် သောအလှူအတွက် သွေးလှူ နေစဉ်တွင် ၀မ်းမြောက်နေ သော မုဉ္စစေတနာ များကို များများ ဖြစ်စေသင့်ပါသည်။ ဤအချိန်တွင် မေတ္တာ, ကရုဏာ, ရက်ရော စွာ ပေးလှူချင် သော ဆန္ဒမွန်တို့ အပြန်ပြန်အထပ်ထပ် ကျေးဇူး ပြုကြပြီး ကုသိုလ်များစွာ တိုးပွားရပါသည်။ မွန်မြတ်လှသော သွေး အလှူ ထမြောက်အောင်မြင်သောအခါ အားရ၀မ်းမြောက် နေသော အပရစေတနာကို ကြိမ်ဖန်များစွာ အောက်မေ့ရပါမည်။ အပရစေတနာပွားတိုင်းအမှန်တကယ်လှူနေရသကဲ့သို့ပင် ကုသိုလ်များ တိုးပွား သည့် စာဂါနုဿတိ တစ်မျိုး ဖြစ်ပြန်ပါသည်။ပုဗ္ဗစေတနာကြောင့် ပထမအရွယ်တွင် ကြီးပွား ချမ်းသာ ခြင်း၊ ပစ္စည်းဥစ္စာတို့ကို ကောင်းစွာ ရှာဖွေ နိုင်ခြင်း အကျိုးကို ဖြစ် ထွန်းစေသည်။ မုဉ္စစေတနာကြောင့် ဒုတိယ အရွယ်၌ ချမ်းသာ ခြင်း၊ ရှာဖွေရထား သော ပစ္စည်းများကို စုဆောင်းမိခြင်းအကျိုးကို ရရှိစေနိုင်ပါသည်။ အပရ စေတနာကြောင့် တတိယ အရွယ်၌ ချမ်းသာရခြင်း၊ မိမိ၏ ပစ္စည်းများကို ကောင်းစွာ သုံးစွဲခံစားရခြင်း အကျိုးများကို ဖြစ်ပေါ်စေနိုင် သည်။ လှူသည့်အခါတွင် အလှူ နှင့် သက်ဆိုင်သည့် စေတနာ သုံးတန် ဖြစ်နေရပါမည်။
(လှူပြီးလျှင် ၀ိပဿနာပွားလိုက ပွားနိုင်ပါသည်။ လှူနေစဉ်မှာ ရုပ်နာမ်သဘောကို ဆင်ခြင်နေလျှင် သဘာဝမကျပါ။ လှူနေစဉ် မှာ ၀မ်းမြောက် ကြည်နူးနေခြင်း ဒါနကိစ္စသာ ဖြစ်သင့်ပါသည်)
တောင်းဆုရည်သန်
ဆုတောင်းခြင်းသည်မိမိ၏ရည်မှန်းချက်ပန်းတိုင်ကိုဦးတည်ချိန်ရွယ်ပေးခြင်းဖြစ်သည်။ ဆုတောင်း ကို ကံ၊ပါရမီလုပ်ဆောင်ချက်များဖြင့် အကောင်အထည်ဖေါ်၍ ဖြည့်ဆည်းပေးရပါမည်။ ကောင်းမှု များ ပြုလုပ်ပြီးတိုင်းလည်း မိမိ၏ ရည်ရွယ်မြော်မှန်းချက် ခိုင်မာစေရန် ထပ်မံ၍ ဦးတည် ဆုတောင်း ပေးရပြန် သည်။ လူတို့သည် မိမိတို့၏တောင့်တချက်၊ အသိဉာဏ်၊ ဗဟုသုတ အလျောက် မိမိတို့ အလိုရှိရာကို ဆုတောင်းလေ့ ရှိကြပါ သည်။ ကုသိုလ် အကုသိုလ်ကံတို့သည် အကျိုးပေး အလှည့်အားလျော်စွာ သံသရာ တစ်လျှောက်လုံးမှာလိုက်၍ အကျိုးပေးကြပါသည်။ သွေးလှူသည့် ကုသိုလ်ကံသည် သံသရာဘ၀များစွာ အတွက် ရိက္ခာကောင်း ဧကန်အမှန် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် သမ္မာဒိဋ္ဌိ အယူရှိသူတို့သည် အမြတ်ဆုံး ပန်းတိုင်ဖြစ်သော ဒုက္ခငြိမ်းရာ နိဗ္ဗာန်တရား မြတ်ကို လိုလားတောင့်တ စိတ်ညွတ်၍ တောင်းဆု ပြုနိုင် ကြပါသည်။ နိဗ္ဗာန် ဗောဓိဉာဏ်ကို တောင့်တ၍ ကုသိုလ် ပြုလျှင် ပါရမီမြောက်ပါသည်။ ၄င်းကြောင့် တစ်ချိန်တွင် နိဗ္ဗာန်ကို ရစေကြောင်း အကျင့်မှန် သတိပဋ္ဌာန်ကို ကြိုးစား ပွားများ၍ အရိယာအဖြစ်ကို ရရှိနိုင်ပါမည်။ ဤသို့ လောကုတ္တရာ နိဗ္ဗာန် ချမ်းသာကို ဆုပန်သော်လည်း အကြောင်းအားလျော်သော လောကီ ချမ်းသာများကိုလည်းရရှိစေနိုင်သည်သာ။ မိမိလိုရာ လောကီချမ်းသာကိုလည်း ဆုတောင်းနိုင်ပါသည်။ အပြစ်မရှိပါ။
ကုသိုလ်ဆင့်ပွား
သွေးအလှူရှင်သည် မွန်မြတ်လှသော အလှူဖြင့် မိမိ ဆည်းပူးရမိသော ကုသိုလ်များစွာတို့ကို မိဘနှစ်ပါး အစ ထား၍ အခြားသူ, ပုဂ္ဂိုလ်အနန္တတို့အားလည်း မိမိနှင့်ထပ်တူ ထပ်မျှ ကုသိုလ်များရရှိစေရန် ဝေမျှ သင့် ပါသည်။ သွေး ဒါနကြောင့် ဖြစ်သောကုသိုလ်ကို ထပ်ဆင့်၍ ပေးလှူဒါန ပြုခြင်း (၀ါ) အမျှဝေခြင်း ပတ္တိဒါနကြောင့် ၀မ်းမြောက်စွာ သာဓုခေါ်သူတို့က ကောင်းမှုအကျိုးကို ရရှိနိုင် ကြပါသည်။ မိမိ၌လည်း ကုသိုလ် ထပ်ဆင့်၍ တိုးပွားရပြန်သည်။ သံသရာရိက္ခာအဖြစ် ကုသိုလ် များများ စုဆောင်းနိုင်ကြ ပါစေ။
သွေးသည်ဒါန
သွေးလှူရှင်တို့သည် ဒါနဥပပါရမီမြောက်အောင် လှူဒါန်းနိုင်ကြပါသည်။ ရှေးဦးစွာ မိမိတွင် ကံ၊ ကံ၏အကျိုး ကို ယုံကြည်သော ဉာဏ်(သဒ္ဓါတရား)နှင့်ယှဉ်၍ သီလကို ဆောက်တည် ပြီးလျှင် နိဗ္ဗာန်ချမ်းသာ ဗောဓိဉာဏ်ကို ရည်သန် တောင့်တလျက်၊ လှူဖွယ်ဖြစ်သော မိမိ၏သွေးနှင့် အလှူခံပုဂ္ဂိုလ် တို့ အပေါ်တွင် တွယ်တာခြင်းမရှိဘဲ မိမိ၏ မေတ္တာ၊ ကရုဏာ လှူလိုစိတ်စေတနာနှင့် သဒ္ဓါတို့ကို အရင်းခံ၍ စိတ်ရွှင်ကြည်နူး စွာ ပေးလှူရာသည်။ မိမိ၏ ကုသိုလ်ကိုလည်း အများရရှိစေရန် ကုသိုလ်အမျှ ပေးဝေ ရာသည်။
ပြည့်လျှမ်းသောမေတ္တာ၊ ကရုဏာဖြင့် သွေးလှူရန် သွားနေသော ခြေလှမ်းများသည် ကုဋေတစ်သန်း မျှမက တန်ဖိုး ရှိလှပါသည်။ သွေးလှူဒါန်းမှုအောင်မြင်ပြီး၍ ပီတိ ဖြင့် စိတ်ရွှင် ကြည်နူး အားရ ပေါ့ပါးစွာ လှမ်းလာသော ခြေလှမ်းများသည် ကုဋေကုဋာမကပင် တန်ဖိုးမြင့်သွား ပါသည်။ သွေးလှူရှင်မှာ ဒါနဥပပါရမီ သံသရာရိက္ခာကောင်း များစွာ စုဆောင်းမိပါပြီ။ မြတ်စွာ ဘုရား အလောင်းတော် ဘ၀များစွာက လှူဒါန်းခဲ့သော သွေးတို့သည် မဟာ သမုဒ္ဒရာရေထက်ပင် များနေသေးသည်ဟု ဒေသနာတော် မှာ ဖော်ပြထားပါသည်။ ဤကဲ့သို့ တရား အားလျော်စွာ အကျိုးကြီးမားသည့် ဥပပါရမီမြောက် သွေးလှူခြင်း ဒါနမျိုးကို ကျွန်ုပ်တို့ ဧကန်လှူဒါန်းသင့်ကြ ပါသတည်း။
သွေးသည်အသက်၊ သွေးသည်ဒါန၊ သင့်သွေးဖြင့် အသက်ကယ်ပါ။
အကြိမ်ပေါင်းများစွာ သွေးလှူနိုင်ကြပါစေ။
ဒေါက်တာသိန်းထိုက်
ကျင့်စဉ်မြတ်ဖြင့်ပူဇော်မည်
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက နောက်ဆုံးအထိပါရမီ၊
လူနတ်များစွာ ချမ်းသာရေးမို့ အသက်သွေးနဲ့ဖြည့်ခဲ့သည်။
သတ္တ၀ါတွေ သက်ရှည်ရေးတွက် အသက်သွေးကိုလှူပါမည်။
ဥပပါရမီ ကျင့်စဉ်မြတ်နဲ့ ကျေးဇူးဆပ်လို့ပူဇော်မည်။
နောက်မဆုတ်ပေါင် ခုလိုတွေးလို့ ကုသိုလ်ရေးမို့ကြိုးစားမည်။
သာကီနွယ်(ဓမ္မဗျူဟာ)

သွေးလှူဒါန်းနိုင်ရန်အတွက် လိုအပ်ချက်များနှင့်ရှောင်ရန်များ


လိုအပ်ချက်များ
  • သင်သည် အသက် (၁၅) နှစ် မှ (၅၅) နှစ် အတွင်းဖြစ်ရမည်
  • အမျိုးသားများအတွက် ကိုယ်အလေးချိန် ပေါင် (၁၁၀) နှင့် အထက် ရှိရမည်
  • အမျိုးသမီးများအတွက် ကိုယ်အလေးချိန် ပေါင် (၁၀၀) နှင့် အထက် ရှိရမည်
  • လတ်တလောရောဂါဝေဒနာခံစားမှု့မရှိခြင်း၊ နှာစေး၊ ချောင်းဆိုး၊ ဆေးမှီဝဲမှု့မရှိခြင်း

ရှောင်ရန်များ
  • လွန်ခဲ့သော (၆) လ အတွင်း ဆေးမှင်ကြောင်ထိုးခဲ့ခြင်း၊ နားဖောက်ခဲ့ခြင်း၊ ဆေးအပ်စိုက်ခဲ့ခြင်း
  • ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ခြင်း၊ ဓမ္မတာသွေးလာခြင်း
  • လွန်ခဲ့သော (၁) နှစ် အတွင်း ခွဲစိတ်ကုသမှု့ ခံယူခဲ့ခြင်း
  • လွန်ခဲ့သော (၃) ပတ် အတွင်း ရေခြောက်၊ သွေးလွန်တုပ်ကွေး ကဲ့သို့သော ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့်ရောဂါများ ဖြစ်ခဲ့ခြင်း
  • လွန်ခဲ့သော (၃) ရက် အတွင်း ဆေးဝါးများမှီဝဲခြင်း (ဥပမာ - Aspirin, Ponstan, Antibiotic)


သွေးလှူဒါန်းခြင်းနှင့်ပတ်သက်၍သိသင့်သောအချက်အလက်များ


၁။ သွေးလှူဒါန်းခြင်းဖြင့် ကျွန်ုပ်တွင် သွေးအားနည်းနိုင်ပါသလား
     အကြမ်းဖျင်းအားဖြင့် အရွယ်ရောက်ပြီးသူများတွင် သွေးပမာဏ (၅) လီတာ မှ (၆) လီတာ အထိရှိပါသည်။ သွေးလှူဒါန်းမှု့ တစ်ကြိမ်တွင်
    သွေး (၄၅၀) မီလီမီတာ သာထုတ်ယူပါသည်။ ထုတ်ယူလိုက်သော သွေးပမာဏ သည် (၇၂) နာရီ အတွင်း ပြန်လည်ပြည့်သွားမည်ဖြစ်သည်။
    သွေးအား (Hemoglobin) မပြည့်သူများ သွေးမလှူဒါန်းမိစေရန် စစ်ဆေးမှု့များ ပြုလုပ်ပြီးမှ လက်ခံသဖြင့် သွေးအားမနည်းနိုင်ပါ။

၂။ သွေးလှူဒါန်းခြင်းဖြင့် ကျွန်ုပ်တွင် ရောဂါရနိုင်ပါသလား
    သွေးလှူဒါန်းခြင်းဖြင့် မည်သည့်ရောဂါ မှ ကူးစက်ခြင်း မရှိပါ။ အသုံးပြုနေသောအပ်များ နှင့် ပိုက်များသည် ပိုးသတ်ထားသော တစ်ခါသုံး
    များသာဖြစ်ပါသဖြင့် ရောဂါများ မရနိုင်ပါ။

၃။ သွေးဖောက်ထုတ်ရာတွင် နာကျင်ပါသလား
    သွေးလှူရှင်တိုင်း ပထမအကြိမ်တွင် ကြောက်ရွံတက်ပါသည်။ သို့သော် သွေးဖောက်ထုတ်ရာတွင် အရေပြားအား ဖောက်ချိန်တွင်သာ
    အနည်းငယ် နာကျင်ပါသည်။ ယင်းနောက် နာကျင်မှု့ လုံးဝ မရှိပါ။

၎။ ကျွန်ုပ်သည် သွေးလှူဒါန်းနိုင်အောင် ကျန်းမာပါရဲ့လား
    ဆရာဝန်မှ သွေးလှူဒါန်းခြင်း မပြုမီ ကျန်းမာရေး စစ်ဆေးမှု့ ပြုလုပ်ပါသည်။ ကျန်းမာရေးနှင့်မညီညွတ်သော သွေးများကို လက်မခံပါ။
    သင့်တော်သော လမ်းညွှန်မှု့ ပေးပါသည်။ ထို့ကြောင့် သွေးလှူဒါန်းခြင်းသည် သင့် ကျန်းမျာရေးအား စစ်ဆေးခြင်းလည်းဖြစ်ပါသည်။

၅။ ကျွန်ုပ်သည် သွေးလှူဒါန်းပြီးပါပြီ၊ သို့ပေမယ့် သွေးထပ်မံလှူဒါန်းရန် လိုအပ်ပါသလား
    လူနာများအတွက် နေ့စဉ် သွေး (၁၀၀) ယူနစ် မှ (၁၅၀) ယူနစ် အတွင်း လိုအပ်နေပါသည်။ သွေးလှူရှင်များသည် (၄) လ လျှင် တစ်ကြိမ်
    သာလှူဒါန်းနိုင်ပါသောကြောင့် သွေးလိုအပ်နေသော လူနာများအား အစဉ်သင့် ထောက်ပံ့နိုင်စေရန် အစဉ်ကြိုးပမ်းနေရပါသည်။ ထို့ကြောင့်
    လူနာများအား ကူညီရန် သင့်ကဲ့သို့ အချိန်မှန်မှန် လှူဒါန်းနေကြသော သွေးလှူရှင်များအပေါ် အားကိုးနေရပါသည်။

၆။ သွေးလှူဒါန်းခြင်းဖြင့် ကိုယ်အလေးချိန် တိုးလာနိုင်ပါသလား
    သွေးလှူဒါန်းခြင်းဖြင့် ကိုယ်အလေးချိန် တိုးလာခြင်းများ မဖြစ်နိုင်ပါ။ သင့်အတွက် သေချာပေါက်ရရှိသွားမည်မှာ သွေးလိုအပ်နေသော
    လူနာတစ်ဦးအား ကူညီနိုင်မှု့အတွက် ဖြစ်ပေါ်လာသော ပီတိ သာဖြစ်ပါသည်။

၇။ သွေးအတုများ ရရှိနိုင်ပါသလား
    သွေး ဆဲလ်များအား လုံးဝ အစားမထိုးနိုင်သေးပါ။ လူသားမှ လှူဒါန်းမှသာ သွေးလိုအပ်နေသော ဝေဒနာရှင်များအား ကယ်တင်နိုင်မည်။

၈။ သွေးများ အသုံးပြုရန် ငွေကြေးပေးရပါသလား
    စေတနာရှင် သွေးလှူရှင်များမှ အခမဲ့ လှူဒါန်းထားသောကြောင့် အသုံးပြုရန် ငွေကြေးပေးရန် မလိုအပ်ပါ။ သို့သော် သွေးသွင်း ကုသနိုင်
    သည်အထိရောက်ရန် ပြုလုပ်ခဲ့ရသော သိုလှောင်စရိတ်၊ စမ်းသပ်စစ်ဆေးစရိတ်များအတွက် သုံးစွဲသူများမှ နိုင်ငံတော်နှင့်အတူ မျှဝေကျခံ
    ပေးပါသည်။

၉။ လှူဒါန်းပြီးသော သွေးများအား မည်ကဲ့သို့ ပြုပြင်ပါသနည်း
    ထုတ်ယူပြီးသော သွေးများအား (HIV, Hepatitis, Syphilis) အစရှိသည့် ရောဂါပိုးများအား ဓာတ်ခွဲကျွမ်းကျင် ၀န်ထမ်းများမှ စစ်ဆေးရပါ
    သည်။ ထုတ်ယူပြီးသော သွေးများမှ (၃၀) ရာခိုင်နှုန်း သော သွေးအိပ်များကို (၆) နာရီ အတွင်း သွေးရည်ကြည်၊ သွေးဥမွှာ၊ သွေးနီဥများ
    (Concentrate) အဖြင့် လိုအပ်သလို ခွဲထုတ်ရပါသည်။

၁၀။ သွေးလှူဒါန်းရန်အတွက် အချိန်မည်မျှကြာမည်နည်း၊ မည်သည့်ဆောင်ရွက်ချက်များ ပြုလုပ်ရပါသနည်း
      ပျမ်းမျှအားဖြင့် သွေးဖောက်ထုတ်ရန် အချိန် (၁၀) မိနစ် မှ (၁၅) မိနစ် အတွင်းသာကြာမြင့်ပါသည်။ သို့သော် မှတ်ပုံတင်ခြင်းမှ စတင်၍
      အနားယူပြီးသည့် အချိန်အထိ အချိန် (၆၀) မိနစ် ခန့် လိုအပ်ပါသည်။




ဤသို့သွေးလှူဒါန်းခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးမှာ ခံစားချက်ပီတိသာဖြစ်ပါသည်။ ထို့အပြင် သွေးလှူခြင်းအားဖြင့် လူ့လောကတွင် လိုအပ်နေသော ကွက်လပ်များ၏တစ်ခုကို ဖြည့်ဆည်းပေး ရာ ရောက်ပါသည်။ သွေးသည်ယခုအချိန်အထိ အတုလုပ်၍ မရသေးပါ။ အလှူရှင်မှ လှူဒါန်းမှသာ လျှင် လူနာများအတွက် သွေးကိုရရှိနိုင်ပါသည်။ လူသားချင်း မကယ်တင်လျှင် ကယ်တင်မည့် သတ္တ၀ါဟူ၍ ဤကမ္ဘာတွင် မရှိပါ။
ထို့ကြောင့် လူသားတစ်ယောက်ဖြစ်သောမိတ်ဆွေသင်လည်း သွေးလိုအပ်ချက်ဆိုသည့် ကွက်လပ် ကိုဖြည့်ဆည်းပေးခြင်းအားဖြင့် လူသားတို့၏ အသက်ကိုကယ်တင်သည့် အဓိကစွမ်းဆောင်ရှင် ဖြစ်သွားပါမည်။ ထို့ကြောင့် သင့်သွေးဖြင့် လူသားတို့၏အသက်ကိုကယ်တင်ပါ။


Blood Fact
  1. လူ့ခန္ဓာကိုယ်အလေးချိန်၏ ၇ ရာခိုင်နှုန်းမှာ သွေးများဖြစ်သည်။

  1. ပျမ်းမျှပုံမှန်အလေးချိန်ရှိသော အရွယ်ရောက်ပြီးသူများတွင်မူ ခန္ဓာကိုယ်အလေးချိန်၏ 10 to 12 unit ခန့်ရှိတတ်ကြသည်။

  1. မွေးကာစကလေးများ၏ ခန္ဓကိုယ်တွင် သွေးပါဝင်မှု ခန့်မှန်းခြေ တစ်ပုလင်းခန့်သာရှိသည်။

  1. ကမ္ဘာ့လူဦးရေ၏ ခြောက်ဆယ်ရာခိုင်နှုန်းမှာ သွေးလှူရန်သင့်လျော်သောအခြေအနေတွင်ရှိသော်လည်း ငါးရာခိုင်နှုန်းခန့်သာ သွေးလှူဒါန်းကြသည်။

  1. သွေးသည် ရောဂါဝင်ရောက်မှုကို ဟန့်တားပေးပြီး ဒဏ်ရာအနာတရဖြစ်ခြင်းကို လျှင်မြန်စွာပြန်လည်ကောင်းမွန်လာစေသည်။

  1. သွေးအမျိုးအစားလေးမျိုးရှိပြီး ၄င်းတို့မှာ A ၊ B ၊ AB နှင့် O သွေးတို့ဖြစ်ကြသည်။

  1. ၁၀ ယောက်မှာ သွေးစစ်ရင်၊ ၉ ယောက်လောက်ဟာ ရောဂါပိုးရှိတဲ့လူတွေဖြစ်နေတတ်တယ်။ ဒါကြောင့် ၁၀ ယောက်မှာ ၁ ယောက်သာ သွေးလှူဒါန်းမှုကို ကောင်းစွာ အကောင်းဆုံးလှူဒါန်းနိုင်ကြသည်။

  1. စံနှုန်းမြင့်သွေးသည် လူပေါင်းများစွာ၏ အသက်ကိုကယ်တင်နိုင်စွမ်းရှိသည်။

  1. စံနှုန်းမြင့်သွေးသည် ခန္ဓာကိုယ်အစိတ်အပိုင်းများစွာသို့ ဖြန့်ဝေပေးနိုင်သည်။ (red blood cells, white blood cells, plasma, platelets and cryoprecipitate).

  1. သွေးနီဥအုပ်စုသည် အောက်ဆီဂျင်ကို ခန္ဓာကိုယ်မှအစိတ်အပိုင်းများနှင့် တစ်ရှူးများသို့ ပို့ဆောင်ပေးသည်။

  1. Platelets များသည် သွေးခဲစေရန်ကူညီပြီး သွေးကင်ဆာနှင့် အခြားကင်ဆာ ဝေဒနာရှင်များအား အသက်ရှင်ခွင့် ရရှိစေရန် အခွင့်အရေးပေးသည်။

  1. သွေးစက် ၂ စက်မှ ၃ စက်တွင် သွေးနီဥ cells များ တစ်ကုဌေ (တစ်ဘီလီယံ) ခန့်ပါဝင်သည်။

  1. လူ့ခန္ဓာကိုယ်၏ ရိုးတွင်းခြင်ဆီသည် သွေးနီဥဆဲလ်များ၊ သွေးဖြူဥဆဲလ်များ၊ platelets များဖြင့် ဖွဲ့စည်းထားသည်။

  1. သွေးနီဥဆဲလ်များသည် သွေးလည်ပတ်မှု စနစ်တွင် ရက်(၁၂၀) ခန့် သက်တမ်းကြာရှည်ခံသည်။

  1. လက်ခံရရှိသော သွေးနီဥဆဲလ်များကို ၄၂ ရက်အတွင်း အသုံးပြုရမည်။

  1. လက်ခံရရှိသော platelets များကို ၅ ရက်အတွင်း အသုံးပြုရမည်။

  1. Plasma များကို အအေးခံထားပါက၊ ၁ နှစ်အထိကြာရှည်၊ အသုံးပြုနိုင်သည်။

  1. ကျမ်းမာသန်စွမ်းသော ရိုးတွင်းခြင်ဆီသည် သွေးနီဥဆဲလ်များ၊ plasma, platelets များကို အစဉ်မပြတ်ထောက်ပံပေးနေသည်။

  1. သွေးနီဥအားနည်းသော လူနာအချို့အား သူတို့၏ သံဓါတ်အားဖြည့်ရန်သွေးသွင်းပေးရမည်။

  1. ယာဉ်မတော်တဆမှုကြုံတွေ့သူများ၊ သွေးဆုံးရှုံးမှု ပမာဏ များသူတို့သည် သွေးနီဥ ဆဲလ် ယူနစ် (၅၀) နှင့် အထက် သွေးသွင်းရန်လိုအပ်သည်။

  1. Plasma သည် ပရိုတင်းဓါတ်၊ ရေနှင့်ဆားတို့ ပေါင်းစပ်ထားပြီးအ၀ါရောင် ဖျော့သောအရောင်ရှိသည်။

  1. Plasma သည် ရေ ၉၀ ရာခိုင်နှုန်းပါဝင်ပြီး၊ သွေးပမာဏ ၅၅ ရာခိုင်နှုန်းပါဝင်သည်။

  1. Platelets များသည် သွေးထွက်ခြင်းကို ထိန်းချူပ်ရာ၌ ကူညီသော သေးငယ်သည့် သွေးဥဆဲလ်များဖြစ်သည်။

  1. ကင်ဆာရောဂါဝေဒနာရှင်များ၊ ကိုယ်တွင်းအင်္ဂါအစားထိုး ကုသထားသူများ၊ သွေးပျက်ခြောက်ခြားမှုနှင့် ကြုံတွေ့သူများ၊ ခွဲစိတ်မှုခံယူထားသူများသည် platelets သွင်းရန်လိုအပ်သည်။

  1. သွေးဖြူဥဆဲလ်များသည် ရောဂါကူးစက်ခြင်းကို တိုက်ဖျက်ပေးသော ခန္ဓာကိုယ်၏ အဓိကသွေးဥဆဲလ်များဖြစ်သည်။

  1. လူသားတို့၏ သွေးအား အစားထိုးနိုင်မည့်အရာမရှိပါ။

  1. ယနေ့ခတ်၏ ဆေးဝါးကုသမှုများသည် ကျမ်းမာသော သွေးလှူရှင်များထံမှ သွေးလှူဒါန်းမှု ပုံမှန်ရ၇ှိရန် အရေးကြီးသည်။

  1. Volunteer မျးသည် သွေးသွင်းရန် လိုအပ်သော သွေးပမာဏနီးပါး သွေးလှူကြသည်။

  1. 3 စက္ကန့်တိုင်း၌ လူတစ်ဦး သွေးလိုအပ်မှု ဖြစ်ပွားတတ်သည်။

  1. Blood Centre များသည် မကြာခဏ O သွေး နှင့် B သွေးပြတ်လပ်မှု နှင့် ကြုံတွေ့ရတတ်သည်။

  1. နွေရာသီနှင့်ဆောင်းရာသီ၌ သွေးအမျိုးအစားအားလုံး မကြာခဏ ပြတ်လပ်တတ်သည်.

  1. သွေးလှူရှင်အားလုံး တစ်နှစ်လျှင် နှစ်ကြိမ် သွေးလှူပါက သွေးထောက်ပံမှုကို ပိုမို အရှိန်မြင့်နိုင်လိမ့်မည်။

  1. အသက် ၁၇ နှစ်ပြည့်ပြီး ကိုယ်အလေးချိန် အနည်းဆုံး ၅၀ KG ရှိသော ကျမ်းမာရေးကောင်းသူတိုင်း ၅၆ ရက် တစ်ကြိမ်သွေးလှူနိုင်သည်။

  1. သွေးလှူဒါန်းခြင်းဖြစ်စဉ်သည် အဆင့် ၄ ဆင့်ပါဝင်သည်။ ၄င်းတို့မှာ

    • ဆေးမှတ်တမ်း
    • ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း

    • သွေးလှူခြင်း

    • အဟာရ ဖြည့်ခြင်းတို့ဖြစ်သည်။

  1. အလှူရှင်ထံမှ သွေးယူခြင်းသည် (၅) မိနစ်မှ (၁၀) မိနစ်အထိသာ ကြာသည်။ သွေးလှူခြင်းဖြစ်စဉ် process တစ်ခုလုံးသည် စာရင်းသွင်းချိန်မှစ၍ အဟာရဖြည့်ပြီး ထွက်ခွာချိန်အထိ ၄၅ မိနစ်မှ ၁ နာရီအထိကြာနိုင်သည်။

  1. သွေးလှူခြင်းဖြင့် သင်၏ကိုယ်ခံအားကို မထိခိုက်စေပါ။

  1. တစ်ဦးခြင်း သွေးလှူရှင်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအားလုံး မည်သူမဆို သွေးလှူလိုပါက နီးစပ်ရာ Blood Centre ကိုဆက်သွယ်နိုင်ပါသ်ည်။

  1. Aphaeresis သည် သွေးထဲတွင် ပါဝင်သော အစိတ်အပိုင်းများကို တိကျစွာနာမည်တပ်၍ လှူဒါန်းခြင်းဖြစ်သည်။ (ဥပမာ။ platelets များလှူဒါန်းခြင်း)

  1. သွေးလှူဒါန်းခြင်းကြောင့် AIDS နှင့် အခြားသွေးနှင့်ပက်သက်သော ရောဂါများ မရစေနိုင်ပါ။

  1. နှလုံးခွဲစိတ်မှုသည် သွေးနီဥဆဲလ် (၆) ယူနစ်နှင့် platelets (၆) ယူနစ်ပျမ်းမျှ အသုံးပြုသည်။

  1. အသည်းအစားထိုး ကုသသော လူနာသည် သွေးနီဥ (၄၀) ယူနစ်၊ platelets (၃၀) ယူနစ်၊ cryoprecipitate (၂၀) အိပ်နှင့် အေးခဲထားသည့် လတ်ဆတ်သော plasma (25) ယူနစ်ပျမ်းမျှ လိုအပ်သည်။

  1. ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုသည် platelets (20) ယူနစ်နှင့် သွေးနီဥဆဲလ် (20) ယူနစ်ခန့် ပျှမ်းမျှ လိုအပ်သည်။

  1. အရေးပြားလောင်ကျွမ်းမှု ပြင်းထန်စွာခံစားရသူများသည် ကုသမှုခံယူစဉ် platelets (20) ယူနစ် လိုအပ်သည်။

  1. သင်သည် အသက်(၁၇) နှစ်မှ စတင်၍ (၅၆) ရက်တစ်ခါ သွေးလှူပါက အသက် (၇၆) နှစ်ပြည့်လျှင် သင်သည် သွေး ၄၈ ဂါလံ လှူဒါန်းပြီးဖြစ်လိမ့်မည်။

  1. ဆေးရုံတတ်သူ (၁၀)ဦးအနက် (၁) ဦးသည်သွေးလိုတတ်သည်။

  1. သွေးနီဥဆဲလ် သွင်းမှုသည် ပျှမ်းမျှ 3.4 ယူနစ်ဖြစ်သည်။

  1. အမျိုးသမီးများသည် သွေးသွင်းမှု ၅၃ ရာခိုင်နှုန်းရရှိပြီး အမျိုးသားများသည် ၄၇ ရာခိုင်နှုန်းလက်ခံရရှိသည်။

 
Four steps to blood donation

သွေးလှူဒါန်းရေး လုပ်ငန်းအဆင့် (၄)ဆင့်
(၁) မှတ်ပုံတင်ခြင်း
မှတ်ပုံတင် (သို့) သွေးလှူရှင်ကတ် ယူဆောင်လာရမည်။ ကျန်းမာရေးအ တွက် စစ်ဆေးသော မေးခွန်းလွှာများ ဖြေဆိုရပါမည်။သွေးနီအား(Hemo- globin) ပြည့်၊ မပြည့် စမ်းသပ်ပါမည်။

(၂) ကျန်းမာရေး စစ်ဆေးခြင်း
ဆရာဝန်မှ ဖြေဆိုခဲ့သော မေးခွန်းလွှာပါ အချက်အလက်များကို စစ်ဆေးပေး မည်။အချို့ အချက်အလက်များကို သေချာအောင် ပြန်လည်မေးမည်။သွေး ပေါင်ချိန်ခြင်း၊ နှလုံးခုန်မှုများ စစ်ဆေးမည်။

(၃) သွေးလှူဒါန်းခြင်း
အတွေ့အကြုံရှိပြီး သူနာပြုများနှင့် ကျွမ်းကျင်သူဝန်ထမ်းများမှ သွေးထုတ်ယူ မည်။သွေးထုတ်ယူသည့် ပစ္စည်းများ၊ အပ်များသည် တစ်ခါသုံးများသာ ဖြစ် ပါသည်။

(၄) အနားယူခြင်းနှင့် အာဟာရ ပြန်လည်ဖြည့်တင်းခြင်း
သွေးလှူပြီးနောက် (၁၅) မိနစ်ခန့် အနားယူ၍ အာဟာရ အနည်းငယ်ဖြည့် တင်းပြီးမှ သွေးလှူဘဏ်မှ ထွက်ခွာပါ။
What should blood donors know?
သွေးလှူရှင်တိုင်းသိမှတ်စရာ
သွေးလှူရှင်များအား
  • မေးခွန်းလွှာဖြေဆိုစေခြင်း၊

  • ကျန်းမာရေးစစ်ဆေးခြင်း၊

  • ဓါတ်ခွဲစစ်ဆေးခြင်း…တို့သည်
သွေးလှူရှင်၏ ကျန်းမာရေးကို မထိခိုက်စေရေးနှင့် ရောဂါကင်းစင်သော သွေး ရရှိရေးအတွက်အရေးကြီး ပါသည်။ ရာနှုန်းပြည့်ရောဂါပိုးကင်းစင်သောသွေးရရှိရေးအတွက် သွေးလှူရှင်ကိုယ်တိုင်က မိမိကိုယ် မိမိ မှန်ကန်စွာ ဆန်းစစ် ခြင်းသည်သာ အဓိကဖြစ်ပါသည်။ AIDS ရောဂါဖြစ်စေသော HIV ပိုးရှိ မရှိကို၊ ရောဂါပိုးဝင်ရောက်ပြီး ၆ လခန့်ကြာမှ၊ ဓါတ်ခွဲစစ်ဆေးကြည့်မှသာ သိရှိနိုင်ပါ သည်။ ဓါတ်ခွဲစစ်ဆေး၍ မသိရှိသော်လည်း၊ HIV ပိုးရှိသဖြင့်အဆိုပါသွေးကို သွင်းမိပါက ကူးစက်နိုင်ပါသည်။ သွေးလှူခြင်းဖြင့် သင့်တွင် အန္တရာယ်မဖြစ်ရန် လိုအပ်ပါသည်။ သွေးသွင်းခံရသူတွင်လည်း သွင်းသည့်သွေးကြောင့် ရောဂါမဖြစ်ရန်အရေးကြီးပါသည်။ သွေးလှူဒါန်းခြင်းသည် ပျမ်းမျှအားဖြင့် သွေး ဖောက်ယူခြင်းအချိန် (၁၀) မိနစ်မှ (၁၅) မိနစ် သာကြာမြင့်ပါမည်။ သို့သော် မှတ်ပုံတင်ခြင်းမှစ၍ အနားယူပြီးချိန်အထိ စုစုပေါင်း (၆၀) မိနစ်ခန့် ကြာမြင့် ပါမည်။
Who are blood donors?
စေတနာသွေးလှူရှင်ဆိုသည်မှာ -
  • မိမိဆန္ဒအရ သွေးလှူဒါန်းပြီး၊ ငွေကြေး၊ ပစ္စည်း စသည်များကို ရယူခြင်း မရှိသူများ။

  • မိမိမသိသော သွေးလိုအပ်သူများကို ကူညီရန် သက်သက်သာရည်ရွယ် ချက်ထားသူများ ၊

  • ပိုးကင်းစင်သောသွေးသန့်ဖြစ်ရေး၏ အရေးကြီးပုံကို သိရှိနားလည်ပြီး၊သွေးမှ ကူးစက်သောရောဂါများမရှိအောင်၊ ကျန်းမာရေးကောင်းမွန်အောင် မိမိကိုယ်ကို ဆင်ခြင်စောင့်ထိန်း နေထိုင်သူများ၊

  • သွေးလုံလောက်စွာရရှိရေးအတွက် ပုံမှန်လှူဒါန်းသူများ။

  • အရေးပေါ်လိုအပ်ပါကလည်း လှူဒါန်းသူများ။

  • စသည့်အရည်အချင်းနှင့်ပြည့် စုံသူများအားလုံးသည်

  • ပေးဆပ်နိုင်စွမ်းရှိ၍ စွမ်းဆောင်နိုင်သော

  • စွန့်လွှတ်ရဲသူများဖြစ်သည့်

  • စေတနာသွေးလှူရှင်များ ဖြစ်ကြသည်။
Who can Donate?

ဘယ်သူတွေသွေးလှူနိုင်ပါသလဲ။
  • အသက် (၁၈) နှစ်မှ (၅၅) နှစ်အကြားရှိ ကျန်းမာရေးကောင်းမွန်သူအားလုံး သွေးလှူဒါန်းနိုင်ပါသည်။ အမျိုးသားများ နှင့် အမျိုးသမီးများအတွက်ကိုယ်အ လေးချိန် ပေါင် (၁၀၀) အထက်ရှိရမည်။

  • လက်တလော ရောဂါဝေဒနာ ခံစားမှုမရှိခြင်း (နှာစေးချောင်းဆိုး၊ ဆေးမီဝဲမှု မရှိခြင်း) တို့နှင့်ပြည့်စုံသူ မည်သူမဆို သွေးလှူဒါန်း နိုင်ပါသည်။
Who Shouldnot Donate?

ဘယ်သူတွေသွေးမလှူသင့်သလဲ
  • ရောဂါဖြစ်နေသူများ၊ ကျန်းမာရေးမကောင်းသူများ၊ အရက် သေစာသောက် ထားသူများနှင့် ဆေးဝါးကုသခံနေသူများ။

  • မူးယစ်ဆေးဝါးသုံး စွဲသူများ၊ အထူးသဖြင့် မူးယစ်ဆေးဝါး အကြောထဲထိုး သူများ။

  • လိင်အပျော်အပါး လိုက်စားသူများ၊ ကာလသားရောဂါဖြစ်ဖူးသူများ။

  • လွန်ခဲ့သော ၃ နှစ်အတွင်း ငှက်ဖျားရောဂါခံစားဖူးသူများ။

  • လွန်ခဲ့သော ၃ ပတ်အတွင်း ၀က်သက်၊ ပါး ချိတ်ရောင်၊ ရေယုံ၊ ဂျိုက်သိုး၊ ရေကျောက်ဖြစ်သူများ။

  • လွန်ခဲ့သော ၂၁ ရက် အတွင်း ကာကွယ်ဆေး တစ်မျိုးမျိုးထိုးထားသူများ။

  • လွန်ခဲ့သော ၆ လအတွင်း ခွဲစိတ်ကုသခံရသူများ။

  • လွန်ခဲ့သော ၆ လ အတွင်းက ဆေးမင်ကြောင် ထိုးခဲ့ခြင်း၊ နားဖောက်ခဲ့ခြင်း၊

  • ဆေးအပ်စိုက်ခဲ့ခြင်း အစရှိသည်တို့ကိုပြုလုပ်ထားသောသူ များ။

  • ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်လောင်းများ၊ ရာသီသွေး လာ နေသော အမျိုးသမီးများ။

  • လွန်ခဲ့သော (၁)နှစ်အတွင်း ခွဲစိတ်ကုသမှုခံ ယူခဲ့သူများ။

  • လွန်ခဲ့သော တစ်နှစ်အတွင်း သွေးသွင်းခံရသူများ။

  • မိမိ (သို့) မိမိ မိသားစုအတွင်း အသည်းရောဂါ အသားဝါရောဂါဖြစ်နေ သူများ။

  • လွန်ခဲ့သော ၁၄ ရက်အတွင်း ပဋိဇီဝဆေးဝါးသုံးစွဲခဲ့သူများ။

  • လွန်ခဲ့သော ၃ ရက်အတွင်း ဆေး ၀ါးများ မှီဝဲခြင်း ( ဥပမာ - Aspirin, Ponstan, Antibiotic)

  • လွန်ခဲ့သော ၃ လအတွင်း ကိုယ်အလေးချိန်သိသိသာသာလျော့ကျလာ သူများ။

  • လွန်ခဲ့သော ၇ ရက်အတွင်း ၀မ်းပျက်၊ ၀မ်းလျောရောဂါဖြစ်သူများ။

  • လွန်ခဲ့သော ၃ ရက်အ တွင်း သွားနှုတ်ထားသူများ။

  • ပြီးခဲ့သည့်ညက အနည်းဆုံး ၆ နာရီ အိပ်ရေးဝ အောင်မအိပ်ခဲ့သူများ။


သင့်သွေး ဖြင့်လည်းအသက်ကယ်ပါ




 ထိုသို့  သနားစဖွယ် ခလေးသူငယ်များ အချိန်အခါမရွေး သွေးလိုအပ်နေပါသည်။

အားငယ်သူကို အားပေးပါ
WE WITH BLOOD


_________________________________________________________________________

သွေးလှူလိုလျှင်
(ဥပမာ)
 အမည် ........................................................aung phe myint
email ..........................................................aungphemyint76@gmail.com
သွေးအမျိုးအစား ..........................................A
ဖုန်းနံပါတ် ....................................................250781  
လှူနိုင်မည့်အချိန် .........................................any time (သို့ )  day (သို့ ) night

သင့်သွေးဖြင့်လူ့အသက်အားကယ်တင်ပါ (ဗီဒီယို)




ဆောင်းပါး


"မျက်ရည်မကျခင် သိစေချင်"

လွန်ခဲ့သော (၁၅) နှစ်ခန့် ၁၃၄၃ ခုနှစ် ပြာသိုလ၏ တစ်ခုသောည၊ တစ်ည၊အချိန်အားဖြင့် ည (၁၁) နာရီ ကျော်နေပြီမို့
မြင်းခြံခရိုင် တောင်သာမြို့၏ ကျက်သရေဆောင် သာသနာ့ မူလိကာရာမ ကျောင်းသစ်ကျောင်း စာသင်တိုက်ကြီး အတွင်းမှ
စာချ စာသင် သံဃာတော် အရှင်မြတ် (၇၀) ကျော်တို့ မိမိတို့ အိပ်ရာအသီးသီးတွင် ကျိန်းစက်တော်မူ နေကြပြီဖြစ်သည်။
ထိုအချိန်မှာပင် ရုတ်တရက် မြင်းခွာသံများ ကြားလိုက်ရသဖြင့် စာရေးသူက အိပ်ရာမှ ထထိုင်ကာ နားကို အသာစွင့်ထား
လိုက်မိသည်။ အချိန်မတော် မြင်းလှည်းဝင်လာပြီ ဆိုသည်နှင့် သွေးအလှူခံလာခြင်း ဆိုသည်ကိုတော့ တပ်အပ်သိလိုက်ပါပြီ။
တောင်သာမြို့လေးမှာ ခရိုင်ထဲတွင် ပါဝင်သော နယ်မြို့လေး တစ်မြို့သာ ဖြစ်သောကြောင့် လူသိတော့ သိပ်မများလှပါ။

သို့သော် မြို့သူမြို့သားများ၏ စေတနာ၊ ကျောင်းသစ်ကျောင်း စာသင်တိုက်မှ ပဓာနနာယက ဆရာတော်နှင့် စာချ ဆရာ
တော်များ၏ မေတ္တာကြောင့် စာရေးသူကဲ့သို့ မန္တလေးမြို့ပေါ်မှာ ရှင်ဖြစ်သော စာသင်သား အချို့ပင် ဤကျောင်းတိုက်သို့
လာရောက် ပညာသင်ကြား ရသည်အထိ သူ့အတိုင်းအတာနှင့် သူတော့ ထင်ရှားသော မြို့တစ်မြို့ပင်။ ရန်ကုန်၊ မန္တလေး
ဆးရုံကြီးများ ကဲ့သို့ ခေတ်မီပစ္စည်းများ အပြည့်အစုံ မရှိသောကြောင့် တောင်သာမြို့နယ် ဆေးရုံမှာသွေးလှူရှင် ရှိသော်
လည်း သွေးများကို ကြိုတင်အလှူခံပြီး သိမ်းဆည်း ထားနိုင်စွမ်း မရှိပါ။ ထို့ကြောင့်လည်း သွေးလိုသော အရေးပေါ်လူနာ
ရောက်လာသော အခါတွင်မှ ဦးရေများများ သွေးလှူလေ့ရှိသော စာရေးသူတို့ ကျောင်းတိုက်နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့သို့
သွေးအလှူလာခံလေ့ ရှိသည်။ ကျောင်းတိုက်မှ ၀ါတော်အကြီးဆုံး စာချဆရာတော်ဖြစ်သော ဆရာတော် ဦးနန္ဒောဘာသ၏
နည်းပေး လမ်းပြမှုကြောင့် စာရေးသူတို့သည်လည်း (၁၈)နှစ်သားအရွယ်မှစတင် သွေးလှူခဲ့ရာ ယခုဆိုလျှင် အကြိမ်ပေါင်း
(၃၉) ကြိမ်ရှိခဲ့လေပြီ။ သွေးလှူတတ်ရန် နည်းပေးလမ်းပြ အားပေးတိုက်တွန်းခဲ့သော ဆရာတော်၏ ကျေးဇူးကိုဘယ်သော
အခါမှ မေ့နိုင်စွမ်းရှိမည် မဟုတ်ပါ။ ဆရာတော် ကိုယ်တိုင်လည်း အကြိမ် (၂၀) ကျော် သွေးလှူခဲ့ပြီးကျန်းမာရေးကြောင့်
နောက်ပိုင်း လှူခွင့်မရတော့ခြင်း ဖြစ်ကြောင်း သိရပါသည်။

နာရီဝက်ခန့် ရှိပြီဖြစ်သော်လည်း သွေးအလှူခံလာသော မြင်းလှည်း ပြန်ထွက်သွားတာ မတွေ့ရသောကြောင့် သွေးအလှူရှင်
မရသေးကြောင်းကို ထပ်ဆင့် သိလိုက်ရပြန်သည်။ သံဃာ (၇၀) ကျော်တွင် သွေးလှူနိုင်သော သံဃာ (၄၀) လောက်ရှိ
သောကြောင့် တစ်ပါးမဟုတ် တစ်ပါးတော့ ရရမည်ဟု စားရေးသူက တွက်ဆထားသည်။ စာရေးသူ ချက်ချင်းထမသွားခြင်းမှာ
ပထမအကြိမ် လှူပြီးတာ လေးလ အတိအကျ မပြည့်သေးသော ကြောင့်ပင်။ ကြာကြာ ၀ါးမည့်သွား အရိုးကြည့်ရှောင်
ဟူသောစကားအတိုင်း အမြဲတမ်း သွေးလှူနေမည့် သူတစ်ယောက်အနေဖြင့် မိမိကျန်းမာရေးကိုလည်း ဂရုစိုက်ရမည်ဆိုသည့်
အသိတရားက လွှမ်းမိုးထား သောကြောင့်လည်း အခြား လေးလပြည့်ပြီး သူများကို မျှော်ကိုး၍ ချက်ချင်း ထမသွားခြင်းပါ။

သို့သော် နာရီဝက် ရှိသည်အထိ သွေးအလှူရှင် မရသေးဘူးဆိုတော့ လူနာအတွက် အသက်အန္တရာယ် စိုးရိမ်ရသည်။
ဒီလိုနေနေလို့ မဖြစ်တော့ ဟူသော အတွေးနှင့်အတူ စာရေးသူ ခြေလှမ်းများက ကျောင်းတံခါး ပေါက်ဆီသို့ ဦးတည်လိုက်ပါ
သည်။ တံခါးပေါက်က ပွင့်နေပြီးသား၊ ဟုတ်တာပေါ့ ဆရာတော် ဦးနန္ဒောဘာသ တော့ ခြောက်ဧကခန့် ကျယ်သော ကျောင်း
တိုက်ဝင်းကြီး အတွင်း လှည့်ပတ်၍ သွေးလှူရှင် ရှာနေလောက်ပေပြီ။

ကျောင်းဆောင်ရှေ့ အရောက်မှာပင် ကိုရင်ဣန္ဒ၀ံသကို အသင့် တွေ့လိုက်သည်နှင့်-
“ကိုရင်ဣန္ဒ၀ံသ သွေးလှူရှင် မရသေးဘူးတဲ့လား” “မရတာ မဟုတ်ဘူး သွေးလှူရှင် ကိုယ်တော်တွေက ဒီလူနာမျိုးကို
သွေးမလှူချင်လို့ ရှာမရ ဖြစ်နေတာ” “ဟာ…ဘာဖြစ်လို့ မလှူချင်ကြတာတဲ့လဲ”“လူနာက ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး
ဆေးသောက်တာတဲ့၊ အဲဒါကြောင့် အသက်သေချင်လို့ သေကြောင်းကြံတဲ့ လူနာကို အသက် ပြန်ရှင်အောင် လှူနေစရာ
မလိုပါဘူးဆိုပြီး မလှူကြတာပေါ့” “အဲဒီအယူအဆကို တပည့်တော် လက်မခံဘူး၊ အရှင်ဘုရားရော လက်ခံသလား
ကိုရင်ဣန္ဒ၀ံသ” “တပည့်တော်တော့ လက်ခံတယ်၊ ဒါကြောင့် တပည့်တော်လဲ လိုက်မလှူတာ”

“ဒါဆို အရှင်ဘုရားကို တစ်ခုမေးပါရစေ၊ တလောက ရပ်ကွက်ထဲ ရွှေပန်းတိမ် အိမ်တစ်အိမ်က လသားအရွယ် ကလေးလေး
တစ်ယောက် ရွှေသန့်စင်တဲ့ ငရဲမီးတွေကို သောက်မိလို့ အသက် ဆုံးသွားရတယ်။ အဲဒီကလေးလေး သေသွားရတာငရဲမီးတွေ
သောက်တဲ့ ကလေးရဲ့အပြစ်လား၊ ငရဲမီးကို ကလေးနဲ့ လွတ်ရာကျွတ်ရာမှာ မထားတဲ့ လူကြီးမိဘတွေရဲ့ အပြစ်လား”“ကိုရင်
ဇ၀နကလဲ ဒါကတော့ လူကြီးတွေရဲ့ အပြစ်ပေါ့ ဟိုလသား အရွယ်လေး ကတော့ ဘာသိတာ မှတ်လို့” “အဲဒါဆိုရင် အခု
သေကြောင်းကြံတဲ့ လူနာကိစ္စမှာလဲ သေကြောင်းကြံတဲ့ လူနာမှာဘာမှ အပြစ်မရှိဘူး၊ အရှင်ဘုရားတို့၊ တပည့်တော်တို့
သံဃာတွေနဲ့ မိဘတွေမှာပဲ အပြစ်ရှိ တယ်” “ဟောဗျာ… ကိုရင်ဇ၀န ကြည့်လဲလုပ်ဦး၊ ဘုန်းကြီးအမှု ရွာပတ်လို့သာ ကြားဖူး
တယ်၊ အရှင်ဘုရားလုပ်မှ ရွာအမှု ဘုန်းကြီးပတ် ဖြစ်နေပါလား” “ဒါလဲ ဖြစ်သင့်လို့ ဖြစ်တာလို့ပဲ မှတ်ကြရအောင်၊ အရှင်ဘုရား
တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်လေး တစ်ခု ကြားဘူးလားမသိဘူး”
“ဆိုစမ်းပါဦး”

“ကွန်ဖြူးရှပ်က ပြောတယ်၊ သဘောထား မပြည့်ဝတဲ့သူဟာ သူတစ်ပါး အပြစ်ကိုပဲ မြင်လေ့ရှိတယ်။ သဘောထား ပြည့်ဝတဲ့
သူကျတော့ ကိုယ့်ကိုယ်ပဲ အပြစ်မြင်တယ်၊ပိုပြီး သဘောထား ပြည့်ဝတဲ့ သူကျတော့ ဘယ်သူ့ကိုမှ အပြစ် မမြင်တော့ဘူးတဲ့။
အဲဒီတော့ အရှင်ဘုရားတို့ တပည့်တော်တို့လဲ သဘောထား ပြည့်ဝတဲ့သူထဲ ပါအောင် ကိုယ့်အပြစ်ကိုယ်ပဲ ရှာကြည့်ကြရအောင်၊
 အခု သေကြောင်းကြံတဲ့ ကိစ္စမှာ သေကြောင်းကြံတဲ့ လူနာဟာ ဘ၀တန်ဖိုး၊ ဘ၀အနှစ်သာရ၊ဘာသာတန်ဖိုး၊ဘာသာအနှစ်သာရ
ဘာမှမသိရှာဘူး၊ ဒါကြောင့် လူ့ဘ၀တစ်ခုကို လွယ်လွယ် ပြန်ရမယ်လို့ ထင်လို့သာ ကိုယ့်ကိုယ်ကို သေကြောင်း ကြံတာပေါ့”

“ဒါကြောင့် သေကြောင်းကြံတဲ့ လူနာမှာ အပြစ်မရှိဘူးလို့ ပြောခဲ့တာပေါ့၊ သံဃာများနဲ့ မိဘများက ဘာ့ကြောင့် အပြစ်ရှိသလဲ
ဆိုတော့ ဒီလူနာကို အခုလိုသေကြောင်း မကြံစည်မီ အချိန်တုန်း ကတည်းက ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊
ဘာသာ အနှစ်သာရကို သေသေချာချာ နားလည်အောင် ဗိုက်ထဲမှာ ဘုရားတည် မပေးမိတဲ့အတွက်ပဲ” “ဘယ်လို၊ ဗိုက်ထဲမှာ
ဘုရား တည်မပေးတဲ့ အတွက် ဟုတ်လား” “ဟုတ်တယ်၊ ဒါက တင်စားပြောတာပါ၊ အရှင်ဘုရား အချိန်ရရင် ခရစ်ယာန်
ဘုရားရှိခိုးကျောင်းတွေထဲ ၀င်ကြည့်၊ အလှူခံပုံးတွေမှာ ရေးထားတဲ့ စာက ကလေးများ ဗိုက်ထဲ ဘုရားတည်ရန်တဲ့၊
ဘယ်လောက် ကောင်းလိုက်တဲ့ ရည်ရွယ်ချက်လဲလို့၊ အဓိပ္ပာယ်က နုနယ် ငယ်ရွယ်တဲ့ ကလေးဘ၀ ကတည်းက ဘာသာရေး
အသိဉာဏ်တွေကို အပြည့်အ၀ သွင်းပေးထားရမယ် ဆိုတာပါပဲ။” “ဒါကို အတုယူပြီး ဗုဒ္ဓဘာသာ ကလေးများကိုလဲ ငယ်ရွယ်စဉ်
ကတည်းက ယဉ်ကျေးမှု ဘာသာရေး သင်တန်းတွေ အပြည့်အ၀ သင်ပေးနိုင်အောင် ဆရာဒကာ လက်တွဲပြီး သေသေချာချာ
ကြိုးစားသင့်ကြပြီ။ မြေပြင်မှာတည်တဲ့ ဘုရားထက် ဗုဒ္ဓဘာသာ ကလေးငယ်တွေရဲ့ နှလုံးသားမှာ တည်တဲ့ဘုရားက သာသနာ
အတွက် ပိုပြီး ကျေးဇူးများမယ် ဆိုတာကို အင်ဒိုနီးရှား နိုင်ငံမှာရှိတဲ့ ကမ္ဘာကျော် ဗောဓောဗုဓု ကျောက်စေတီကြီးက
သက်သေပြနေပြီလေ”

“ကလေးတွေရဲ့ နှလုံးသားထဲမှာ တည်ထားတဲ့ ဘုရားမရှိတော့ အရင်တုန်းက ဗုဒ္ဓဘာသာ ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား တစ်ပြည်လုံးဟာ
အခု အချိန်မှာတော့ တခြား ဘာသာတွေရဲ့ လက်ထဲ ရောက်ခဲ့ရပြီ မဟုတ်လား။ ဒီ ဘာသာခြားတွေရဲ့ အန္တရာယ်မျိုး ကျတော့
မြေပြင်မှာ တည်ထားတဲ့ ဗောဓောဗုဓု ကျောက်စေတီကြီးက ဘာမှ မတတ်နိုင်တော့ဘူး မဟုတ်လား” “ကဲ တော်ပြီ စကား
သိပ်ရှည်နေလို့ လူနာအသက် မမီဘူး ဖြစ်နေဦးမယ်။ တပည့်တော်ကတော့ သွေးလဲလှူမယ်၊ ဘာသာရေး အသိဉာဏ်
ဓမ္မကိုလဲလှူမယ်” ပြောပြောဆိုဆိုဖြင့် ထွက်ခဲ့ရာ သွေးအလှူခံ လာသော မြင်းလှည်းနားသို့ ရောက်လာသည်နှင့် စိုးရိမ်တကြီးဖြင့်
 သွေးအလှူရှင်ကို စောင့်မျှော်နေသည့် အသက် (၅၀) အရွယ် ဒကာကြီး တစ်ဦးကို တွေ့လိုက်ရသည်။ စာရေးသူက-
“ဒကာကြီး သွေးအလှူရှင်ရပလား”
“မရသေးပါဘုရား”
“ဘယ်နှစ်ပုလင်းလဲ”
“တစ်ပုလင်းပါဘုရား”
“သွေးအမျိုးအစားကရော”
“ဘီသွေးပါဘုရား”
“ကဲ ဒါဆိုရင်သွားကြစို့၊ ကိုရင်ပဲလှူမယ်၊ တခြား စောင့်မနေနဲ့၊ ရမှာလဲမဟုတ်ဘူး၊ ကိုရင်ဣန္ဒ၀ံသ ဆရာတော် ဦးနန္ဒောဘာသကို
 လျှောက်လိုက်ပါ၊ သွေးလှူဖို့ တပည့်တော် လိုက်သွားပြီလို့” ကျောင်းနှင့် တစ်မိုင်သာသာခန့်ဝေးသော ဆေးရုံဆီသို့ မြင်းလှည်း
 မောင်းထွက်လာသည်နှင့် စာရေးသူက မျက်နှာတွင် ညှိုးရော် ကြေကွဲရိပ် ထင်နေသည့် ဒကာကြီးအား တစ်ချက် မေးကြည့်
လိုက်သည်။ “ဒကာကြီး လူနာက ဘယ်လိုဖြစ်တာတုံး၊ နည်းနည်းလောက် ပြောပြပါလား” “မှန်ပါ၊ ပြောပြပါမယ်ဘုရား၊
တပည့်တော်တို့က တောကပါဘုရား၊ သမီးလေးကို စာတတ်ပေတတ် ဖြစ်စေချင်လို့ မြို့ပေါ်က သူ့ဦးလေးအိမ်မှာ နေစေပြီး
 ကျောင်းတက်ခိုင်းပါတယ် ဘုရား။ အဲဒါ ဒီနှစ်ဆယ်တန်း စာမေးပွဲ ကျတော့ စာမကြိုးစားဘဲ အပျော်အပါးနဲ့ အချိန်ကုန်နေလို့
 ဖြစ်မှာပဲလို့ ထင်ပြီးလူရှေ့ သူရှေ့မှာ ရိုက်နှက် ဆုံးမမိပါတယ် ဘုရား။ အဲဒါ သမီးလေးက အရှက်ရပြီး ဘာမီတွန် ဆေးပြား
တွေကို တစ်ပုလင်းလုံး သောက်ပစ်လိုက်တာပါပဲ ဘုရား” “တပည့်တော်တို့ သိတဲ့အချိန် ကျတော့ ပါးစပ်က အမြှုပ်တွေတောင်
ထွက်နေပြီ။ ဒါနဲ့ ဆေးရုံကို ချက်ချင်း ပြေးလာကြတာပါပဲ ဘုရား၊ ဆေးရုံက သွေးလိုတယ်၊ သွေးသွင်း ကုရမယ်လို့ ဆိုတာနဲ့
အရှင်ဘုရားတို့ ကျောင်းကို သွေးအလှူခံ ရောက်လာခဲ့ တာပါ။ နောက်မှ သိရတာက သမီးလေး စာမေးပွဲကျတာ အပျော်
အပါးကြောင့် မဟုတ်ဘဲ စာမေးပွဲဖြေခါနီး ကပ်ပြီး နေမကောင်းလို့တဲ့ ဘုရား၊ မစူးစမ်း မဆင်ခြင်ဘဲ လူရှေ့သူရှေ့မှာ
 ရိုက်နက်ဆုံးမတဲ့ တပည့်တော်ရဲ့ အပြစ်ပါပဲဘုရား”

ပြောနေရင်းပင် ဒကာကြီး၏ မျက်လုံးမှ မျက်ရည်များ စီးကျလာသည်ကို တွေ့လိုက်ရသဖြင့် စကားလမ်းကြောင်းကို
တစ်နေရာသို့ ပြောင်းပေး လိုက်ရသည်။ “အဆိုးထဲက အကောင်းပေါ့ ဒကာကြီးရယ်။ နောက် သားသမီးတွေ ဆုံးမတဲ့အခါ
 ဒီလိုမဖြစ်ဖို့ အတွက် သင်ခန်းစာ ယူရမှာပေါ့၊ စိတ်ပညာ ကျမ်းတွေရဲ့ အဆိုအရ လူဟာ ကိုယ့်ကိုယ်ကို အထင်အကြီးဆုံး
 ပဲတဲ့၊ ကလေး သူငယ်တွေရဲ့ တလူလူ တက်နေတဲ့အညွန့်ကို မိဘဆရာတွေက ချိုးမိသလို မဖြစ်အောင် အမြဲတမ်း
ဂရုစိုက်ကြရမယ်၊ ဒါကြောင့် ရှေးဆရာများက မိမိတပည့် သားသမီးကို ဆုံးမတာတောင် အဆုံးမတတ်ဖို့ အတွက်
နည်းလမ်းလေးတွေ ပေးထားတယ်”

“တရံတဆစ်၊
အပြစ်အနာ
တွေ့သောခါဝယ်၊
ကွယ်ရာခေါ်၍
ဆုံးမလေ့၏။
သူ့ရှေ့သူ့မှောက်
ပွဲပြင်ရောက်သော်၊
မြှောက်မြှောက်စားစား၊
သားအားပိုက်ဖြူး၊
မိဘကျူးသို့၊
ကျေးဇူးကိုသာ
ရှာ၍ချည်းဆို။”

“အဓိပ္ပာယ်က တပည့် သားသမီးကို အပြစ်ပြောပြီး ဆုံးမစရာရှိရင် ကွယ်ရာမှာခေါ်ပြီး တိုးတိုးတိတ်တိတ် ဆုံးမပါတဲ့၊
လူ့ရှေ့သူ့ရှေ့မှာ ဆိုရင်တော့ တပည့် သားသမီးရဲ့ ကောင်းကွက်ကိုသာ ရှာပြီး ချီးမွမ်းပါတဲ့၊ မိဘဆရာတွေ အတွက်
မှတ်သားစရာပေါ့ ဒကာကြီး” “အရင်ကသာ ဒီနည်းလမ်းလေး သိထားရင် တပည့်တော် သမီးလေး ဒီအဖြစ်ဆိုးမျိုး
ဘယ်ကြုံရမှာတုံး ဘုရား” ဘယ်လိုပင် စကားလမ်းကြောင်း ပြောင်းပေးသော်လည်း ဒကာကြီး၏ မျက်ရည်တို့က ဘယ်လိုမှ
စဲမသွားခဲ့ပါ။ သို့နှင့်ပင် ဆေးရုံဝင်းထဲသို့ မြင်းလှည်း ရောက်သည်နှင့် စာရေးသူက သွေးဖောက်သော အခန်းထဲ ခပ်သွက်သွက်
ဝင်သွားလိုက်သည်။ သွေးဖောက်နေဆဲ အချိန်မှာလည်း အာနိသင် ပိုရှိရန် သွေးက ဆေးကဲ့သို့ အစွမ်းထက်ရန်
လူနာသို့မှန်းပြီး မေတ္တာ ပို့နေလိုက်သည်။

သွေးဖောက် ပြီးသည်နှင့် စောစောက ဒကာကြီး အခန်းထဲသို့ ၀င်လာကာ-“အရှင်ဘုရား သမီးလေးအဖြစ်က သေမယ်
 ရှင်မယ်ဆိုတာ တပ်အပ်သေချာ မပြောနိုင်တော့ ဖြစ်နိုင်ရင် လူနာဆောင်ထဲ ခေတ္တကြွပြီး သိသင့် သိထိုက်တဲ့
တရားလေးများကို ဟောကြားပေးပါ ဘုရား” စာရေးသူ ခေါင်းညိမ့်ပြပြီး လူနာရှင် ဒကာကြီးနှင့်အတူ သွားလိုက်သည်။
လူနာဆောင်ထဲ ရောက်တော့ စာရေးသူထံမှ ထုတ်ယူသွားသော သွေးများကို လူနာအား ချက်ချင်း ပြန်သွင်းပေး
 နေသည်ကို တွေ့ရသည်။ ထူးခြားသော မြင်ကွင်းက စာရေးသူ မျက်စိထဲမှ မထွက်၊ သေလုမြောပါး ဝေဒနာ ခံစားနေရ
 သော်လည်း လူနာ မိန်းကလေး၏ မျက်နှာက တင်းမာ ခက်ထန်သယောင် ရှိနေသည်။

စကားကတော့ မပြောနိုင်ရှာ တော့ပါ။ သွေးလှူရှင် ကိုရင်ကြွလာသည်ဟု မိဘများက ပြောလိုက်သည်နှင့် မျက်လုံးကိုတော့
အားယူပြီး ဖွင့်ကြည့်လိုက်သည်ကို တွေ့ရသည်။ အချိန်က သိပ်တန်ဖိုး ရှိနေသည်။ စာရေးသူက အချိန်မဆွဲတော့၊ လူနာအား
 ခေတ္တစိုက်ပြီး စိတ်ထဲမှ မေတ္တာ ပို့လိုက်ပြီးနောက် လူ့ဘ၀ အပါအ၀င် ရခဲခြင်းတရား ငါးပါး၊ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊
ဘ၀ အနှစ်သာရ၊ ဘာသာ အနှစ်သာရ။ ထို့နောက် ပုထုဇဉ်တိုင်း အားကိုး အားထားပြုရမည့် အပါယ်မလားစေသော
ကုသိုလ်များ၊ သေခါနီးတွင် ဂတိကောင်းရန် စိတ်ထားပုံမှ စ၍ တစ်နာရီခန့် ကြာအောင် တရားအလှူကို ပေးလှူလိုက်
 ပါသည်။ တရားအဆုံးတွင် လူနာရှင်များရော၊ ဆေးရုံ ၀န်ထမ်းများပါ အားလုံး ၀မ်းသာအားရ သာဓု ခေါ်ကြသည်။
ထူးခြားသည်က ဒေါသအရှိန်ဖြင့် တင်းမာသယောင် ရှိနေသော ဆယ်တန်း ကျောင်းသူလေး၏ မျက်နှာမှာ နူးညံ့ ပျော့ပျောင်း
လာပြီး လက်အုပ်ချီ ကန်တော့ချင်သည့် အမူအရာကို ပြသဖြင့် မိဘများက သူမ၏လက်ကို လက်အုပ်ချီပြီး ရင်ဘတ်ပေါ်
တင်ပေးလိုက်ကြ ခြင်းပင်။ မျက်စိကို အားယူဖွင့်ရင်း စာရေးသူကို ကန်တော့ရင်း ကပင် ၀မ်းသာ ကြည်နူးနေသော
မျက်နှာအသွင်မှ တစ်ဖန် ၀မ်းနည်း ကြေကွဲသော မျက်နှာသို့ချက်ချင်း ပြောင်းသွားပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက်
လိမ့်ဆင်း လာကြသည်။

အမူအရာဖြင့်သာ ပြောပြနိုင်ရှာသော ဆယ်တန်း ကျောင်းသူလေး၏ စကားကို စာရေးသူ ဘယ်လိုမှ နားမလည်နိုင်ခဲ့။
သူမ ပြောပြလိုသော စကားများ၏ အဓိပ္ပာယ်ကို နောက်သုံးရက်ကြာမှ သိရသည်။ လူနာရှင် ဒကာကြီး ကျောင်းသို့
 ရောက်လာပြီး- “အရှင်ဘုရား တပည့်တော် သမီလေး ဆုံးသွားပါပြီ ဘုရား၊ သက်သာသလိုတော့ ဖြစ်သွားသေးတယ်
 ဘုရား၊ အဲဒီ အချိန်လေးမှာ မနည်း အားယူပြီး အရှင်ဘုရားကို လျှောက်ခိုင်းတာ လေးလဲ ရှိလို့ လာလျှောက်တာပါဘုရား၊
 သမီးလေး ပြောသွားတာ ကတော့ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာ အနှစ်သာရကို မသေခင်မှာ
သိသွားရလို့ သူသိပ်ပြီး ၀မ်းသာပါသတဲ့ ဘုရား။”

“အရှင်ဘုရားကိုလဲ သွေးတင်မက တရားပါ လှူတဲ့အတွက် ကျေးဇူး တင်ရှိကြောင်းကို သေချာ လျှောက်ထားခိုင်း ပါတယ်၊
တရားဆုံးတဲ့နောက် သူ့မျက်နှာ ကြည်လင်သွားတာက မသေခင်မှာ သိသင့်သိထိုက်တဲ့ တရားကို သိရလို့ပါတဲ့။ သူ့မျက်နှာ
ညှိုးသွားပြီး မျက်ရည် ကျတာကိုလဲ တစ်မျိုး မထင်ပါနဲ့တဲ့၊ အဲဒါကတော့ ရခဲတဲ့ လူ့ဘ၀ထဲကနေ ဘ၀ အနှစ်သာရ ဘာတစ်ခုမှ
ထုတ်မယူနိုင် တော့တဲ့အတွက် ၀မ်းနည်းပြီး ငိုမိတာပါတဲ့ ဘုရား”ဟု လျှောက်ထားသွားရာ ဒကာကြီး၏ လျှောက်ထားသံက
နားထဲကမထွက်။ သြော်- ဆယ်တန်း ကျောင်းသူလေးကား ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာ အနှစ်သာရကို
မျက်ရည်ကျပြီးမှ သိသွားတာပါလား၊ ကျန်သောဒကာ၊ ဒကာမများ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘာသာ အနှစ်သာရကို
ဆယ်တန်း ကျောင်းသူလေး ကဲ့သို့ မျက်ရည်ကျပြီး မသိစေချင်ပါ၊ မျက်ရည်မကျခင် ကပင် ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊
ဘ၀အနှစ်သာရ၊ ဘာသာ အနှစ်သာရကို သိစေချင်လှပါသည်။ ထို့ကြောင့်လည်း ဤကျမ်းစာကို “မျက်ရည်မကျခင် သိစေချင်”
ဟု အမည်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုက်ရပါသည်။
ချမ်းသာကိုယ်စိတ် မြဲကြပါစေ။

မေတ္တာရှင် ဆရာတော်၏ ဆောင်းပါးလေးတစ်ခုပါ၊ မသိရ၊ မဖတ်ရသေးသူများအတွက် ပြန်လည် ဝေငှလိုက်ရပါသည်။

မေတ္တာရှင်(ရွှေပြည်သာ)
ဆရာတော်ဦးဇ၀န
မန္တလေးကျောင်းတိုက်
(၆)ရပ်ကွက်၊ ရွှေပြည်သာ၊ ရန်ကုန်။


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...