Pages

Subscribe:

Ads 468x60px

Thursday, February 9, 2012

ဗုဒ္ဓဘာသာဝင်များအတွက်စေတီအကြောင်း သိကောင်းစရာ

 လူတို့၏အမြတ်တနိုးကိုးကွယ်ရာဌာနကိုပါဠိလို စေတိယ မြန်မာလို စေတီဟု ခေါ်သည်။ မိမိတို့ အယူဝါဒ အားလျော်စွာ ကိုးကွယ်အပ်သော သစ်ပင်ကြီး၊ တောကြီး၊ တောင်ကြီး၊ သဲပုံ၊ အုတ်ပုံ၊ ရုပ်တု ဟူသမျှတို့သည် စေတီမည်ကြသည်သာ။ ထို့ကြောင့် ယခုအခါ မြန်မာနိုင်ငံ၌ အုတ်ပုံသဲပုံများကိုသာ စေတီဟု ခေါ်ဝေါ်နေခြင်းသည် မစုံလင်သော ခေါ်ဝေါ်ခြင်းသာတည်း။ ထိုသို့ စေတီတော် အမျိုးမျိုးရှိသည်တွင် ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်အပ်သော စေတီသည် ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီဟု (၄)မျိုးရှိသည်။
ဓာတုစေတီတော်
ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ကျန်ရှိရစ်သော အရိုးဓာတ်တော်များသည် ဓာတုစေတီမည်၏။ အမွေအနှစ်အဖြစ်ဖြင့် ဘုရားရှင် ထားခဲ့တော်မူသောကြောင့် မွေတော်ဟုလည်း ခေါ်ကြ၏။ အမွေအနှစ်တော်ဟု ဆိုလိုသည်။ ထိုဓာတ်တော်များတွင် ကြီးဆုံးသည် ပဲနှောက်ခြမ်းခန့်ရှိ၏။ အလတ်စားဓာတ်တော်မှာ ဆန်ကွဲခန့်ရှိ၏။ အငယ်ဆုံးဓာတ်တော်ကား မုန်ညင်းစေ့ခန့် ရှိသည်။

ဓမ္မစေတီတော်
ဘုရားရှင်၏ တရားပိဋကတ်တော်များသည် ဓမ္မစေတီတော် မည်၏။ ထိုပိဋကတ်တော်ဖြစ်သော တရားဓမ္မများသည် ရိုသေမြတ်နိုး ရှိခိုးကိုးကွယ်ထားရုံသာမက ထိုတရားတော်အတိုင်း ကျင့်ကြံရသဖြင့် ဗုဒ္ဓဘာသာဝင်တို့အဖို့မှာ လွန်စွာအားကိုးလောက်သော စေတီတော်ပါပေတည်း။

ဥဒ္ဒိဿစေတီတော်
ဥဒ္ဒိဿဟူသော ပါဠိသည် ရည်စူးအပ် ရည်မှန်းအပ်သော အရာဝတ္ထုကို ဟော၏။ ထို့ကြောင့် သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်း၍ ဘုရားရှင် ပုံဟန်တော်၏ အတုပြုလုပ်အပ်သော ရပ်တော်မူပုံ၊ ထိုင်တော်မူပုံ၊ လျောင်းတော်မူပုံကို ဥဒ္ဒိဿစေတီတော်ဟု မှတ်ပါ။ ဥဒ္ဒိဿစေတီတော်များကို ရုပ်ပွားတော်၊ ဆင်းတုတော်ဟုလည်း အမည်ပေးကြသည်။ ဘုရားရှင်၏ ရုပ်ပုံတော်ကို အတုပွား၍ ထားသောကြောင့် ရုပ်ပွားတော်ဟုလည်းကောင်း၊ ဘုရားရှင်၏ အဆင်းသဏ္ဌာန်တော်ကို အတုပြုထားသောကြောင့် ဆင်းတုတော်ဟုလည်းကောင်း အမည်ပေးခြင်းတည်း။ ရုပ်ပွားတော်၊ ဆင်းတုတော် မပါဘဲ စိတ်ထဲ၌မှန်း၍ အာရုံပြုအပ်သော ပုံတော်ကိုလည်း ဥဒ္ဒိဿစေတီတော်ဟု ခေါ်နိုင်ပါသည်။

ပရိဘောဂစေတီတော်
ဘုရားရှင်၏ အသုံးအဆောင်ကို ပါဠိလို ပရိဘောဂဟု ခေါ်၏။ ထို့ကြောင့် ဓာတ်တော်ဌာပနာထားသော အုတ်သားစေတီတော်၊ ရုပ်ပွားတော် ကိန်းဝပ်ရာဖြစ်သော ပြသာဒ်စသည်၊ ဗောဓိပင်၊ ဘုရားရှင်၏ အသုံးအဆောင် ဖြစ်သော သင်္ကန်း၊ သပိတ်တော်များကို ပရိဘောဂစေတီတော်ဟု မှတ်ပါ။

ဘုရား-ပုထိုး
ဘုရား-ပုထိုးဟူသော အသုံးအနှုန်းကို ယိုးဒယားမှ ကူးစက်လာသော အသုံးဟု ကြံကြ၏။ ယိုးဒယားလူမျိုးများက ဆင်းတုစေတီတော်များကို စာရေးသောအခါ “ဝရား=ဗုဒ္ဓေါ”ဟု ရေး၍ စာဖတ်သောအခါ “ဖရား=ဗုတ်ထိုး”ဟု အသံထွက်၏။ ထိုအသံထွက်ကိုလိုက်၍ မြန်မာတို့က “ဘုရား=ပုထိုး”ဟု ရေးဟန်တူ၏။ ထိုယိုးဒယား အသုံးဖြစ်သော “ဝရား=ဗုဒ္ဓေါ” စကား၌လည်း ဝရ-မြတ်သော၊ ဗုဒ္ဓေါ-ဘုရား၊ မြတ်သောဘုရား၊ မြတ်စွာဘုရားဟု ဆိုလိုသည်။ ထို့ကြောင့် “ဝရ၊ ဗရား၊ ဘုရား” ဤသုံးမျိုးသည် ပါဠိ၊ ယိုးဒယား၊ မြန်မာ အသုံးအဖြစ် ကွဲပြားသော်လည်း “ဘုရားရှင်”ဟူသော အနက်အားဖြင့် တူမျှသည်ဟု မှတ်ပါ။

ကျမ်းကိုး = ရတနာ့ဂုဏ်ရည်၊ နှာ၊ ၁၈-၂၀၊ အရှင်ဇနကာဘိဝံသ

စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ)
စေတိယ

စေတိယ-သဒ္ဒါသည် အမြတ်တနိုး ကိုးကွယ်ရာဟူသော အနက်အဓိပ္ပါယ်ကို ဟောဆိုပါသည်။ စေတီ, ပုထိုး ဟူသည် ဘုရားစေတီ၊ ဘုရားပုထိုး၊ လူ, နတ်, ဗြဟ္မာသတ္တဝါတို့ဖြင့် မြင့်မြင့်မောက်မောက် တည်ဆောက်ပြုလုပ်သော အရာပင်ဖြစ်၏။
ယင်းစေတီကို ပါဠိလို - စေတိယ၊ ထူပ၊
သကၠတလို - စဲတ်သၱဳပ၊
ကိုရီးယားလို - ထပ္ပဲ၊
သီဟိုဠ္လို - စဲတ်၊ စယ္ယသၱဳပ၊
အင်္ဂလိပ်လို - Pagoda, Dagoba, Shrine အသီးသီး ခေါ်ဝေါ်ကြသည်။


ဗုဒ္ဓဘာသာဝင်များက ရုပ်ပွားဆင်းတုတော်၊ သစ္စာလေးပါး သိမြင်တော်မူရာ ဗောဓိပင်နှင့် မြတ်စါာဘုရား၏ သရီရဓာတ်တော်များကို ဌာပနာသွင်း၍ တည်ထားသည့် မြင့်မြင့်မောက်မောက် အဆောက်အအုံကို စေတိယ-စေတီ (သို့) ထူပ-စေတီပုထိုး-ဟု ခေါ်ကြသည်။


လူ, နတ်, ဗြဟ္မာ သတ္တဝါတို့ ကောင်းစွာမြတ်နိုး ဆင့်ဆင့်တိုး၍ ကိုးကွယ်ရာစေတီတော်သည်-
၁။ ပရိဘောဂ စေတီ၊
၂။ ဓာတု စေတီ၊
၃။ ဓမ္မ စေတီ -ဟူ၍ သုံးမျိုးရှိသည်။


မြတ်စွာဘုရား၏ အသုံးအဆောင်ဖြစ်သော ရေစစ်၊ ခါးပန်း၊ သင်္ကန်း၊ သပိတ်၊ ပရိက္ခရာ စသည်တို့ကို ထည့်သွင်းဌာပနာအပ်သော စေတီတော်ကို ပရိဘောဂစေတီဟုခေါ်သည်။
သရီရဓာတ်တော်များကို ထည့်သွင်းဌာပနာ၍ တည်ထားကိုးကွယ်အပ်သော စေတီကို ဓာတုစေတီဟုခေါ်ဆိုသည်။
ပဋိစ္စသမုပ္ပါဒ် အစရှိသော တရားဒေသနာတော်များ ရေးသားသည့် ပေစာ၊ ဓမ္မက္ခန္ဓာ တို့ကို ထည့်သွင်းဌာပနာ၍ တည်ထားအပ်သောစေတီကို ဓမ္မစေတီဟုခေါ်သည်။


တနည်းအားဖြင့် စေတီတော်သည်---
၁။ ပရိဘောဂ စေတီ၊
၂။ ဥဒ္ဒိဿ စေတီ၊
၃။ ဓာတု စေတီ (သာရီရိကစေတီ)ဟူ၍ သုံးမျိုးပြား၏။


ထိုတွင် ဘုရားရှင်အသုံးပြုနေထိုင်ရာ ဗောဓိပင်ကို ပရိဘောဂစေတီဟုခေါ်ရ၏။
ဘုရားရှင်ကိုယ်စား ရုပ်ပွားဆင်းတုတော်ကို ဥဒ္ဒိဿစေတီဟု ခေါ်ရ၏။
သဗ္ဗညု ရှင်တော်ဘုရား၏ ဓာတ်သားမွေသရီတော်တို့ကို ထည့်သွင်းဌာပနာရာစေတီကို ဓာတုစေတီဟု ခေါ်ဆိုရသည်။


ယခုခေတ်၌ ဖော်ပြပါ (၂)နည်းကိုပေါင်းစပ်၍-
၁။ ပရိဘောဂ စေတီ၊
၂။ ဥဒ္ဒိဿ စေတီ၊
၃။ ဓာတု စေတီ၊
၎။ ဓမ္မ စေတီ-ဟု ၄-မျိုး ခေါ်ဝေါ်သုံးစွဲကြကုန်၏။


ဘုရားရှင်သည် ပုဂ္ဂိုလ်တိုင်း၏ အရိုးဓာတ် စသည်တို့ကို ဌာပနာ၍ စေတီတည်ရန် ခွင့်ပြုတော် မမူပါချေ။
* သဗ္ဗညုဘုရားရှင်၏ ဓာတ်တော် စသည်များ၊
* ပစ္စေကဗုဒ္ဓ၏ သရီရဓာတ်တော်များ၊
* ရဟန္တာပုဂ္ဂိုလ်၏ သရီရဓာတ်တော်များ၊
* စကြာမင်း၏ အရိုးဓာတ်တို့ကိုသာ စေတီတည်ထိုက်၊ တည်ကောင်းတည်ရမည်ဖြစ်ကြောင်း မိန့်တော်မူသည်ကို သုတ်မဟာဝါပါဠိတော်, အင်္ဂုတ္တိုရ်ပါဠိတော်တို့၌ တွေ့နိုင်လေသည်။


စေတီတော်များ၏ ပုံသဏ္ဌာန်များမှာ ခေါင်းလောင်းပုံ၊ စပါးရိုးပုံ၊ ကောက်ရိုးပုံသဏ္ဌာန်၊ရေမြှုပ်ပုံ၊
မြင်းမိုရ်တောင်ပုံ၊ လခြမ်းထက်ဝက်ပုံ၊ ပဒုမ္မာကြာပန်းပုံ စသည်ဖြင့် တိုင်းပြည်၏ ယဉ်ကျေးမှုအလိုက် အမျိုးမျိုး တည်ဆောက်ကြ၏။


စေတီ, ပုထိုး တည်ထားကိုးကွယ်သော အလေ့အထမှာ ဘုရားပွင့်ရာကမ္ဘာတိုင်း အလွန်ရှေးကျလှပြီဖြစ်သော ကမ္ဘာအဆက်ဆက်ကပင် ရှိခဲ့ဖူးကြောင်း ဗုဒ္ဓဝံသပါဠိ၊ ဗုဒ္ဓဝံသဋ္ဌကထာ စသည့်ကျမ်းဂန်တို့၏ အဆိုအမိန့်ဖြင့် သိနိုင်လေသည်။


ဂေါတမဘုရားရှင်လက်ထက်တွင် ဘုရားရှင်ကိုယ်စား စေတီ, ပုထိုးများနှင့် သာဝကတို့၏ ဓာတ်တော်များ ဌာပနာသော စေတီ, ပုထိုးအများအပြား တည်ရှိခဲ့သည်။ ထိုစေတီတော်များအနက် တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီသည် ဂေါတမဘုရားလက်ထက်တွင် အစဆုံးစေတီဖြစ်သည်။
အလောင်းတော်သည် ကပိလနန်းမြို့တော်မှ တောထွက်ခဲ့ရာ ယူဇနာ (၃၀) ကွာလှမ်းသည့် အနော်မာမြစ်တဖက် သဲသောင်ပေါ်တွင် ဥသျှောင်တော်(ဆံတော်ကို) သံလျက်ဖြင့် ဖြတ်တော်မူ၍ ဘုရားဖြစ်မည်မှန်လျှင် ကောင်းကင်၌ တည်စေသတည်းဟု ဓိဋ္ဌာန်၍ ပစ်မြှောက်တော်မူလိုက်၏။ အလောင်းတော်၏ ဥသျှောင်တော်သည် တစ်ယူဇနာကွာသောကောင်းကင်၌ ပန်းဆိုင်းပမာ တည်နေလေသည်။


သိကြားမင်းသည် ဥသျှောင်တော်မြတ်ကို ရတနာကလာပ်ဖြင့် ပင့်ယူကာ တာဝတိံသာနတ်ပြည်၌ (၃)ယူဇနာအမြင့်ရှိသော စေတီတည်လျက် ဌာပနာကိုးကွယ်ခဲ့သည်။ ယင်းစေတီ၌ စွယ်တော်၊ လက်ယာညှပ်ရိုးတော်တို့ ကိန်းဝပ်တော်မူခဲ့သည်။


တဖန် အလောင်းတော်သည် မိမိဝတ်ဆင်ထားသည့် ကာသိတိုင်းဖြစ် ပုဆိုးအဝတ်တော်၌ ဤကာသိတိုင်းဖြစ် အယတ်တော်သည် ကောင်းလွန်းလှသည်။ အဖိုးတန်လွန်းလှသည်။ ချောမွေ့လွန်းလှသည်။ လှပလွန်းလှသည်။ အရောင်တလျှမ်းလျှမ်းဖြင့်လည်း ရဟန်းတို့အား မသင့်လျော်ပါချေ-ဟု ကြံစည်စဉ်းစားစဉ် မိတ်ဆွေ ဃဋိကာရဗြဟ္မာသည် ပရိက္ခရာ ၈-ပါးကို ယူဆောင်ခဲ့၍ အလောင်းတော်မြတ်အား ဆက်ကပ်လှူဒါန်းလေသည်။


အလောင်းတော်သည် ဃဋိကာရဗြဟ္မာ လှူဒါန်းသော သင်္ကန်းဖြင့် ရဟန်းအသွင်ယူကာ ပုဆိုးအစုံကို ကောင်းကင်သို့ ပစ်မြှောက်တော်မူပြန်သည်။ မဟာဗြဟ္မာသည် ပုဆိုးအစုံကို ပင့်ယူ၍ ဗြဟ္မာပြည်၌ ရတနာအမျိုးမျိုးတို့ဖြင့်ပြီးသော (၁၂)ယူဇနာ အမြင့် စေတီတည်၍ ဝတ်လဲတော်ကို ဌာပနာကာ ကိုးကွယ်ခဲ့လေသည်။ ထိုစေတီသည် ဗြဟ္မာ့ပြည်မှ ဒုဿစေတီဖြစ်လေသည်။ လက်ဝဲညှပ်ရိုးတော်ဓာတ်လည်း  ဗြဟ္မာ့ပြည်၌ ကိန်းဝပ်ကြောင်း ဗြဟ္မလောကေစဝါမကံ-ဟူသော ဗုဒ္ဓဝံသပါဠိဖြင့် သိသာသည်။


မဇ္ဈိမဒေသ၊ ဂယာမြို့မှ (၇)မိုင်အကွာ၌ တည်ရှိသော ဗောဓိပင်သည်လည်း ဘုရားရှင်နှင့်အတူ ဖွားမြင်ခဲ့သော ဖွားဖက်တော် ကိုးကွယ်ရာ ပရိဘောဂစေတီဖြစ်ပြီး ပလ္လင်တော်မှာ ဘုရားဖြစ်ခါနီးတွင် ဖြစ်ပေါ်လာသော ပရိဘောဂစေတီပင် ဖြစ်လေသည်။


မြတ်စွာဘုရား၏ ဓာတ်တော်များမှာ ဘုရားဖြစ်စကပင် လောကအတွင်း ပျံ့နှံ့ကိန်းဝပ် တည်ရှိတော်မူကုန်၏။ ဘုရားဖြစ်တော်မူပြီးနောက် ဗောဓိပင်အနီး၌ ခုနစ်သတ္တာဟ (၄၉)ရက် သီတင်းသုံးတော်မူခိုက် မြန်မာပြည် အောက်ပိုင်း ရာမညတိုင်း၊ ဥက္ကလာပဇနပုဒ် (အသိတဉ္ဇနမြို့)မှ လှည်းငါးရာဖြင့်လာသော တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ပျားမုန့်ဆုပ်နှင့် မုန့်ကြွက်ကျစ်တို့ကို လှူဒါန်း၍ သရဏဂုံဆောက်တည်ပြီး ကိုးကွယ်ရာတောင်းသောအခါ ဘုရားရှင်က ဆံတော်ရှစ်ဆူ ပေးသနားတော်မူ၏။


မိမိတို့ဇနပုဒ်သို့ရောက်၍  အဆိုပါ ဆံတော်ရှစ်ဆူကို ဌာပနာ၍ စေတီတည်ကြလေသည်။ ထိုစေတီကား ယခုအခါ ရန်ကုန်မြို့ရှိ ရွှေတောင်ကြီးတမျှ ခမ်းနားလှသည့် ရွှေတိဂုံ စေတီတော်ကြီးပင် ဖြစ်၏။


ဘုရားရှင်သည် ဘုရားဖြစ်တော်မူ၍ ၉-လမြောက် ပြာသိုလ်ပြည့်နေ့တွင် သီဟိုဠ်ကျွန်းသို့ ကြါတော်မူ၍ ဘီလူးတို့အား တရားဟော၍ ကျွတ်တန်းဝင်စေတော်မူခဲ့သည်။ မဟာသုမနနတ်မင်း၏လျှောက်ထားချက်အရ ဆံတော်တစ်ဆုပ် ချီးမြှင့်တော်မူသည်။ ယင်းကို ဌာပနာ၍ စေတီတည်ခဲ့ကြရာ ယင်းစေတီသည် မဟီယင်္ဂဏစေတီ-ဟု ယနေပတိုင် သာသနာတွင် ထင်ရှားလေသည်။


၅-ဝါမြောက်တွင်လည်း သီဟိုဠ်နာဂဒီပသို့ ကြွရောက်၍ ပတ္တမြားပလ္လင်အတွက် စစ်ဖြစ်ကြသည့် စူဠောဒရ၊ မဟာဒရ နဂါး တူအရီးတို့အား ချေချွတ်တော်မူခဲ့သည်။ ပတ္တမြားပလ္လင်ကို အလှူခ့၍ သီတင်းသုံးတော်မူခဲ့သည်။ နဂါးတို့သည် ပတ္တမြားပလ္လင်ကို ဌာပနာ၍ စေတီတည်ခဲ့ရာ ယင်းစေတီတော်သည် နာဂဒီပစေတီဟု ထင်ရှားလေသည်။


မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါသည်။ အလောင်းတော်ကို မီးသဂြိုဟ်ပြီး မီးများငြိမ်းသွား၍ ရွှေတလားကြီးဖွင့်လိုက်သောအခါ ပြိုးပြိုးပြက်ပြက် အရောင်များ ထွက်နေသော ဓာတ်တော် (၁)တင်းသား ကျန်ပါသည်။


၁။ သွေးကဖြစ်လာသော ဓာတ်တော်ဆိုလျှင် အနီရောင် ဖြစ်ပါသည်။
၂။ အရိုးကဖြစ်သော ဓာတ်တော်ဆိုလျှင် အဖြူရောင် ဖြစ်ပါသည်။
၃။ အသား၊ အသည်း၊ အဆုတ်၊ နှလုံးကဖြစ်သော ဓာတ်တော်ဆိုလျှင် အညိုရောင်ဖြစ်ပါသည်။


လွန်ခဲ့သော အနှစ်နှစ်ထောင့်ငါးရာ ခေတ်အခါက ကုသိနာရုံအရပ်မှာ တစ်စိတ်ဆိုလျှင် နှစ်ပြည်ပဲ ရှိပါသည်။ မြန်မာနိုင်ငံမှာကဲ့သို့ လေးပြည်တစ်စိတ် မခေါ်ပါ။ နှစ်ပြည်ကို တစ်စိတ်ဟု ခေါ်ပါသည်။ ထိုဓာတ်တော် (၈)စိတ်တို့ကို ဒေါဏပုဏ္ဏားသည် အသီးသီးဝေငှလေသည်။


ဓာတ်တော်ဝေစုရသော မင်းတို့သည် အသီးသီး စေတီတည်ကြသည်မှာ (၁၀)ဆူ အရေအတွက်ရှိသည်။
၎င်းတို့မှာ---
၁။ ရာဇဂြိုဟ်ပြည်၌ ၁-ဆူ
၂။ ဝေသာလီပြည်၌ ၁-ဆူ
၃။ ကပလဝတ်ပြည်၌ ၁-ဆူ
၎။ အလ္လကပ္ပပြည်၌ ၁-ဆူ
၅။ ရာမရွာ၌ ၁-ဆူ
၆။ ဝေဌဒီပကတိုင်း၌ ၁-ဆူ
၇။ ပါဝေယျကတိုင်း၌ ၁-ဆူ
၈။ ကုသိနာရုံ၌ ၁-ဆူ
(ယင်း စေတီ ၈-ဆူကို ဓာတ်တော် တစ်စိတ်သားစီ  ဌာပနာသည်)။
၉။ ပိပ္ပလိတိုင်း၌ မီးသွေးဌာပနာ ၁-ဆူ
၁၀။ ဒေါဏပုဏ္ဏား ဓာတ်တော်ခြင်သည့် ပြည်တောင်း ဌာပနာ၍ တည်သောစေတီ ၁-ဆူ အားဖြင့် ၁၀-ဆယ်တို့ ဖြစ်ကုန်၏။


မီးမလောင်ဘဲနဲ့ ကျန်နေသော ဓာတ်(၇)ပါး ရှိပါသည်။ 
နဖူးသင်းကျစ်ရိုး ၁-ခု
ညှပ်ရိုး ၂-ချောင်း
စွယ်တော် ၄-ဆူ ဤ (၇)ခုတို့သည် မပျက်မစီး တစ်သားတည်း တည်ရှိနေပါသည်။ ပါဠိလို အသမ္ဘိန္ဒဓာတု-ဟုခေါ်ပါသည်။ ပင်ကို သရီရကာယဖြစ်သော အသွေး၊ အသား၊ အရိုးတော်များသည် အလုံးကလေး (ဓာတ်တော်) ဖြစ်သွားခဲ့၍ ပါဠိဘာသာအားဖြင့် သမ္ဘိန္ဒဓာတု-ဟုခေါ်သည်။


* သိကြားမင်းသည် ဒေါဏပုဏ္ဏား၏ ခေါင်းပေါင်းထဲ ညှပ်ထားသော လက်ယာအထက် စွယ်တော်တစ်ဆူကို ယူ၍ တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီ၌ ဌာပနာ၍ ကိုးကွယ်သည်။


* ဇေယျသေန နဂါးမင်းသည် ပြာနှင့်ဖုံးထားသော လက်ယာအောက် စွယ်တော်ကို တန်ခိုးဖြင့်ပင့်ယူ၍ ကြီးကျယ်ခမ်းနားစွာ ကိုးကွယ်လေသည်။ ယင်းစွယ်တော်သည် နောက်-သီဟိုဠ်ကျွန်း၊ ပုလတ္ထိပုရမြို့ သောမာယတီ၌ ကိန်းဝပ်သည်ဟု အဆိုရှိသည်။


* ဂန္ဓာရတိုင်း၌နေဖူးသော ဗျာဒိတ်တော်ရ ရဟန်းတော်တပါးသည် ဒေါပုဏ္ဏား ခါးပိုက်ထဲထည့်ထားသည့် လက်ဝဲအထက် စွယ်တော်တဆူကို ကုသိုလ်စိတ်ဖြင့် ပင့်ယူ၍ ဂန္ဓာရတိုင်း၊ စေတိယတောအုပ်၌ စေတီတည်ထား ကိုးကွယ်ခဲ့လေသည်။ ဂန္ဓာရတိုင်းသို့ ရောက်သွားသော စွယ်တော်သည် ဂန္ဓာရတိုင်း သာသနာပျက်သောအခါ တရုတ်ပြည်မှ ဘုန်းကြီးများ လာပင့်သွားသည်။


* အရှင်သာရိပုတ္တရာ၏တပည့် ခေမာမည်သော ရဟန္တာအရှင်မြတ်သည် ခေါင်းတလားကို မဖွင့်ခင်ကပင် လက်ဝဲအောက်စွယ်တော်ကို တန်ခိုးဖြင့်ပင့်၍ ဗြဟ္မဒတ်မင်းသို့ အပ်နှင်းခဲ့သည်။


* ကလိင်္ဂတိုင်းမှာ စစ်ဖြစ်၍ စေတီ, ပုထိုးများ အကုန်လုံး အဖျက်ဆီးခံရသောအချိန်မှာ မင်းသမီးတပါးက ဆံထုံးထဲထည့်ပြီး ပင်လယ်ထဲ သင်္ဘောနှင့်ထွက်ပြေးကာ သီဟိုဠ်သို့ ပို့လိုက်သည်။ ယခုအခါ သီဟိုဠ်ကျွန်း ကန္နီအမည်ရှိသောမြို့၌ ကိန်းဝပ်တော်မူလျက် ရှိပါသည်။


ဗုဒ္ဓဘာသာတရားကို ရိုသေကိုင်းရှိုင်းသော ဘုရင်များသည် နိုင်ငံအရပ်ရပ်၌ စေတီတည်ပြီး ငြိမ်းအေးသော ဗုဒ္ဓဓာတ်တော်ကို ဌာပနာတည်ထားကိုးကွယ်ကြသည်။
အသောကမင်းလက်ထက် ရောက်သောအခါ ဓာတုစေတီ (၈)ဆူသည် နှစ်(၂၀၀)ကြာပြီဖြစ်သောကြောင့် 
ဆွေးပြီးပြိုကျခဲ့ပါသည်။ ချု့ထဲ၊ တောထဲ ရောက်ကုန်ပါသည်။ အသောကဘုရင်သည် နေ့စဉ် အိန္ဒိယပြည်ကို သွားပြီး စေတီတော်များကို ရှာပါသည်။ အသောကဘုရင်နှင့် မြတ်စါာဘုရား ပရိနိဗ္ဗာန်စံပြီးကြားမှာ နှစ်ပေါင်း (၂၀၀)ကြာပါသည်။ ဓာတ်တော်များကို ပြန်တူးရာ တစ်တင်းသား အကုန်လုံး ပြန်ရပါသည်။


ရှစ်ဆူသောစေတီတော်များထဲမှ ဓာတ်တော်တစ်တင်းကို (၈၄၀၀၀)ပုံပြီးအသီးသီးဖြန့်ပြီး ဌာပနာတိုက်မှာ ထားသောအခါ ကမ္ဘာမြေကြီးပေါ်မှာ ဘုရားဓာတ်တော်များ ပြန့်သွားပါသည်။ စေတီပေါင်း (၈၄၀၀၀)တည်ဆောက်ခဲ့ရာ ယခုတိုင် ဖူးမြင်နိုင်ပါသေးသည်။


သက်တော်ထင်ရှား ဘုရားရှင်နှင့်မခြား စေတီတော်၌ ကြည်ညိုစိတ်ထားပါလျှင် တူညီသောအကျိုးများ ရရှိနိုင်ကြောင်း ဝိမာနဝတ္ထုပါဠိတော်တို့၌ လာရှိပါသည်။ 
ထို့ကြောင့် မြောက်မြားလှစွာသော ကမ္ဘာအရပ်ရပ်ရှိ စေတီ, ပုထိုး တို့ကို ဘုရားတပည့်တော်တို့သည် အရပ်ဌာနအားလုံးတို့၌ တည်ရှိသော အလုံးစုံသော ဓာတ်တော်ကိန်းအောင် စေတီတော်အပေါင်းကို၎င်း၊ သာရီရိကမွေတော်နှင့် မဟာဗောဓိပင်အပေါင်းကို၎င်း၊ အလုံးစုံသော ဆင်းတုတော်ဟူ အဆူဟူသမျှကို၎င်း နေ့,ညဥ့်မပြတ် အခါခပ်သိမ်း ဆယ်လက်မြှောက်မိုး ရှိခိုးဦးချ ကန်တော့ကြပါကုန်စို့-ဟူ၍ အကြံပြုလျက်.....
ဘဏ်အရာရှိဟောင်း တဦး
(ဂမ္ဘီရ ၂၀၀၉-ဇူလိုင်လ)   
မင်္ဂလာသတင်းစဉ် 

************************************** 

စေတီ ၄ မျိုး နှင့် စေတီတည်ထိုက်သောပုဂ္ဂိုလ် ၄ ပါး

၁။ သဗ္ဗညုဗုဒ္ဓမြတ်စွာဘုရား
၂။ ပစ္စေကဗုဒ္ဓါ
၃။ ရဟန္တာ
၎။ စကြာဝတေးမင်း



စေတီ ၄ ပါး
၁။ မြတ်စွာဘုရား သရီရဓာတ်တော်တို့ကို ထည့်သွင်းဌာပနာ၍ တည်ထားပြုစုအပ်သော
   စေတီသည် ဓာတုစေတီ

၂။ မြတ်စွာဘုရားသုံးဆောင်တော်မူတတ်သော သင်္ကန်း၊ သပိတ်၊ ရေစစ်၊ ခါးပန်းစသော
    ပရိက္ခရာတို့ကို ထည့်သွင်းဌာပနာ၍ တည်ထားပြုစုအပ်သော စေတီသည်
    ပရိဘောဂစေတီ။ (မှတ်ချက်။ ဗောဓိပင်လည်း ပရိဘောဂစေတီတွင်ပါဝင်ပါသည်။)

၃။ ပဋိစ္စသမုပ္ပါဒ် စသော တရားတော်တို့ကို ရွှေပြား၊ ငွေပြား၊ ပေရွက်စသည်တို့၌ရေး၍ 
    ထည့်သွင်းဌာပနာ၍ တည်ထားပြုစုအပ်သော စေတီသည် ဓမ္မစေတီ
၎။ မြတ်စွာဘုရား သဏ္ဍာန်တော်ကဲ့သို့ ကိုယ်စားတော်အဖြစ် ထုလုပ်ရေးသွင်းအပ်သော
   ရုပ်ပွားဆင်းတုတော်သည် ဥဒ္ဒိဿကစေတီ
ထိုမှတစ်ပါး သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရားတို့၏ ဓာတ်တော်၊ မွေတော် ပရိက္ခရာ ဓမ္မက္ခန္ဓာတို့၏ ကိန်းဝပ်ရာဟု ရည်မှတ်အာရုံပြု၍ သက်သက်သော မြေပုံ၊သဲပုံတို့ကို သဲပုံစေတီပြု၍ ကိုးကွယ်ပူဇော်အပ်၏။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် သက်တော်ထင်ရှား ရှိတော်မူသော မြတ်စွာဘုရားကို ရည်မှတ်၍ ကိုယ်စားတော်စားဖြစ်သော စေတီတော်၊ ဓာတ်တော်၊ မွေတော်၊ ရုပ်ပွားဆင်းတုတော် တို့ကို ပစ္စည်းလေးပါးဖြင့် သဒ္ဓါရွှင်လန်း လှူဒါန်းပူဇော်ခြင်း၊ အရိုအသေအလေးအမြတ် ကိုးကွယ် ခြင်း စသည်တို့ပြုသောသူသည် သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရားအား လှူဒါန်း ကိုးကွယ်ရသည်မည်၏။
သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားကို ပစ္စည်းလေးပါးတို့ဖြင့် လှူဒါန်းပူဇော်ရသောသူနှင့် ယခုအခါ သာသနာတော်အတွင်း၌ ကိုယ်စားတော် ရုပ်ပွားဆင်းတုတော် ဓာတုစေတီများကို ကိုးကွယ်ပြုစု ဒါန၀တ္ထုတို့ဖြင့် လှူဒါန်းပူဇော်ရသောသူတို့သည် သဒ္ဓါကြည်ဖြူသော စိတ်တူမျှလျှင် မူကား တူမျှသောအကျိုး၊ တူမျှသော အာနိသံသ ခံစားရကြပေ၏။
စေတီရင်ပြင်၌ ထီးဆောင်းခြင်း၊ ဖိနပ်စီးခြင်း၊ ကျင်ကြီးကျင်ငယ်နှင့် တံတွေးစွန့်ခြင်း စသည်တို့ကို မပြုအပ်၊ ပြုလုပ်လိုသော စေတနာဖြင့် ပြုလုပ်ခဲ့သော် ဘုရား၌ရိုသေခြင်းမရှိ၊ အဂါဝရဖြစ်၏။
ဗောဓိပင်ကို ဖျက်ဆီးလိုသော စေတနာဖြင့်မဟုတ်ဘဲ ဓာတ်တော်နှင့်တကွ စေတီတို့ကို လည်းကောင်း၊ ဗောဓိပင်ကိုလည်းကောင်း၊ ဆင်းတုတော်ကိုလည်းကောင်း ထိခိုက်နှိပ်စက်အပ် သော ဗောဓိခက်ကို ဖြတ်အပ်၏။ ထိုဗောဓိပင်၌နားသော ဌက်တို့သည် စေတီတော်၏အပေါ်၌ ကျင်ကြီးစွန့်ခဲ့မူ ထိုဌက်နားသော ဗောဓိခက်တို့ကို ခုတ်ဖြတ်အပ်၏။
စေတီ၊ဗောဓိပင် စသည်တို့ကို မသင့်မတင့်သော နှလုံးသွင်း၍ ပြစ်မှားလိုသော စိတ်ဖြင့် ဖျက်ဆီးခြင်း၊ ခုတ်ဖြတ်ခြင်းကြောင့် အပါယ်ကျတတ်၏။
ဟောင်းနွမ်း ဆွေးမြေ့လေပြီးသော စေတီ၊ ဂူ၊ကျောင်း၊ တန်ဆောင်း၊ ဇရပ်တို့ကို စေတနာကောင်း ဖြင့် နှလုံးသွင်းပြီးလျှင် အဟောင်းကိုဖျက်၍ အသစ်ပြုပြင်ဆင်လျှင် သုဂတိလားတတ်၏။
စေတီတည်ထိုက်၊ ကိုးကွယ် ရှိခိုးအပ်သော ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်အား ယခုကဲ့သို့ ရှင်းလင်းတင်ပြရခြင်းမှာ ယခုခေတ်လူငယ်အချို့ (မိစ္ဆာဒိဌိအယူရှိသူတို့) က မြတ်စွာဘုရား၏ ပုံတော်၊ ဆင်းတုတော်၊ ကိုယ်စားတော်တို့အား ရှိခိုးရုံမျှဖြင့် အကျိုးမရှိဟု ပြောဆိုနေကြသော ကြောင့် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော စေတီ ၄ မျိုးနှင့် စေတီတည်ထိုက်သော ပုဂ္ဂိုလ်များအကြောင်း တင်ပြလိုက်ရပါသည်။
(မှတ်ချက်)အောက်ပါဆိုဒ်မှကူယူတင်ပြလိုက်ပါသည်
http://www.dhammature.co.cc/2011/05/blog-post_02.html#more 
******************************************************* 
စေတီ
စေတိယ =စေတီ ဟူသည် မူလအနက်အရ လူတို့အမြတ်တနိုး ရှိခိုးဦးချ ကိုးကွယ်ကြသည့် အရာမှန်သမျှကို ဆိုလိုပါသည်။ သို့သော် ပါဠိဘာသာကို ဗုဒ္ဓဘာသာတွင်သာ သုံးနှုန်းသဖြင့် ဗုဒ္ဓ၏ ဓာတ်တော်မွေတော်၊ အသုံးအဆောင်များ အစရှိသည်တို့ကို ဌာပနာထားသော သာသနိက အဆောက်အဦးများ၊ ထိုသို့ဌာပနာမပါသော်လည်း ဗုဒ္ဓကိုရည်မှန်း ဆောက်လုပ်ထားအပ်သော သာသနိကအဆောက်အအုံများကို စေတီဟု သတ်မှတ်နိုင်ပါသည်။ စေတီသည်
ဓာတုစေတီ = ဘုရားရှင်၏ ဓာတ်တော်
ဓမ္မစေတီ၊ = တရားတော် ၊ ဓမ္မခန္ဓာများ
ဥဒိဿစေတီ၊ = ဘုရားရှင် ကိုယ်စား ရုပ်တုတော် ၊ ဆင်းတုတော် ၊
ပရိဘောဂစေတီ = ဘုရားရှင်၏ အသုံးအဆောင်
ဟု လေးမျိုးရှိပါသည်။ အကျယ်ကို မိမိတို့ဘာသာ ရှာဖွေလေ့လာနိုင်ပါသည်။
ရုပ်ပွားတော်၊ ပုံတော်များမှအစ ဘုရားပုထိုးများတိုင်အောင် စေတီမည်နိုင်ပါသည်။ သို့သော် ဌာပနာဖြင့်ဖြစ်စေ၊ ဌာပနာမပါဘဲဖြစ်စေ ဆောက်လုပ်ကိုးကွယ်သည့် အဆောက်အဦးများကိုသာ မြန်မာတို့က စေတီခေါ်နေကြသည်။
စေတီတွင် မည်သည့်အရာ ဌာပနာနိုင်သည်နှင့် စပ်လျဉ်း၍ အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားပါ။
(၁) ကိုးကွယ်ပူဇော်ခံထိုက်သော ပုဂ္ဂိုလ်တို့၏ ကြွင်းကျန်ရစ်သည့် ဓာတ်တော်များ၊ အသုံးအဆောင်များ စသည့် ကိုးကွယ်ခံထိုက်သော ဂုဏ်အင်္ဂါရှိသည့် ပစ္စည်းများဖြစ်ရန်လိုခြင်း
(၂) အဖိုးတန်ရတနာများ ထည့်သွင်းဌာပနာရခြင်းမှာ စေတနာရှင်တို့က နောင်တွင် စေတီပျက်စီးယိုယွင်းခဲ့သော် နောင်လာနောင်သားတို့က ၎င်းတို့ကို အသုံးချ၍ ပြင်ဆင်နိုင်စေရန် ထည့်သွင်းထားခြင်း
(၃)စေတီတည်ထားသူတို့ကို နောင်လာနောင်သားတို့ သိမှတ်နိုင်စေခြင်းငှာ ၎င်းတို့၏ရုပ်တုများကိုလည်း ဌာပနာတိုက်တွင် ထားရှိတတ်ခြင်း
အမှတ် (၁) အချက်အတွက် မဟာပရိနိဗ္ဗာနသုတ်တွင် ဘုရားရှင်က စေတီတည်ထိုက်သည့် ပုဂ္ဂိုလ်လေးဦးကို အရှင်အာနန္ဒာအား မိန့်ကြားရာ၌ (၁) သဗ္ဗညုဗုဒ္ဓ (၂) ပစ္စေကဗုဒ္ဓ (၃) ရဟန္တာ (၄) စကြ၀တေးမင်း ဟုပါရှိပါသည်။ (စကြ၀တေးမင်းကို ပူဇော်ထိုက်သည် ဆိုခြင်းကြောင့် အရဟတ္တဖိုလ်မရသေးသည့် အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ်တို့ကိုလည်း ပူဇော်လိုက ပူဇော်နိုင်သည်ဟု ယူနိုင်ပါသည်) ထိုမှတပါး ပုထုဇဉ်များ၏ အရိုးပြာ၊ အသုံးအဆောင် စသည်တို့သည် ဓာတ်တော်မထိုက်၊ စေတီတည်ရာတွင် ဌာပနာမပြုထိုက်၊ ရှိခိုးဦးချရန် မထိုက်ဟု ယူဆပါသည်။


ဘုရားအလောင်းတော်၏ စေတီတော်
( က )တာဝတိံသာနတ်ပြည်၌ စူဠာမဏိ စေတီတော်။
( ခ )အကနိဋ္ဌဗြဟ္မာပြည်၌ ဒုဿစေတီတော်
ဟူ၍ နှစ်ဆူ ရှိပေသည်။
( က )တာဝတိံသာနတ်ပြည်၌ စူဠာမဏိ စေတီတော် တည်ရှိပုံမှာ သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်သည် မင်းသားငယ်၏ မင်းစည်းစိမ် (၁၆)နှစ်၊ မင်းကြီး၏ မင်းစည်းစိမ်ကို (၁၃)နှစ် စံစားပြီး၍ သက်တော် (၂၉)နှစ်တွင် သူအို သူနာ သူသေ ရဟန်း- ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ ညဥ့်သန်းခေါင်ယံ အချိန်တွင် တောထွက်တော်မူခဲ့လေသည်၊ အနောမာမြစ် တစ်ဘက်ကမ်းသို့ ရောက်သောအခါ ရဟန်းပြုရန်အတွက် ဆံထုံးတော်ကို သံလျက်ဓားဖြင့် ဖြတ်၍ မကိုဋ်နှင့်တကွ ဆံထုံးတော်ကို အဓိဋ္ဌာန်ုပြုကာ ကောင်းကင်သို့ မြှောက်တင်လိုက်လေ၏။

မိမိသည် စင်စစ်ဧကန် ဘုရားဖြစ်မည့်သူ မှန်ခဲ့ပါလျှင် မကိုဋ်နှင့်တကွ ဆံထုံးတော်သည် ကောင်းကင်၌ ချိတ်ဆွဲထားသကဲ့သို့ တည်ပါစေ၊ ဘုရားဖြစ်နိုင်သူ မဟုတ်ပါက မြေပြင်သို့ ပြန်ကျလာပါစေ ဟု အဓိဋ္ဌာန်ပြုကာ မြှောက်တင်လိုက်ရာ တစ်ယူဇနာ ခန့်မြင့်သော ကောင်းကင်၌ တည်နေလေ၏။
သိကြားမင်းသည် နတ်တို့မျက်စိ (ဒိဗ္ဗစက္ခု) ဖြင့် မြင်၍ မကိုဋ်နှင့်တကွ ဆံထုံးတော်ကို ရွှေပန်းတောင်းဖြင့် ဆောင်ယူကာ တာဝတိံသာနတ်ပြည်၌ မကိုဋ်တော်နှင့်တကွ ဆံထုံးတော်ကို ဌာပနာသွင်းကာ အလွန်နှစ်သက်ဖွယ်ရာ ကောင်းလှသော ရတနာ (၇)ပါးတို့ဖြင့် ခြယ်စီကာ စေတီတော်ကို တည်ထားလေ၏။
စေတီတော်၏ ဉာဏ်တော်အမြင့် ပမာဏမှာ (၃)ယူဇနာ မြင့်ပေသည်၊ တယူဇနာလျှင် (၈)မိုင်နှုန်းဖြင့် တိုင်းတာခဲ့သော် (၂၄)မိုင် ဉာဏ်တော်မြင့်ပေသည်၊ မကိုဋ်တော်နှင့်တကွ ဆံထုံးတော်ကို ဌာပနာ ထည့်သွင်းထားသောကြောင့် စူဠာမဏိ-စေတီ-ဟု ခေါ်ကြပေသည်။

ဆောင်ပုဒ်

စူဠာမဏိ, အမည်ရှိ, တည်ဘိဝတိံသာ၊
ဉာဏ်တော်ပမာ, သုံးယူဇနာ, မှန်စွာမြင့်ပေတာ ။

( ခ)အကနိဋ္ဌဗြဟ္မာပြည်၌ ဒုဿစေတီတော် တည်ရှိနေပုံမှာ-ကဿပမြတ်စွာဘုရားလက်ထက်တော်အခါက သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်နှင့် အလွန်ချစ်ခင်ရင်းနှီးသော ဃဋိကာရဗြဟ္မာကြီးသည် သိဒ္ဓတ္ထ မင်းသား ဘုရားအလောင်းတော် ဆံထုံးကိုဖြတ်၍ ရဟန်းပြုတော့မည့် အဖြစ်ကို မြင်သောကြောင့် တိစီဝရိတ် (သင်္ကန်းသုံးထည်) သပိတ်၊ ဓား၊ အပ်နှင့် အပ်ချည်၊ ခါးပန်း၊ ရေစစ်-ဟူသော ပရိက္ခရာ ရှစ်ပါးကို ယူဆောင်လာ၍ ဘုရားအလောင်းတော်အား ဆက်ကပ်လှူဒါန်းလေ၏၊ အလောင်းတော်သည် ၀တ်လဲတော် ပုဆိုးကိုချွတ်၍ ပရိက္ခရာရှစ်ပါးကို နေရာတကျ ကြည်ညိုဖွယ်ဖြစ်အောင် ၀တ်ရုံလိုက်လေ၏။

ဆောင်ပုဒ်

တိစီဝရိတ်, သပိတ်-ဓား-အပ်, ခါးပန်း-ရေစစ်, ရှစ်ခုဖြစ်, စင်စစ်ပရိက္ခရာ
ဃဋိကာရဗြဟ္မာကြီးသည် အလောင်းတော်၏ ၀တ်လဲတော်ပုဆိုးကို ယူဆောင်၍ ရူပါဝစရဗြဟ္မာပြည်တွင် အမြင့်ဆုံး အကနိဋ္ဌဗြဟ္မာဘုံ၌ ၀တ်လဲတော်ပုဆိုးကို ဌာပနာသွင်း၍ အလွန်နှစ်သက်စရာကောင်းသော ရတနာတို့ဖြင့် ခြယ်စီကာ စေတီတော်ကို တည်ထားလေ၏၊ စေတီတော်၏ ဉာဏ်တော်ပမာဏမှာ (၁၂)ယူဇနာ မြင့်ပေသည်၊ တစ်ယူဇနာ (၈)မိုင်နှုန်းဖြင့် တိုင်းတာခဲ့သော် (၉၆)မိုင် ဉာဏ်တော်အမြင့် ရှိပေသည်၊ ၀တ်လဲတော်ပုဆိုးကို ဌာပနာသွင်း၍ ထားသောကြောင့် ဒုဿစေတီ-ဟု ခေါ်ကြပေသည်။

ဆောင်ပုဒ်

ဒုဿမည်ရှိ, စေတီ၏, တည်ရှိကနိဋ္ဌာ ။
ဉာဏ်တော်ပမာ, ဆယ့်နှစ်ယူဇနာ, မှန်စွာမြင့်ပေတာ ။

လူ့ပြည်၌ရှိသော စေတီ ၃-မျိုး
၁။ မြတ်စွာဘုရား၏ သွားတော်, စွယ်တော်, ဆံတော် စသည်များသည် သာရီရိကစေတီ မည်၏။
၂။ မြတ်စွာဘုရား၏ အသုံးအဆောင်ဖြစ်သော ကျောင်းတော်, ပလ္လင်တော်, သလွန်တော်, ဗောဓိပင်, ပရိက္ခရာ စသည်များသည် ပရိဘောဂစေတီ မည်၏။
၃။ မြတ်စွာဘုရား၏ ကိုယ်စား ပြုလုပ်ထားသော ကျောက်ဆင်းတု, ကြေးဆင်းတု, စသော ရုပ်ပွားတော်များသည် ဥဒ္ဒိဿကစေတီ မည်၏။


တစ်နည်း

စေတီ ၅-မျိုး
၁။ မြတ်စွာဘုရား၏ အသုံးအဆောင် ပရိက္ခရာများကို ဌပနာသွင်း၍ တည်ထားသော စေတီသည် ပရိဘောဂ စေတီမည်၏။
၂။ မြတ်စွာဘုရား၏ ကိုယ်စား ပြုလုပ်ထားသော ကျောက်ဆင်းတု ကြေးဆင်းတု စသော ရုပ်ပွားတော်များသည် ဥဒ္ဒိဿက စေတီမည်၏။
၃။ မြတ်စွာဘုရား၏ သွားတော် စွာ်တော် ဆံတော်စသည်များကို ဌာပနာသွင်း၍ တည်ထားသော စေတီသည် ဓာတုစေတီမည်၏။
၎။ မြတ်စွာဘုရား ဟောကြားတော်မူသောပဋိစ္စသမုပ္ပါဒ် တရားတော်, ဓမ္မစကြာတရားတော် စသည်များကို ကြေးပြား ရွှေပြား စသည်တို့၌ ရေးသားကာ ဌာပနာသွင်း၍ တည်ထားသော စေတီသည် ဓမ္မ စေတီမည်၏။
၅။ ကျောက်တုံး ကျောက်ဖျာ စသည်များ၌ မြတ်စွာဘုရား နင်းချတော်မူထေားသော ခြေတော်ရာများသည် ပါဒ စေတီမည်၏။
ဤစေတီ ၃-မျိုး၊ စေတီ ၅-မျိုးတို့သည် လူ့ပြည်၌ ရှိနေကြပေသည်။

တည်ဆောက်မှု အယူအဆ
စေတီပုထိုးတည်ထားမှုနှင့် စပ်၍ လောကုတ္တရာနည်း ဟူ၍ကား မရှိ၊ လောကီနည်းအားဖြင့်ကား ကူခမ်းမြို့ မြောက်မျက်နှာ၊ ရွှေဥမင်ဆရာတော်ဘုရားကြီး စီရင်သော ထုံးကိုမှီ၍ ပြုစုထားသော သတ္ထုရူပက ၀ိလာသနီကျမ်းတွင် အကျယ်ဖော်ပြပါရှိသည်။
လိုရင်းမျှ ထုတ်နုတ်ဖော်ပြရသော်-
ဧကောဇေယျော ဒွေသိဒ္ဓိ-စသောဂါထာဖြင့် မိမိတည်လိုသော စေတီ၏ ဉာဏ်တော်အတောင်ကို မိုက်ဖွဲ့၍ ၇-ခြင့်စားပါ၊
၁-ကြွင်းလျှင် ဇေယျ၊
၂-ကြွင်းလျှင် သိဒ္ဓိ၊
၃-ကြွင်းလျှင် ဒုက္ခ၊
၎-ကြွင်းလျှင် လာဘ၊
၅-ကြွင်းလျှင် မရဏ၊
၆-ကြွင်းလျှင် သုခသမ္ပတ္တိ၊
၇-(သုည) ကြွင်းလျှင် သုည၊ (သုဉ်း-ပျက်စီး) နှင့် ကလဟ-ဟု ဆိုပါသည်။
ထို့အတူ အ၀န်းကို ၈-ဖြင့်စား၍ ၁-ကြွင်းလျှင် တံခွန်၊ ကုန်သည်တို့နှင့်သင့်။(ကုန်သည်တို့ ကိုးကွယ်သင့်)
၂-ကြွင်းလျှင် အခိုး-ရဟန်း-ပုဏ္ဏား၊
၃-ကြွင်းလျှင် ခြင်္သေ့ ပြည့်ရှင်မ၊
၎-ကြွင်းလျှင် ခွေး-တောသား၊ မုဆိုး၊
၅-ကြွင်းလျှင် နွား-သူဆင်းရဲ၊
၆-ကြွင်းလျှင် မြည်း-သူဋ္ဌေးသူကြွယ်၊
၇-ကြွင်းလျှင် ဆင်-အမတ်စစ်သူကြီး၊
၈-(သုည) ကြွင်းလျှင် ကျီး-ပြည့်တန်ဆာမတို့နှင့် ဆိုင်ကြောင်း ဖော်ပြထားသည်။
ထို့အတူ ပန်းလည်တိုင် ( ပိန္နဲတိုင် ) ကိုလည်း မိုက်ဖွဲ့၊ ၇-ဖြင့်စား၍ အကြွင်းကို ကြည့်ပြီးဟောပုံ၊ အုတ်မြစ်ချပုံ၊ ဌာပနာပုံများ၊ ပါရှိသေးသည်၊ ဤတွင် မဖော်ပြသာပါ၊
အဟောင်းကို ပြင်ဆင်ရာ၌ကား မူလဉာဏ်တော်ထက် အနည်းငယ်မြှင့်၍ တည်ရကြောင်း အဆိုရှိပါသည်၊ ဤသို့ စေတီ ပုထိုးများ တည်ထားကိုးကွယ်မှုမှာ မြတ်စွာဘုရား၏ ဓာတ်တော် မွေတော် ဥဒ္ဒိဿစေတီတော်များကို ဌာပနာ၍ ကိုးကွယ်ခြင်းဖြစ်သဖြင့် ဓာတုစေတီ ပရိဘောဂစေတီတော်ကို ပူဇော်ရခြင်းဖြစ်၍ သက်တော်ထင်ရှား မြတ်စွာဘုရားအား ပူဇော်ရခြင်းနှင့် ထပ်တူပင်ဖြစ်ကြောင်း ၀ိမာန၀တ္ထုပါဠိတော်၊ အပါဒါန်ပါဠိတော်များ၌ ဟောတော်မူထားပါသည်၊ အချည်းနှီး အကျိုးမရှိ-ဟု မဆိုထိုက်၊ လွန်စွာပင် အကျိုးရှိကြောင်း မှတ်သားသင့်ပါသည်။ 
အညွန်း -http://wikimyanmar.co.cc 


The 10 Parts of Pagoda
  1. The Diamond Bud (Sein-phoo)
  2. The Vane
  3. The Crown (Htee)
  4. The Plantain Bud-Shaped Bulbous Spire (Hnet-pyaw-phu)
  5. The Ornamental Lotus Flower (Kyar-lan)
  6. The Embossed Bands (Bang-yit)
  7. The Inverted Bowl (Thabeik)
  8. The Bell (Khaung-laung-pon)
  9. The 3 Terraces (Pichayas)
  10. The Base

 

ဘုရားသို့မှန်း ခြေတလှမ်း သိန်းသန်းမကထိုက်
လှူသူ၊ ဖူးသူ၊ ပေးဝေသူ နတ်လူ ဘုံသို့ဆိုက်


ဆိုသော လင်္ကာလေးကို သဘောပေါက်လာပါလိမ့်မည်..

ထို့ အပြင်
စေတီတော်မှ ညွှန်ပြသော သင်္ကေတများမှ ဟောပြောနေသော တရားတော်များကို ဆင်ခြင် နှလုံးသွင်း နိုင်ပါက ပါရမီ ရင့်သန်ပြီးသူ ဖြစ်ပါက ဘုရားဖူးရင်းပင် နိဗ္ဗာန်ရနိုင်ကြောင်း ပြောမည်ဆိုပါက. လွန် အံ့မထင်


စေတီဆိုတဲ့ ဝေါဟာရ

စေတီဆိုတဲ့ဝေါဟာရက ဗုဒ္ဓဘုရားရှင် မပွင့်ထွန်းခင်ကတည်းက အိန္ဒိယနိုင်ငံမှာ ရှိနေခဲ့ပါတယ်။ ဝေသာလီပြည်ကြီးရဲ့ အနီးပတ်ဝန်းကျင်မှာ အမျိုးမျိုးသော အရာဌာနတွေကို စေတီသမုတ်ပြီး ကိုးကွယ်ခဲ့တာကြောင့် စေတီတွေ များစွာရှိခဲ့ပါတယ်။ အချို့စေတီတွေကတော့ နတ်ဘီလူးကြီးများကို ရည်မှတ်ပြီး တည်ဆောက်ထားတဲ့ နတ်ကွန်းတွေဖြစ်ပါတယ်။ အချို့တော့ နတ်ကြီးတယ် ဆိုပြီး မခူးကြနဲ့ မဖျက်ဆီးကြနဲ့ စသည်ဖြင့် သီးခြားသတ်မှတ်ထားတဲ့ ဥယျာဉ်ကြီးတွေဖြစ်ပါတယ်။ အချို့စေတီတွေဟာ တောင်တွေဖြစ်ပါတယ်။ အချို့ကတော့ တောတွေဖြစ်ပါတယ်။

စေတီဆိုတဲ့ အဓိပ္ပာယ်

စေတီဆိုတဲ့ အဓိပ္ပာယ်မှာ အရိုအသေပြုအပ်သော အရာ၊ ဌာန အားလုံးပါဝင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်ကတော့ မြန်မာလို ပြန်ရင် အရိုအသေပြုအပ်သော သင်္ကေတ ဆိုတာပဲ သင့်တော်မယ်ထင်ပါတယ်။

ထေရဝါဒဗုဒ္ဓသာသနာပြင်ပမှ စေတီများ

ဟိန္ဒူ ဘုရားစေတီများ ၊ ဒီနေ့ခေတ် Holy City တွေအဖြစ် သတ်မှတ်ခံထားရတဲ့ လာဆာ၊ မက္ကာ၊ ဂျေရုဆင် တို့လို မြို့တော်တွေဟာလည်း သက်ဆိုင်ရာ ဘာသာဝင်တို့ရဲ့ အရိုအသေပေးရာ ဌာနတွေ ဖြစ်လို့ အထက်ကပြောခဲ့တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် အတိုင်းပြောရရင် စေတီခေါ်ထိုက်ပါတယ်။
(အခုပြောခဲ့တဲ့ စေတီတွေကတော့ ထေရဝါဒဗုဒ္ဓသာသနာ ပြင်ပက စေတီတွေပါ )

ထေရဝါဒဗုဒ္ဓသာသနာတွင်းက စေတီ(၄)မျိုး

ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အရိုအသေအလေးအမြတ်ပြုကြတဲ့ သာသနာတွင်း စေတီတွေကတော့ အားလုံးသိကြတဲ့အတိုင်း ၄-မျိုးရှိပါတယ်။

၁) ဓာတုစေတီ-ဘုရား၊ ရဟန္တာများ၏ ဓာတ်တော်များ
၂) ဓမ္မစေတီ-ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ
၃) ပရိဘောဂစေတီ- ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သုံးဆောင်ခဲ့သော အသုံးအဆောင်များ
၎) ဥဒ္ဒိဿကစေတီ- ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွားဆင်းတုတော်များ

ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အလေးအမြတ်ပြုတဲ့ နေရာဌာနတွေလည်း ရှိသေးပါတယ်။ အဲဒါတွေကတော့ ဗုဒ္ဓဂါယာ အစရှိတဲ့ သံဝေဇနိယ လေးဌာနတို့ပါပဲ။

ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အထက်က ဖော်ပြခဲ့တဲ့ စေတီတွေ၊ သံဝေဇနိယ လေးဌာနလို နေရာတွေ အရိုအသေပေးကြ၊ ကိုးကွယ်ကြတဲ့ အခါမှာလည်း နည်းလမ်းမှန်ဖို့ အရေးကြီးလှပါတယ်။ ဗုဒ္ဓရှင်တော် မရှိတော့တဲ့နောက်ပိုင်းကျမှ ဗုဒ္ဓရှင်တော်အမှတ်တရ အဖြစ်နဲ့ သင်္ကေတပြုထားတဲ့ အရာတွေကို မဆိုထားနဲ့ ဗုဒ္ဓရဲ့သက်ရှိထင်ရှား ကိုယ်ကာယကြီးကို ကိုးကွယ်တာတောင် နည်းမှန်လမ်းမှန် မဟုတ်ရင် ဗုဒ္ဓက အားမပေးခဲ့ပါဘူး။ ကဲ့ရဲ့တော်မူခဲ့ပါတယ်။

ကိုးကွယ်ပုံနည်းလမ်းမမှန်တဲ့အခါ ဓာတ်တော်စစ်တွေ၊ ပရိဘောဂ အစစ်တွေ ရှိနေသော်လည်း ဗုဒ္ဓရှင်တော်နဲ့ လုံးဝမလွဲ တစ်ထေရာတည်းတူတဲ့ ပုံတော်ထုလုပ်ထားလည်း အကျိုးများမှာ မဟုတ်ပါဘူး။ ဂါယာအစရှိတဲ့ ဒေသတွေကိုသွားလည်း ငွေကုန်လူပန်းတာက လွဲလို့ သံသရာအတွက် အကျိုးမများပါဘူး။ ဂါယာက ပြန်လာလို့လည်း ဘာမှ မဖြစ်ပါဘူး။

ကျွန်တော်နားလည်သလို ပြောရရင် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ရဲ့ စေတီကိုးကွယ်ခြင်းဟာ ဗုဒ္ဓဘုရားရှင်ဆီက ကယ်တင်ခြင်းတစုံတရာကို လိုချင်လို့၊ ကောင်းချီးမင်္ဂလာမြှောက်စားခြင်း တစုံတရာ လိုချင်လို့ မဟုတ်တာတော့ သေချာပါတယ်။

မြန်မာပြည်မှ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုရားစေတီ များ နှင့် ဗိသုကာပညာရပ်


ဂေါတမဗုဒ္ဓသာသနာ၏ ပထမဦးဆုံးသော ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီ

ဂေါတမဗုဒ္ဓသာသနာ၏ ပထမဦးဆုံးသော ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးဖြစ်ပါတယ်..
( မှတ်ချက်။  ဤစေတီတော်သမိုင်းနှင့် ပတ်သက်၍ ရွှေတိဂုံဘုရားသမိုင်း စာအုပ်တွင် အသေးစိပ်ဖတ်ရှုနိုင်သည့်အတွက်.. ယခု မဖော်ပြတော့ပါ )
ဒါကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီ ကို ရည်ညွှန်းတဲ့အခါမှာ ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့ သာ ကိုးကားဖော်ပြလိုပါတယ်...

ဗိသုကာပညာရပ်တစ်ခုအနေဖြင့် လေ့လာကြည့်မည်ဆိုပါက ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာတို့ ၏ သီးခြားဗိသုကာလက်ရာစင်စစ် ဖြစ်သည်ဆိုသည်ကို
အောက်ပါအချက်များအရ သိရှိနိုင်ပါသည် 


၁.    ရွှေတိဂုံဘုရားသည် အပေါ်မှ မိုးကြည့်လျှင် ပန်းတင်ခုံခေါ် အောက်ခြေအုတ်ခုံကို လေးထောင့်ကျကျ စတုရန်းပုံဆောက်လုပ်ထားပါတယ်.
   ( ဟိန္ဒူ ဘုရားစေတီများသည် အောက်ခြေအုတ်ခုံကို ဖြစ်စေ၊ မြေပေါ်ပိုင်း အဆောက်အဦကို ဖြစ်စေ အ၀ိုင်းပုံနှင့် အခုံးပုံကို အခြေခံပြီး          ဆောက်လုပ်ထားကြောင်း တွေ့ ရှိရမှာဖြစ်ပါတယ် . )

၂.    ပန်းတင်ခုံပေါ်တွင်မှ ပစ္စယာ သုံးဆင့်ခေါ် လှေကားထစ်သဖွယ် ပုံပန်းသဏ္ဍာန်ကို ဆဌဂံ မှ အဆင့်ဆင့် အဌဂံပုံသို့ ပြောင်းလဲ တည်ဆောက်ထားပါတယ်..ရည်ရွယ်ချက်မှာ စတုရန်းမှ စက်ဝိုင်းပုံသို့ ပြောင်းလဲ သွားဟန်ကို မျက်စိ ပသာဒ ဖြစ်ဖွယ် ပညာသားပါပါ ပြေပြေလေး ပြောင်းလဲယူခြင်းဖြစ်ပါတယ်..

၃.    ပစ္စယာ သုံးဆင့် ပေါ်တွင် အမျှဝေခြင်း အထိမ်းအမှတ် ခေါင်းလောင်း မှောက်ကို တည်ထားရာ ခေါင်းလောင်းခြေမှာ အခွက်ပုံဖြစ်ပြီး ခေါင်းလောင်း    စည်းရဲ့အပေါ်ပိုင်းမှာ အခုံးပုံဖြစ်ခြင်း၊ အခုံးနဲ့ အခွက်ကို ကြည့်သူရဲ့ အမြင်တွင် သဟဇာတဖြစ်အောင် ဆက်ထားပုံကို ပညာရှင်များအနေနဲ့    အတုယူကြရပါတယ်

၎.    ခေါင်းလောင်းမှောက်ရဲ့ အထက်တွင် ကြာမှောက် ကြာလှန်ကို တည်ထားပုံမှာလည်း သည်သဘော တရား ပင်ဖြစ်သည်

၅.    ငှက်ပျောဖူးတွင် အထက်သို့ ရှူးတက်သွားပြီးမှ ထိပ်ဆုံးတွင် ထီးတော်နဲ့ ပြန်အုပ်ထားသော ဒီဇိုင်းမှာ လည်း ဖူးမြော်သူရဲ့စိတ်ကို ထိပ်ဆုံးသို့    အာရုံစုစည်းစေပြီးမှ ထီးတော်ကို ကြည်ညိုနိုင်စေရန် ဆွဲဆောင် သော လက်ရာမြောက်သည့် ဗိသုကာပညာရပ်တစ်ခုဖြစ်ပါတယ်

၆.    ပုထိုးတော် ဒီဇိုင်းဖြစ်သော အာနန္ဒာ ဘုရားသည် ထိပ်ပိုင်းက ဟိန္ဒူ ဒီဇိုင်းဟု ထင်ရသယောင်၊ ဆင်သ ယောင် ရှိသော်လည်း လိုဏ်သုံးထပ် လုပ်ထားပုံမှာ လုံးဝမတူ ခြားနားခြင်းရဲ့ သက်သေဖြစ် ၊ ရွှေတိဂုံ ကဲ့သို့ မတည်ရခြင်းမှာ အပူပိုင်းဒေသ ရပ်ဝန်းတွင် တည်ရသည့်အတွက် ဘုရားဖူးလာသူများရဲ့ ကြည်ညိုစိတ်ကို ဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ပုထိုးတော်ကဲ့သို့ တည်ခြင်း၊ လိုဏ်နံရံများရှိ ကျောက်ပန်း ဇကာများသည် အကောင်းဆုံး သက်သေဖြစ်ခြင်း

   ၊ အပြင်ဘက်ဆုံး ကျောက်ပန်း ဇကာသည် ဖုန်စစ်ရန်၊ အလယ်နံရံရှိ ကျောက်ပန်း ဇကာသည် နေရောင်စစ်ရန် ဖြစ်ပြီး အတွင်းဘက်ဆုံး       ရုပ်ပွားတော်များ တည်ထားရာ ဂန္ဓကုဋီ၏ နံရံရှိ ကျောက်ပန်း ဇကာသည်ကား လေပူစစ်ရန် ဖြစ်ကြောင်း ကျောက်ပန်း ဇကာများရဲ့ ဒီဇိုင်းကို ကြည့်ပြီး    သိနိုင်ခြင်း။
    ရည်ရွယ်ချက်မှာ ဘုရားဖူး လာသူသည် နေပူ၊ လေပူ၊ ဖုန်ထူ တို့ကို ဖြတ်ပြီး ဘုရားဖူး လာရာတွင် ပုထိုးတော် ထဲသို့ ရောက်သည်နှင့် လူရော စိတ်ပါ အေးချမ်း တည်ငြိမ် သွားစေရန် ရည်ရွယ်ကြောင်း၊
   နေပူထဲမှ လာသော စိတ်ပျံ့လွင့် နေသော ဘုရားဖူးသူကို အလင်းရောင် စစ်ထား သောကြောင့်    မှောင်သယောင် အလင်းမှိန်သော ပုထိုးတော်ထဲတွင် စိတ်ကို တည်ငြိမ် စေပြီးမှ ရုပ်ပွားတော် ပေါ်တွင်သာ အလင်းကျ ရောက်နေ စေရန် စီစဉ်ထားသော ဗိသုကာ လက်ရာကြောင့် အမှောင်ထဲတွင် လင်းနေသော ရုပ်ပွားတော်ကို ဖူးမြော်စေလေရာ ကြည်ညို သဒ္ဓါစိတ်ကို ဖြစ်ပေါ်စေခြင်း၊
   စိတ်ပညာကိုပါ အသုံးပြုကာ ဘုရားကို ထိုကဲ့သို့သော ပုံပန်းသဏ္ဍာန်ဖြင့် ဆောက်လုပ်သော ဗိသုကာလက်ရာကို အရှေ့တောင် အာရှ တခွင်တွင်ရော၊ တကမ္ဘာလုံး တွင်ပါ မတွေ့ ရှိရခြင်း

ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမက မည်သည့်လူမျိုး၊ ဘာသာရဲ့ အထိမ်းအမှတ် မှာမှ မမြင်ဖူး သောကြောင့် မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာသည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာ ဖြစ်ကြောင်း သိရှိနိုင်ပါသည်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ဘုရားစေတီ ပုထိုးများ သို့ ပုံမှန် မဟုတ်တောင် မကြာခဏ သွားလာ ဖူးမြော် ကြသည်။ အထူးသဖြင့် နေ့ကြီးရက်ကြီးများတွင် လူငယ် လူကြီးမရွေး ဘုရားဖူး သွားကြလေသည်။ သူလိုကိုယ်လို ဘုရားဖူးနေကျ ဖြစ်သောကြောင့် ဖူးမယ့် သာ ဖူးလိုက်သည်။ ဘုရားကို ဘာလို့ သည်လို တည်ထား သလဲ ဆိုတာ၊ ဘုရားမှာ ဘာလို့ သည်လိုနေရာ တွေ ထည့်ထားသလဲ ဆိုတာ သေချာ စဉ်းစားရှာဖွေကြသူ အင်မတန် နည်းပါသည်။ အမှုမဲ့  အမှတ်မဲ့ နေကြသူသာများပါသည်။

ဘာကြောင့် ပန်းတင်ခုံလို့ခေါ်ပြီး သည်လိုပုံစံ တည်ထားရသလဲ။ ဘာကြောင့် ပစ္စယာ ကို ၃ဆင့် ထားရ သလဲ။ ဘာကြောင့် ခေါင်းလောင်းမှောက်မှာ ရင်စည်းကို ဘာ အဓိပ္ပာယ်နဲ့ ထည့်ထားသလဲ။ ဘုရားမှာ ဘာကြောင့် ကြောက်စရာ ဘီလူးပန်းဆွဲ ဆိုတဲ့ပုံနဲ့ ဗိသုကာ လက်ရာ ပါနေရသလဲ။ ဖောင်းရစ်က ဘာလို့ ခုနှစ်ရစ် ဖြစ်နေရသလဲ။ ကြာကို ဘာကြောင့် မှောက်လိုက် လှန်လိုက် ထည့်ထားရသလဲ။ ဘာကြောင့် ကြာပန်းကိုမှ ရွေးထည့်ရသလဲ.. စသည် စသည်ဖြင့်

ယခု ဤစာဖတ်နေသော.. မိတ်ဆွေကရော..
( ကျနော်သည်လည်း.. ဤသို့ အမှုမဲ့ အမှတ်မဲ့  နေခဲ့ပါသည် ။ မိမိ၏ လေ့လာမှု အားနည်းခြင်းကြောင့်
အခြားသော ဘာသာခြား သူငယ်ချင်းများမှ မေးမြန်းသောအခါတွင်  သီးသန့် အဓိပ္ပါယ်ရှိတယ်..ဒါပေမယ့် မိမိမှာ မသိသေးကြောင်း ၀န်ခံ ဖြေကြားခဲ့ရသည်က များပါသည်။ ကဲ့ရဲ့ သူများရှိသောအခါတွင်လည်း လူငယ်စိတ်ဖြင့် မခံချင်စိတ်များကြောင့် အချို့ သော ဥပမာများဖြင့် ပြဿနာကို ဖြေရှင်းခဲ့ရသော်လည်း ရင်ထဲတွင် မကောင်းလှပါ..ကျေနပ်အားရမှု မရှိခဲ့ပါ )


ဘာကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီတွေကို ယနေ့ တွေ့ မြင်နေရသော ပုံများအတိုင်း တည်ထားခဲ့ပါသလဲ

ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီတစ်ခု ၏ အောက်ပါ အစိတ်အပိုင်းများနှင့် အမည်များက မည်သို့ သော အချက်များကို ရည်ညွှန်းနေကြသနည်း..

၁။ ပန်းတင်ခုံ
၂။ပစ္စယာ ၃ ဆင့်
၃။ခေါင်းလောင်းမှောက် ( သို့  ) သပိတ်မှောက်
၎။ဘီလူးပန်းဆွဲ
၅။ခါးစည်း ခေါ် ရင်စည်း ၃ ချောင်း
၆။ဖောင်းရစ် (၇)ရစ်
၇။ ကြာမှောက်
၈။ ရွှဲလုံး
၉။ ကြာလှန်
၁၀။ ငှက်ပျောဖူး
၁၁။ထီးတော်
၁၂။ငှက်မြားနှား
၁၃။ထီးတော်
၁၄။ စိန်ဖူးတော်

ယင်းတို့ အပြင် စေတီအနီးရှိ ဟင်္သာနားနေဟန် တံခွန်တိုင်ကို ဘာကြောင့် တည်ဆောက်ထားကြသလဲ....

၁. ပန်းတင်ခုံကို အကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ လောကုတ္တရာနည်းနဲ့ ပိုင်းခြားရင် အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေ အများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီး ဥပမာပေးခြင်း၊ ဘုရားကို ပန်းကပ်လှူလိုသူတွေ ပန်းတင်လို့ရအောင် အမြင့်ခုံပုံ ဆောက်လုပ်ပေးထားခြင်းကြောင့် ပန်းတင်ခုံဟု အမည်ပေးခြင်း

၂. ပစ္စယာ ကို ၃ဆင့် ထားရခြင်းမှာ တဏှာ ၃ပါးခေါ် လိုချင်မှုအုပ်စု ၃စုကို ရည်ညွှန်းကြောင်း၊
ယင်းတို့မှာ
ဘ၀မရှိမှုကို လိုချင်ခြင်း
 (နိဗ္ဗာန်ကို လိုချင်မှုဖြင့် မရနိုင်၊ အရာအားလုံး သူ့သဘောနဲ့ သူ ဖြစ်ပျက်မှုကို သိပြီး အစွဲကျွတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကို ရနိုင်ပါသည်။ ထို့ကြောင့် အကျင့်တရားမရှိဘဲ နိဗ္ဗာန်ကို လိုချင်ခြင်းသည် ဒိဌိ တမျိုးသာဖြစ်သည်။)၊
ဘ၀ကိုလိုချင်ခြင်း၊
ကာမဂုဏ်တရားများ (ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ) တို့ကို လိုချင်ခြင်း ဟူသော လောကုတ္တရာနယ်ရဲ့ အောက်ခြေက တဏှာသုံးပါးကို သတိပေးရန် ပစ္စယာ ကို ၃ဆင့် ထားရခြင်း

၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ အထက်ပါ သံသရာလည်စေကြောင်း အချက်များကို မပြုလုပ်၊ လက်မခံ ဟူသော အဓိပ္ပာယ်ဖြင့် သပိတ်မှောက်သည်၊ ခေါင်းလောင်းမှောက်သည်ဟု လမ်းညွှန်ခြင်း

၎. သံသရာကို ဘီလူးလိုကြောက်ပြီး အထက်နိဗ္ဗာန် ပန်းကို လှမ်းဆွဲစေချင်သည်ဟူသော သတိပေးချက်ကို ဘီလူးပန်းဆွဲ ဖြင့် ဥပမာပေးခြင်း၊
ပုံပန်းသဏ္ဍာန် ၅ခုမြောက်တွင် ဘီလူးပန်းဆွဲကို ထားခြင်းမှာ
ဥာဏ်စဉ် ၁၆ပါးရှိသည့်အနက် ၅ဆင့်မြောက် ဘယဥာဏ်ကို ညွှန်းဆိုလိုသောကြောင့် သည်နေရာတွင် ဘီလူးပန်းဆွဲ ကို ထားခြင်း၊
(အထက် မြန်မာပြည်တွင် ဘီလူးကို ပါအောင်ထည့်ပြီး အောက်မြန်မာပြည် တွင်မူ ဘီလူး ထားခြင်း အဓိပ္ပာယ်ကို တလွဲတွေးသဖြင့် လည်းကောင်း၊ ဘီလူးကို အပါယ်လေးဘုံသားဟု သတ်မှတ်ကာ ဘုရားတွင် မထားချင်သဖြင့် လည်းကောင်း ဘီလူးမပါဘဲ ပန်းဆွဲကိုချည့်သာ ထည့်လေ့ရှိသည်ကို သီးခြား မှတ်သား နိုင်ပါသည်။ )
သည်နေရာတွင် ပန်းဆွဲ ၁၆ခု ရှိနေသည်မှာ ရိပ်သာများတွင် ယောဂီများကို တရားစစ်ရာတွင် အဆင့်သတ်မှတ်သော သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် မရခင် အခြေခံ ဥာဏ်စဉ် ၁၆ပါးကို ညွှန်းခြင်း

၅. ခါးစည်း ခေါ် ရင်စည်း ၃ချောင်း ထားရခြင်းမှာ
မိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို သီလ၊ သမာဓိ၊ ပညာ ဟူသော ထိမ်းကွပ်မှု ၃မျိုးနှင့် ထိန်းကွပ်ရန် သတိပေးလိုခြင်း

၆. ဖောင်းရစ် (၇)ရစ်မှာ ၀ိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း

၇. စေတီတော်ရဲ့ ၁၄ဆင့်မြောက်မှာ ကြာမှောက်ကို ထားခြင်းသည် တရားအားထုတ်နေသော ယောဂီဖြစ်လျက် သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် ရခါနီး ဥာဏ်စဉ် ၁၄ဆင့်မြောက် ရောက်နေစေဦးတော့ သံသရာအတွက် စိတ်မချရသေးဘဲ ထိုအချိန်တွင် မကောင်းမှုအကုသိုလ်များကို မှောက်မှားစွာ လုပ်မိနိုင်သေးကြောင်း၊ ထိုသို့လုပ်မိပါက အောက်သံသရာ အပါယ်လေးဘုံသို့ မှောက်မှောက်မှားမှား ပြန်လည်ကျရောက်နိုင်သေးကြောင်း သတိပေးလိုခြင်း

၈. ကြာမှောက်နှင့် ကြာလှန်ကြားရှိ ရွဲလုံးများသည်ကား ဒဿန နယ်ကို ပြဆိုပြီး ဥာဏ်စဉ် အမှတ် ၁၅နှင့် ၁၆သည် အခြားမရှိ ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး လောကီသားဘ၀၊ လောကီနယ်မှ လောကုတ္တရာသားဘ၀၊ လောကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း

၉. ကြာလှန်သည် ထို ဥာဏ်စဉ် ၁၆ပါးလုံးကို ရရှိပြီးပါက သောတာပန် ဖြစ်ပြီ ဖြစ်ပြီး အောက်သံသရာကို ပြန်စရာမရှိတော့ဘဲ အထက် မဂ်ဖိုလ်များကို ရရှိကာ အလွန်ဆုံးခုနှစ်ဘ၀သာ သံသရာမှာ ကျင်လည်ရပြီး အထက် နိဗ္ဗာန်ကိုသာ ၀င်စံရသောကြောင့် အထက်သို့လှန်တက်နေသော ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း

၁၀. သင်္ကေတ၀ါဒ အရ ကြာပန်းကို ထားရခြင်းမှာ ရေမှာ နွံမှာ ပေါက်ဖွားသော ကြာပင်ဖြစ်လျက် ရေမစို၊ နွံမလူး၊ မွှေးကြိုင် သင်းပျံ့ခြင်း ရှိသော ကြာပန်းကဲ့သို့ လောကီနယ်မှ လူသားအဖြစ်မှ လောကုတ္တရာ နယ်သား ဘုရားဖြစ်အောင် ကျင့်ကြံ အောင်မြင်ရာတွင် ဘုရားနှင့်ကြာပန်း တို့တွင် အဓိပ္ပာယ် ဆင်တူသော ဂုဏ်ရည်ချင်းကို ဥပမာ ခိုင်းနှိုင်း လိုသောကြောင့် ကြာပန်းကို သုံးခြင်းဖြစ်ကြောင်း၊ ဂေါတမ မြတ်စွာဘုရား ဗျာဒိတ် ခံစဉ်တွင်လည်း ကြာပန်းကိုသာ ကပ်လှူခြင်း၊ ဖွားစဉ်ကလည်း ကြာပွင့်များ အလိုလိုပေါ်လာကာ ခြေချရာတိုင်း ခံလာရခြင်း တို့ကြောင့် ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း၊

ငှက်ပျောဖူး ဆိုတာ ငှက်ပျော တစ်ပင်ရဲ့ နိဂုံး သင်္ကေတ ပါပဲ။ ပေတစ်သီး ကျီးတစ်သား ငှက်ပျော တစ်ပင် တဲ့။ ငှက်ပျော တစ်ပင်ဟာ ငှက်ပျောဖူး ထွက်လာပြီး ငှက်ပျော တခိုင် သီးပြီးတာနဲ့ သူ့ဘ၀ ပြီးဆုံး ရသလို ကြာလှန် အဆင့်ဖြစ်တဲ့ (သံသရာမှာ အောက်သံသရာကို လည်စရာ မလိုတော့တဲ့ နိဗ္ဗာန် ရောက် ဖို့ သေချာ နေတဲ့) သောတာပန် အဆင့်ကို ရောက်ပြီ ဆိုရင် သံသရာမှာ ဆက် ရှင်သန် ကျင် လည် စရာ မလိုတော့တဲ့ အတွက် သံသရာ ပြီးဆုံးတဲ့ အတွက် ငှက်ပျောဖူးနဲ့ တင်စား တာပါတဲ့။ ငှက်ပျောဖူး ပြီးရင်တော့ အထက် မှာ ထီးတော်ပဲ ရှိတော့တာမို့ ထီးတော်နဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေ အကြောင်းကို အောက်မှ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ပေဖူး ပုံ မသုံးဘဲ ငှက်ပျောဖူး ပုံ သုံးရခြင်း အကြောင်းက မျက်စိ အမြင်ထဲ မှာ ပုံပန်း သဏ္ဍာန် အရ ကြည်ညို သပ္ပါယ ဖြစ်မယ့်ပုံကို ရွှေးချယ်ခြင်းဖြစ်မယ်လို့ ထင်မြင်မိပါတယ်။ တစ်ခြားအကြောင်းကြောင့်ဆိုရင် သိတဲ့သူများ ဖြည့်စွက်ပေးကြစေလိုပါတယ်။ သိရှိရသလောက် ငှက်ပျောဖူးဟာ အထက်ကိုပဲ တသမတ်တည်း ရှူးပြီး ထီးတော် ခုနှစ်ဆင့် အဖြစ် တက်သွား သလို သောတာပတ္တိ မဂ်ဥာဏ် ရပြီး သား သူဟာလဲ အထက်မဂ် ဖိုလ် ၇ဆင့် ဆီကို တသမတ်တည်း အစဉ်လိုက် ရရှိ ရောက်ရှိ သွားတဲ့ သဘောကို ဖော်ကျူးတဲ့ အနေနဲ့ ငှက်ပျောဖူးကို ကြာလှန်နဲ့ ထီးတော် ၇ဆင့်ကြား အချိတ်အဆက် မိမိ တည်ထား ဆောက်လုပ် ထားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ရွှေတိဂုံ ဘုရား သမိုင်း စာအုပ်ငယ်မှာ ဖတ်ရှုနိုင်ပါတယ် )

၁၁. ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း

၁၂. ငှက်မြတ်နား ဆိုသည်မှာ ဘုရား၊ ရဟန္တာတို့ လက်ရှိဘ၀မှ နိဗ္ဗာန်သို့ မ၀င်စံမီ (သို့မဟုတ်) ပရိနိဗ္ဗာန် မပြုမီ ခေတ္တခဏ နားနေရာအချိန်အခိုက်အတန့်ကို ပြဆိုလိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရွှေတိဂုံဘုရား၏ ထို ဟင်္သာအမြီးပုံ ငှက်မြတ်နားတွင် ပတ္တမြားကို ထုလုပ်ထားသော ဘုရားရုပ်ပွားတော် လေးကို မြုပ်နှံဌာပနာ ထားခြင်းသည် အဓိကသက်သေဖြစ်ကြောင်း၊ ငှက်မြတ်နား ဟုခေါ်ဆိုလေ့ရှိသော်လည်း တကယ်တော့ အများသူငါ တွေးထင်သလို ငှက်မြီးပုံကို ငှက်မြတ်များကို ကိုယ်စားပြုသည်မဟုတ်ဘဲ နက္ခတ်ဗေဒင် ပညာ တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသော ဟင်္သာပုံ နက္ခတ်ကို ယူကာ သည်စေတီကို တည်ထားကိုးကွယ်သော မြန်မာနိုင်ငံသားများ၏ အစွမ်းအစကို သမိုင်းမှတ်တမ်းတင်ရန်လည်းကောင်း၊ ထိုမြန်မာနိုင်ငံသားများရဲ့ ကုသိုလ် အကျိုး အထွဋ်အထိပ် သို့ ရောက်ပါစေခြင်း အကျိုးငှာလည်းကောင်း ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း၊

၁၃. စိန်ဖူးတော် သည် အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း။ အခြားဓာတ်များကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ဖြင့် ပြင်လို့ရနိုင်သေးသဖြင့် သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကား မည်သို့မျှ ပြန်လည် ပြုပြင် ပြောင်းလဲမှုမရှိတော့သော ဓာတ်ဖြစ်သဖြင့် အသင်္ခတဓာတ်ဖြစ်ကြောင်းကို ရည်ညွှန်းခြင်း

(က) ကာဗွန်ဒြပ်စင် သည် မီးသွေး၊ ကျောက်မီးသွေး၊ ဂျာမနီယမ်နှင့် စိန်ဆိုပြီး လေးဆင့်ရှိရာတွင် စိန်အဆင့်တွင် ကာဗွန်ဒြပ်စင်သည် အသန့်စင်ဆုံးအဆင့်ရောက်နေပြီဖြစ်သလို သောတာပန်၊ သကဒါဂမ်၊ အနာဂမ်နှင့် အရဟတ္တ မဂ်ဖိုလ်ရပြီးသူ ဘုရား၊ ရဟန္တာ တို့တွင် ထိပ်ဆုံးအဆင့် ဘုရားသည် ကိလေသာ လုံးဝစင်ကြယ်ဆုံး အဆင့်ရောက်နေသည်ကို ပြဆိုခြင်း၊

(ခ) အမာဆုံး၊ အသန့်စင်ဆုံးနှင့် ဓာတ်ပြိုကွဲမှု လုံးဝမရှိတော့ခြင်း ဟူသော ဂုဏ်ရည်တူချင်း ခိုင်းနှိုင်းဥပမာပေးထားခြင်း
သည်နေရာတွင် ငှက်မြတ်နားအဆင့်တွင် အခက်အလက်များမှာ ငှက်မြီးသဖွယ် ဖြာထွက်နေသော်လည်း စိန်ဖူးတော်ကို ဘာကြောင့် တလုံးတည်း ထားသနည်းဟူသော မေးခွန်းရှိလာပါသည်။ ရဟန္တာ ကိုယ်တော် ကြီး များသည်ကား အချင်းချင်းတွင် ဘုန်းချင်း၊ တန်ခိုးချင်း၊ ပညာချင်း၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင် သူတို့အသီးသီး ပြုခဲ့ကြသော အကျိုးပေး အားလျော်စွာ ကွဲပြားခြားနား ကြသော်လည်း နိဗ္ဗာန်သို့ ၀င်စံတော်မူကြသည့် အခါတွင်ကား တူညီသော တခုတည်းသော အသင်္ခတဓာတ်သို့သာ သက်ရောက်ကြသဖြင့် စိန်ဖူးတော်ကို တစ်ဆူတည်း ထားခြင်းဖြစ်လေသည်။


၁၄. အထက်ပါအချက်များနဲ့ ပြည့်စုံပါက ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့် မဟာ သတိပဌာန သုတ္တန် ရဲ့ စံချိန်စံညွှန်းများနဲ့ ဆောက်လုပ် တည်ထား ကိုးကွယ်သော စေတီဖြစ်ပြီး စေတီ တည်ရခြင်း အကြောင်း အနှစ်တရား များကို သိရှိပြီး ကြည်ညို ပူဇော်ပါက အဖိုးမဖြတ် နိုင်သော အကျိုးကျေးဇူးတရားများ ခံစားကြ ရမည် ဖြစ်လေသည်။သို့သော် အထက်ပါ အချက်များနဲ့ မပြည့်စုံသော စေတီဖြစ်ပါက ဓာတ်ရိုက် ဓာတ် ဆင်၊ ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့ တည်ထားသော စေတီ မျှသာ ဖြစ်ကြောင်း သိရှိ နိုင်ပါသည်။ ထိုစေတီ များကို ဖူးမြော်ပါက စီရင်သူရဲ့ ရည်ရွယ်ချက်နှင့် ဖူးမြော်သူရဲ့ စိတ်စေတနာ အလိုက်သာ အကျိုး ပေးမည်ဟု မှတ်ယူ နိုင်မည် ထင်ပါသည်။

ထို့ပြင် ဘုရားများတွင် တွေ့ရလေ့ရှိသော တိုင်ထိပ်တွင် ဟင်္သာနားနေဟန် တံခွန်တိုင်အကြောင်းကိုလည်း ရှာရှာဖွေဖွေ သိလိုက်ရသည်။ မာနတံခွန်တက်နေသူများ ဘုရားထံမှောက် ရောက်လိုလျှင် မာနကို အရင်ချ ခဲ့ရန် သတိပေးခြင်းဖြစ်ပြီး ရှေးခေတ်က ဘုရားသို့ လာသူများသည် တံခွန်တိုင်ကို မြင်သည့်အရပ်မှ စတင် ကာ မာနချသည့်အနေဖြင့်ရော အရိုအသေ ပေးသည့် အနေဖြင့်ပါ ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း၊ မာနခံနေပါက တရားမရနိုင်ကြောင်း၊ မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ် ငါစွဲကြီးသော သူများ ဖြစ်သောကြောင့် ငါစွဲ ပေါ်တွင်သာ မာနတက်လို့ ရသောကြောင့် မာနကြီးသူသည် တရားရဖို့ ခဲယဉ်းကြောင်း၊ ယင်းမာနကို ဘုရားပေါ်မရောက်ခင် အဝေးကတည်းက သတိပေးသည့် အနေဖြင့် တံခွန်တိုင်ကို မြင့်မြင့် တည်ထားခြင်း ဖြစ်ကြောင်း သိရလေသည်။

သည်လောက်တောင် စေတီရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရော အားလုံးခြုံငုံပြီးပါ အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကို ရွေးချယ်စီစဉ်နိုင်သော ရှေးမြန်မာကြီးများရဲ့ သင်္ကေတ ၀ါဒကို အံ့သြချီးကျူးလို့ မဆုံးနိုင်တော့ပါချေ။ ထို အဟောင်းများရဲ့ အနှစ်များကို မသိပါဘဲ လျက်ဖြစ်စေ၊ သိလျက်နဲ့ ဖြစ်စေ ငါက အသစ်ထွင်တယ် ဆိုသော စကားကို လက်ကိုင်ပြုပြီး အဟောင်းကို ဖျက်ဆီးကာ အသစ်ထွင်ခြင်း၊ အဟောင်းနဲ့ အသစ်ကို ရောခြင်းများကို ပညာမဲ့ပီပီ ပြုလုပ်နေကြသူ တချို့ကို တွေ့တိုင်း စိတ်မကောင်း ဖြစ်ရပါသည်။ သူတို့စိတ်ထဲတွင်တော့ သမိုင်းတွင် ငါ့ထက်တော်သူမရှိစေရ၊ ငါက သမိုင်းကို ဖျောက်ချင်သလို၊ ပြင်ချင်သလို ပြင်နိုင်သည်ဟု တလွဲမာနရှိဟန်တူလေသည်။ ပညာရှင်တို့ စိတ်ထဲတွင်တော့ အ၀ီစိကျမည့် သမိုင်းတရားခံများ ဟု သာ သတ်မှတ်ကာ သနားလေမည်။ အဟောင်းရဲ့ အနှစ်သာရ ကို အရင်လေ့လာပြီး အဟောင်းရဲ့ အနှစ်သာရ ထက်သာသော အသစ်ကို ထွင်နိုင်ပါမှ တိုးတက်ခြင်း အစစ် အဖြစ်ကြီး ဖြစ်ပေမည်။ သို့မဟုတ်ပဲ အသစ်ဖြစ် ပြီးရော လျှောက်လုပ်လျှင်ကား အသုံးမကျ လှသော အစုတ်ပလုတ်များနှင့် သည်လို လျှောက်လုပ်ရင် အစုတ်ပလုတ်တွေ ဖြစ်ကုန်တတ်တယ် ဟု ဥပမာ ပြစရာများသာ ကျန်ခဲ့မည် ကိုလည်း သတိတရား ရလိုက်ပါသည်။

                                         အဘိဓမ္မာ စေတီတော်

ဤနေရာတွင် ယနေ့ ခေတ် ရွှေတိဂုံစေတီတော်ကြီး အပါအ၀င် မြန်မာပြည်အရပ်ရပ်ရှိ ထေရ၀ါဒစေတီတော်များတွင် အခြားသော အယူဝါဒများ၏ မိရိုးဖလာကိုးကွယ်ယုံကြည်မှုများဖြင့် စနစ်တကျ အပင်းသပ်ခံထားရသော အချက်အလက်များကို တင်ပြလိုပါသည်။ ယခု ပိုစ့်တွင် အသေးစိပ်တင်ပြလိုသော်လည်း. သီးခြား ခေါင်းစဉ်ခွဲ၍ တင်ပြလိုပါသည်။ မိမိထက် ပို၍ နားလည်တတ်ကျွမ်းသောသူများမှလည်း ပိုစ့်များ ရေးသားစေလိုပါသည် ။ ယင်းမှာ စေတီတော် အရပ် ( ၈) မျက်နှာရှိ ဂြိုလ်ခွင်များ ၊ ဘိုးတော်ရုပ်များ ၊ နတ်ကွန်းများ နှင့် အခြားသော ထေရ၀ါဒဗုဒ္ဓဘာသာ စေတီများ နှင့် အနည်းငယ်မျှ သက်ဆိုင်ခြင်းမရှိသော ကိုးကွယ်ယုံကြည်မှုများမှာ ထေရ၀ါဒစေတီများပေါ်တွင် တရားဝင် ဗီဇာ ဖြင့် မတော်တရော်
နေရာယူထားမှုများဖြစ်ပါသည်။
အင်ဂျင်နီယာ ဖိုရမ်မှ phyo ရေးသော ပို့စ် အားပြန်လည်မျှဝေခြင်းဖြစ်ပါသည်
 


ဘုရား စေတီ ပုထိုးတို့တွင် တွေ့မြင်နိုင်သော ဂြိုဟ်တိုင်များ
ဗုဒ္ဓဘာသာဘုရားစေတီပုထိုးတို့တွင် ဂြိုဟ်တိုင်များကို တွေ့မြင်နိုင်ပေသည်။ ယင်းဂြိုဟ်တိုင်တို့မှာ-
(က) တနင်္ဂနွေဂြိုဟ်
(ခ) တနင်္လာဂြိုဟ်
(ဂ) အင်္ဂါဂြိုဟ်
(ဃ) ဗုဒ္ဓဟူးဂြိုဟ်
(င) စနေဂြိုဟ်
(စ) ကြာသပတေးဂြိုဟ်
(ဆ) ရာဟုဂြိုဟ်
(ဇ) သောကြာဂြိုဟ်-တို့ ဖြစ်ကြပါသည်။

အထက်ပါ ဂြိုဟ်တိုင်များကို ယင်းတို့ ပိုင်စိုးသော အရပ်မျက်နှာတို့တွင် တွေ့ရပါသည်။

(က) တနင်္ဂနွေဂြိုဟ်
တနင်္ဂနွေ ဂဠုန်၊ ရှေ့မြောက်ကြုံ၊ နေတုံ ခြောက်နှစ်မျှ။
ဤလင်္ကာအရ အရှေ့မြောက်အရပ်တွင် တနင်္ဂနွေဂြိုဟ်၏ သင်္ကေတဖြစ်သော ဂဠုန်ရုပ်ကို တွေ့မြင်ရ၍ ယင်း၏ဂြိုဟ်သက်မှာ ခြောက်နှစ်ဖြစ်သည်။

(ခ) တနင်္လာဂြိုဟ်
တနင်္လာကျား၊ တဆယ့်ငါး၊ နေငြား ရှေ့ရပ်က။
အရှေ့အရပ်တွင် တနင်္လာဂြိုဟ်၏ အမှတ်သင်္ကေတဖြစ်သည့် ကျားရုပ်ကို တွေ့ရ၍
ယင်း၏ဂြိုဟ်သက်မှာ တဆယ့်ငါးနှစ်ဖြစ်၏။

(ဂ) အင်္ဂါဂြိုဟ်
အင်္ဂါခြင်္သေ့၊ ရှေ့တောင်ကွေ့၊ မရွေ့ ရှစ်နှစ်ပ။
အရှေ့တောင်အရပ်တွင် အင်္ဂါဂြိုဟ်၏ အမှတ်သင်္ကေတဖြစ်သော ခြင်္သေ့ရုပ်ကို တွေ့မြင်ရ၍
ယင်း၏ ဂြိုဟ်သက်မှာ ရှစ်နှစ်ဖြစ်၏။

(ဃ) ဗုဒ္ဓဟူးဂြိုဟ်
ဗုဒ္ဓဟူးဆင်၊ တောင်ရပ်ခွင်၊ နေလျှင် ဆဲ့ခွန်မျှ။
တောင်အရပ်မျက်နှာတွင် ဗုဒ္ဓဟူးဂြိုဟ်၏ သင်္ကေတဖြစ်သော ဆင်ရုပ်ကို တွေ့မြင်ရကာ
ယင်း၏ဂြိုဟ်သက်မှာ တဆယ့်ခုနစ်နှစ် ဖြစ်၏။

(င) စနေဂြိုဟ်
စနေနဂါး၊ နောက်တောင်ပါး၊ နေငြား ဆယ်နှစ်ပ။
အနောက်တောင်အရပ်တွင် စနေဂြိုဟ်၏ အမှတ်လက္ခဏာဖြစ်သော နဂါးရုပ်ကို တွေ့ရှိရ၍
ယင်း၏ဂြိုဟ်သက်မှာ ဆယ်နှစ်ဖြစ်၏။

(စ) ကြာသပတေးဂြိုဟ်
ကြာသပတေးကြွက်၊ နောက်ရပ်ဘက်၊ နေသက် ဆယ့်ကိုးမျှ။
အနောက်အရပ်တွင် ကြာသပတေးဂြိုဟ်၏ သင်္ကေတဖြစ်သည့် ကြွက်ရုပ်ကိုထားရှိ၏။
ယင်း၏ ဂြိုဟ်သက်မှာ တဆယ့်ကိုးနှစ် ဖြစ်၏။

(ဆ) ရာဟုဂြိုဟ်
ရာဟုဆင်မင်း၊ နောက်မြောက်တွင်း၊ နေလျှင်း ဆယ့်နှစ်နှစ်မျှ။
အနောက်မြောက်အရပ်တွင် ရာဟုဂြိုဟ်၏ သင်္ကေတဖြစ်သည့် ဟိုင်းဆင်ရုပ်ကို တွေ့နိုင်၏။
ယင်း၏ ဂြိုဟ်သက်မှာ တဆယ့်နှစ်နှစ် ဖြစ်၏။

(ဇ) သောကြာဂြိုဟ်
သောကြာပူးမင်း၊ မြောက်ရပ်ခွင်း၊ နေလျှင်း နှစ်ဆဲ့တနှစ်မျှ။
မြောက်အရပ်၌ သောကြာဂြိုဟ်၏ သင်္ကေတဖြစ်သော ပူးမင်းရုပ်ကို တွေ့မြင်နိုင်ပါသည်။
သောကြာဂြိုဟ်သက်မှာ နှစ်ဆဲ့တနှစ် ဖြစ်၏။

( ဂြိုဟ်သက် )
ဂြိုဟ်သက်ဆိုသည်မှာ ဗေဒင်အရ ဂြိုဟ်တခုသည် ယင်းရောက်ရှိရာတွင် နေသည့်ကာလဖြစ်၏။ ဥပမာ-တစုံတဦးကို တနင်္ဂနွေနေ့တွင် ဖွားမြင်သည့် တနင်္ဂနွေနေ့သားဖြစ်လျှင် မွေးဖွားသည့်နေ့မှစ၍ ခြောက်နှစ်တိုင်တိုင် တနင်္ဂနွေဂြိုဟ်တွင် သက်ရောက်သဖြင့် ယင်းဂြိုဟ်၏ ကောင်းကျိုး-ဆိုးကျိုးကို ခံစားရသည်။

( ဂြိုဟ်တို့၏ မူလယင်းမြစ်ကို လေ့လာခြင်း )
ဂြိုဟ်တို့၏ ယင်းမြစ်ကို လေ့လာရာတွင် ဗုဒ္ဓဘာသာတွင် ပထမ လေ့လာလိုပါသည်။ ဗုဒ္ဓဘုရားရှင်သည် သဗ္ဗညုရွှေဉာဏ်တော်ကို ရသဖြင့် တရားအလုံးစုံကို သိမြင်တော်မူပါသည်။ လောကီ၊ လောကုတ္တရာ တရားတို့ကို သိမြင်တော်မူသော်လည်း ဘုရားရှင်သည် သံသရာဝဲသြဃမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းဖြစ်သော လောကုတ္တရာ တရားတော်တို့ကိုသာ အလေးပေးကာ ဟောကြားတော်မူခဲ့ပေသည်။ သို့ဖြစ်၍ ဘုရားရှင်ဟောကြားတော်မူခဲ့သော ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်တွင် ဂြိုဟ်များအကြောင်းကို မတွေ့ရှိရချေ။

သို့ဖြစ်သောကြောင့် နောက်တဆင့်-ဟိန္ဒူဘာသာကို လေ့လာရပါသည်။ ဟိန္ဒူဘာသာတွင် ဗေဒင်များပါရှိသည်ကို တွေ့နိုင်ပါသည်။ ဂြိုဟ်များကိုလည်း ဗေဒင် (ဗေဒ-Veda) များတွင်သာ ပါရှိသည်ကို သိရှိရပါသည်။ ဗေဒင်ဆိုသည်တို့မှာ မည်သည့်ဘာသာမှ ဆင်းသက်လာသည်ကို လေ့လာရာ ဟိန္ဒူဘာသာတွင် ဗေဒင်လေးပုံ-သာမ၊ ယဇု၊ ဣရု၊ အထဗ္ဗဏ ၊( Sama, Yaju, Rg, Atharvana ) ဟု ပါရှိပါသည်။ ဣရုဗေဒ (Rg veda) မှာ ရှေးအကျဆုံးဖြစ်၍ ကျန်ဗေဒသုံးပုံမှာ နောက်မှပေါ်လာခြင်း ဖြစ်ပါသည်။ ယင်းဗေဒထဲတွင် ယခုမြန်မာပြည်၌ ခေတ်စားကာ လူအများယုံကြည်နေကြသော ဗေဒင်အတတ် ပါရှိပါသည်။ ယင်းဗေဒင်အရ ဂြိုဟ်များ ပါရှိလေသည်။

ဗေဒင်ကိန်းခန်း စသည်တို့ကို ယုံကြည်မှု၊ လေ့လာလိုက်စားမှုသည် ဗုဒ္ဓဘုရားရှင် မပေါ်ပေါက်မီကပင် ရှိခဲ့သည်ဟု ယူဆမိပါသည်။ အကြောင်းကို ထောက်ပြရသော် ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူပြီးသောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက-ဟူးရားဖြူ၊ ဟူးရားညို ပုဏ္ဏားတို့ကို ပင့်ကာ သားတော်၏ ဇာတာစန်းလဂ်ကို တွက်ချက်စစ်ဆေးစေပါသည်။ ပုဏ္ဏားပညာရှိများက မင်းသားသည် စကြ၀တေးမင်းသော်လည်းကောင်း၊ သုံးလူ့ထွတ်ထား သဗ္ဗညု ဘုရားရှင်သော်လည်းကောင်း ဖြစ်မည်ဟု ဟောပြကြပါသည်။

သို့ရာတွင် ယင်းပုဏ္ဏားပညာရှိများအနက် အငယ်ဆုံးဖြစ်သည့် ကောဏ္ဍညပုဏ္ဏားက ဘုရားစင်စစ် ဧကန်ဖြစ်မည်ဟု ဟောပါသည်။ ယင်းကောဏ္ဍညပုဏ္ဏားငယ်မှာ ဘုရားရှင်၏ ပထမဦးဆုံး တပည့်သံဃာတော်များဖြစ်သည့် ပဉ္စ၀ဂ္ဂီ ငါးဦးအနက်မှ အညာသိ ကောဏ္ဍညမထေရ် ဖြစ်လာမည့်သူ ဖြစ်ပေသည်။ အထက်ပါ အထောက်အထားအရ ရှေးကပင် ဗေဒင်အတတ်ကို ယုံကြည်ကြလျက် လေ့လာလိုက်စားသူများရှိကြောင်းနှင့် ယင်းဗေဒင်အတတ်သည် လူအများတို့တွင် တွင်ကျယ်နေကြောင်းကို သိရှိနိုင်ပါသည်။

ဟိန္ဒူဘာသာယဉ်ကျေးမှုသည် အရှေ့တောင် အာရှနိုင်ငံများသို့ ပျံ့နှံ့ခဲ့ကြောင်းကို အောက်ပါအထောက်အထားများအရ သိရှိနိုင်ပါသည်။ ဥပမာပြရလျှင်-ကမ္ဘောဒီးယားတိုင်းပြည်တွင် ယခုတိုင်တည်ရှိနေသည့် လူအများ စိတ်ဝင်စားကာ သွားရောက်ကြည်ရှုကြသော အင်ကာဝပ် (Angkor Wat) ကျောင်းတော်ကြီးမှာ ဟိန္ဒူဘုရားကျောင်းများ တည်ဆောက်ပုံကဲ့သို့ ဖြစ်ပါသည်။ ကမ္ဘောဒီးယားဘုရင် ဇယဗာမင် (jayavarmin VII) လက်ထက်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ယင်း မင်း၏ ရုပ်တုကြီး အချို့မှာ ယခုတိုင် တည်ရှိနေဆဲ ဖြစ်ပါသည်။

အရှေ့တောင်အာရှတွင် ပါဝင်သည့် အင်ဒိုနီးရှား (Indonesia) ကျွန်းတွင်လည်း ဟိန္ဒူယဉ်ကျေးမှုများကို တွေ့မြင်နိုင်ပါသည်။ အထောက်အထားတခုကို ပြရမည်ဆိုလျှင် ယနေ့ထက်တိုင် ခေတ်စားနေ၍ လူအများ နှစ်ခြိုက်သဘောကျကာ ကပြလေ့ရှိသည့် ရာမ-ဇာတ်တော်မှာ ဟိန္ဒူယဉ်ကျေးမှုတွင် ပါရှိသော ရာမာယဏ (Ramayana) ဇာတ်တော်ပင် ဖြစ်ပါသည်။ ယင်းဇာတ်တော်နှင့် မဟာဘာရတဇာတ်တော် (Mahabharata) နှစ်ခုကို ဗျာသ (Byasa) ရသေ့ကြီးက ရေးခဲ့ခြင်းဖြစ်ပါသည်။

ကျွန်မတို့ မြန်မာပြည်တွင်လည်း ရာမဇာတ်တော်သည် ယခုထက်တိုင် ခေတ်စားလျက်ရှိသည်မှာ အထင်အရှားပင်ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာပြည်သို့ ဟိန္ဒူယဉ်ကျေးမှုလည်း ရောက်ခဲ့ကြောင်းကို သိသာနိုင်ပါသည်။ ယင်းယဉ်ကျေျးမှုတွင် ဗေဒင်အတတ်များလည်း ပါရှိခဲ့သည်ဟု ယူဆမိပါသည်။ သို့ဖြစ်၍ ဗေဒင်အတတ်တွင် ပါရှိနေသော ဂြိုဟ်တိုင်များ၏ မူလရင်းမြစ်သည် ဟိန္ဒူယဉ်ကျေးမှုပင် ဖြစ်မည်ဟု ယူဆမိပါသည်။

( တက္ကသိုလ် ခေမာ-ကျိုက်လတ် )
( မြတ်မင်္ဂလာ ၂၀၀၂-မတ်လ )  
မင်္ဂလာသတင်းစဉ် 
*****************************************************

စေတီ... (တည်တောဆရာတော် (မေး+ဖြေ))
တည်တောဆရာတော် (မေး+ဖြေ) ၆-မှ...

စေတီ...




 
စေတီ ရုပ်ပွါး တည်ထားခြင်း...











ဒဿနခရိးစဉ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...