ချီးမွမ်းတာကို
သိပ်ဝမ်းသာလွန်းရင် နောင်အခါ ကဲ့ရဲ့တာကြားရရင် စိတ်မချမ်းမသာဖြစ်မှာပါပဲ။
မည်သည့်အလုပ်ပဲ လုပ်လုပ် သူများချီးကျူးတာခံချင်လို့ သူများအကောင်းပြောတာ
ခံချင်လို့ ထိုအလုပ်ကို လုပ်နေတယ်ဆိုရင်လည်း ထိုပုဂ္ဂိုလ်ဟာ ကျွန်စိတ်ရှိတဲ့သူပဲ
ဖြစ်နေမှာပါ၊ အလုပ်တစ်ခုခုကို တကယ်လုပ်သင့် လုပ်ထိုက်လို့ဆိုပြီး အသိစိတ်ရှိရှိ
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်နေတယ်ဆိုရင် ထိုစိတ်မျိုးဟာ သခင်စိတ် လို့
သတ်မှတ်ကြပါတယ်။
အရှင်ဝရသာမိ(မုံရွာ)
သတိပဋ္ဌာန် ဓမ္မစက်ကို
ဝန်ခံချက်နှင့် တို့မြတ်စွာ
ဟောပုံမိန့်မှာ ထိုတရားကို
ဖြစ်ပွားစေတဲ့ ရှင်လူမှာ
အလွန်ကြာလျှင် ခုနစ်နှစ်နဲ့
ရဟန္တာစစ် ဖြစ်နိုင်ပါ
စွဲမှုကုန်အောင် နာဂါမ်လောက်တော့
ဆိုက်ရောက်မယ်တဲ့ ဧကန်ပါ
မြန်သူဆိုလျှင် ခုနစ်ရက်နဲ့
ထိုမဂ်ဖိုလ်ကို ရနိုင်ပါ
ရဲရင့်ခိုင်မာ ၀န်ခံချက်နှင့်
ဓမ္မစက်ကို ဟောခဲ့ပါ
နိဗ္ဗာန်လိုသူ မယုံမှားနဲ့
မြတ်ဘုရားကို ယုံကြည်တာ
သတိပဋ္ဌာန် ကိုယ့်သန္တာန်
အမြန်ပွားစေရာ
သို့ပွားစေမှ နိဗ္ဗာန်ရ မုချငြိမ်းအေးမှာ။
(Unknown)
လောကဓံတရား ရှစ်ပါးတို့နှင့်
တွေ့ကြုံရသောအခါ
မြင့်မြတ်သူ၏စိတ်သည်
မတုန်လှုပ် မစိုးရိမ်၊
ရမ္မက်ကင်း၏
အမျက်ကင်း၏။
(ဗုဒ္ဓ )
အမျက်မထွက်သူက
အမြဲနိုင်၏။
မကောင်းပြောသူကို
အကောင်းပြောသူက
အမြဲနိုင်၏။
စေးနဲသူကို
ပေးကမ်းသူက
အမြဲနိုင်၏။
မုသားပြောသူကို
သစ္စာဆိုသူက
အမြဲနိုင်၏။
(ဗုဒ္ဓ )
ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဥာဏ်၏၀တ္တရားက အသေရှောင်တာ။
ခန္ဓာက အပြေးသွားနေတော့ အသေကဦး၍ ဥာဏ်က နောက်ကျ သွားလိမ့်မယ်။
အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿာန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန် လုပ်ပါ။
မိုးကုတ်ဆရာတော်ဘုရားကြီး
ပဋိစ္စသမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာ မဟုတ်ဘူး။ မိမိခန္ဓာထဲမှာ ရှိတဲ့တရား။
မိုးကုတ်ဆရာတော်ဘုရားကြီး
၁။ ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ်၊ ဖြစ်ပျက်မှုတွင် ငါကောင်ထင် ခင်မင် သမုဒယမှတ်၊ ရုပ်နာမ်အားလုံး ဖြစ်ပျက်သုဉ်း ချုပ်ဆုံး နိဗ္ဗာန်မှတ်၊ ချုပ်ဆုံးမှုတွင် ဥာဏ်သက်ဝင် သိမြင်မဂ်ဟုမှတ်။
၂။ ယုံကြည် ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ် ဥာဏ်မြင်၊ ဤငါးအင်၊ မှန်ပင် မဂ်ရကြောင်း။
၃။ မစွန့်ကာမ၊ ဆရာမရှိ၊ ၀ီရိယလျှော့၊ အားအင်ပျော့ခါ၊ လွန်စွာ ယူမှား၊ ဤငါးပါး၊ တရားမဂ်ဖိုလ် ဝေးလေသတည်း။
၎။ သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့် ရလင့်ဧကန်သာ။
မိုးကုတ်ဆရာတော်ဘုရားကြီး
ယာယီကိုတာရှည်မထင်ပါနဲ့
ဘယ်လောက်ကောင်းတဲ့ အရသာကိုခံစားရခံစားရ
တဒင်္ဂတစ်ခဏလေးပါ အိမ်မက်ထဲကအပျော်တွေဟာ
ဘယ်လောက်မှမကြာသလိုပါပဲ အိမ်မက်ရဲ့ နောက်ကွယ်မှာ
ဗလာတွေပဲပြည့်နေသလို သာယာမှုတွေရဲ့ နောက်ကွယ်မှာ
ဆင်းရဲပင်ပန်းမှုတွေပဲ ပြည့်နှက်နေပါတယ် ။
(ဆရာတော် အရှင်ဆန္ဒာဓိက)
စိတ်မှာ အညစ်အကြေးတွေ မဖြစ်ဖို့ သမထ ဘာဝနာ၊ ၀ိပဿနာ ဘာဝနာ တစ်ခုခုကို ပွားများ အားထုတ်ကြဖို့ လိုပါတယ်။ တရားအားထုတ်နေတဲ့ ယောဂီဟာ စိတ်အညစ် အကြေးတွေကို တိုက်ဖျက်နေတဲ့သူ ဖြစ်တယ်လို့ ဆိုတဲ့ အတိုင်း ဘယ်သူမဆို မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့ ကိုယ့်ရဲ့စိတ်ကို ဂုဏ်တော်ပွားခြင်း၊ မေတ္တာပွားခြင်း စတဲ့ ကမ္မဋ္ဌာန်း တစ်ခုခုကို ပွားများ ပေးတာတို့ ရုပ်နာမ်မှာ ဖြစ်ပေါ်တတ်တဲ့ အရာတွေကို သတိကပ်ပြီး လိုက်မှတ်ပေးတဲ့ သတိပဋ္ဌာန် ၀ိပဿနာတရား အားထုတ်ပေးတာတို့ လုပ်ပေး ခြင်းဖြင့် ကိုယ့်စိတ်ကို သန့်ရှင်းအောင် ကြိုးစားကြဖို့ လိုအပ် လှပါတယ်။ စိတ်ကို သမထ၊ ၀ိပဿနာ ဘာဝနာတွေနဲ့ ထုံ လွှမ်းထားတဲ့ သူဟာ ကိလေသာ အညစ်အကြေးတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်ပြီးသား ဖြစ်တဲ့အတွက် သန့်ရှင်းပြီး ခွန်အားပြည့်တဲ့ စိတ်ကို ပိုင်ဆိုင်ထားတဲ့ ရွှေစိတ်ပိုင်ရှင်များပဲ ဖြစ်ပါတယ်။ အညစ်အကြေး ကင်းတဲ့ ရွှေရဲ့ သဘောဟာ လိုသလို တန်ဆာ ဆင်နိုင်သလို အညစ်အကြေး ကင်းတဲ့ မနောဟာလည်း ကိလေသာကို ပယ်ခွာပြီး လိုရာကို အရ ယူနိုင်တဲ့ သဘောရှိတဲ့အတွက် တရားဘာဝနာ တစ်ခုခုကို အားထုတ်ရင်း ရွှေမနောပိုင်ရှင်များ ဖြစ်အောင် ကြိုးစား ကြဖို့ပဲ ရှိပါတော့တယ်။
အရှင်ဝိစိတ္တ (မနာပဒါယီ)
အမြဲကြည်လင်စိတ်အစဉ်
ပြောလျှင်အမှန်ရ။
အမြဲကြည်လင်စိတ်အစဉ်
ပြုံးလျှင်အမှန်ရ။
အမြဲကြည်လင် စိတ်အစဉ်
တွေးလျှင်အမှန်ရ။
အလုပ် အပြော စိတ်သဘော
မနောဖြူစင်က
အရိပ်ပမာ မြတ်ချမ်းသာ
နောက်မှာ လိုက်နေကြ။
ကုသိုလ်ထုံးမွှမ်း လူ့အစွမ်း
ချီးမွမ်း အံ့သြရ။
(တိပိဋက ယောဆရာတော်)
မေတ္တာအကျိုး
ရဟန်းတို့ အကြင်သူသည် နံနက်တစ်ကြိမ် နေ့လယ်တစ်ကြိမ် ညနေတစ်ကြိမ် မွန်မြတ်သော ဘောဇဉ် တို့ဖြင့် ပြည့်သော ဆွမ်းအိုးကြီးတစ်ရာကျ အလှူဒါနကိုပြုရာ၏။ အကြင်သူသည်ကား နံနက်၌ဖြစ်စေ၊ နေ့လယ်၌ဖြစ်စေ၊ ညနေ၌့ဖြစ်စေ ယုတ်စွအဆုံး နွားနို့တစ်ညစ်ခန့်ကာလမျှ မေတ္တာစိတ်ကို ပွားများရာ၏။
နွားနို့တစ်ညစ်ခန့်ကာလမျှ ပွားများအပ်သော မေတ္တာသည် ထိုတစ်နေ့သုံးကြိမ် ဆွမ်းအိုးကြီးအလှူထက် များမြတ်သော အကျိုးရှိ၏။(နိဒါနသံယုတ်၊ သြက္ခာသုတ်)
(ဆောင်) တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင်၊့ ချက်ကာထမင်း၊ ကျွေးမွေးခြင်းထက်၊ မယွင်းစင်စစ်၊ နို့တညှစ်စာ ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ၊ မိန့်ခွန်းတည်း။(မဟာစည်ဆရာတော်)
မေတ္တာအကျိုး
ရဟန်းတို့ အကြင်သူသည် နံနက်တစ်ကြိမ် နေ့လယ်တစ်ကြိမ် ညနေတစ်ကြိမ် မွန်မြတ်သော ဘောဇဉ် တို့ဖြင့် ပြည့်သော ဆွမ်းအိုးကြီးတစ်ရာကျ အလှူဒါနကိုပြုရာ၏။ အကြင်သူသည်ကား နံနက်၌ဖြစ်စေ၊ နေ့လယ်၌ဖြစ်စေ၊ ညနေ၌့ဖြစ်စေ ယုတ်စွအဆုံး နွားနို့တစ်ညစ်ခန့်ကာလမျှ မေတ္တာစိတ်ကို ပွားများရာ၏။ခရီးသွားမေတ္တာ
အိမ်ကထွက်သည်နှင့် ဘုရားဦးချ၍ မေတ္တာပို့ပြီးသွားပါ။ တစ်နေရာရာသို့ ခရီးတိုရှည် သွားမည့်အခါ ခရီးထွက်စတွင်
“ငါ၏ ရှေ့တူရူအရပ်( သွားမည့်နေရာ၌) ရှိကြသော နတ် လူ သတ္တဝါအားလုံးတို့သည် ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ”ဟု စိတ်ထဲက အာရုံညွတ်စေပြီး မနောကံမြောက်အောင်(စိတ်ပါလက်ပါ) မေတ္တာပို့ပါ။
ထို့နောက်
“ငါ၏ လက်ဝဲအရပ်၌ ……လက်ယာအရပ်၌ ရှိကြကုန်သော နတ်လူသတ္တဝါအားလုံးတို့သည်..ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ”ဟူ၍ ရှေးနည်းတူ သတ္တဝါတို့အပေါ် စိတ်ထဲက အာရုံညွတ်၍ မနောကံမြောက်အောင် မေတ္တာပို့ပေးပါ။
အကျိုးကျေးဇူးကား ထိုခရီးတစ်လျှောက်လုံး မိမိအား ဘာအနှောက်အယှက်မှ မရှိ။ဘေးအန္တရာယ်ကင်းမည် ကောင်းမွန်ချောမောစွာ ခရီးပြီးဆုံးမည်။ရောက်ရာဒေသတိုင်း၌ တွေ့ကြုံရသူများက ချစ်ခင်လိုလားစွာနှင့် ကြိုဆိုနေကြသကဲ့သို့ တွေ့မြင်ရမည်။ ဤနည်းအတိုင်း စမ်းသပ်ကြည့်လျှင် ဟုတ်မှန်ကြောင်း လက်တွေ့ သိကြရပါလိမ့်မည်။
အထူးမှာ..မိမိသွားမည့် ခရီးစဉ်တွင် တွေ့ကြုံရမည့်သူကို အထူးစိတ်ညွတ်၍ မေတ္တာပို့လွှတ်ပေးရမည်။ လူအများနှင့် တွေ့ကြုံရမည်ဖြစ်လျှင် အများကိုရည်မှတ်၍ မေတ္တာပို့လွှတ်ပေးပါ။ ထိုနည်းတူ သွားလိုရာ ဒေသတိုင်း၌ တွေ့ဆုံသွားရမည့်သူများကို စိတ်ညွတ်ပိုင်းခြား၍ အသီးသီး ပို့လွှတ်ပေးသွားပါ။ မိမိလိုရာ ဆန္ဒ ချောမောစွာပြည့်စုံ၍ အံ့သြလောက်အောင် ဝမ်းမြောက်ပြီးစီးခဲ့ပုံကို လက်တွေ့သိကြရပါလိမ့်မည်။
ဆွမ်းအိုးကြီးအလှူထက် များမြတ်သော အကျိုးရှိ၏။(နိဒါနသံယုတ်၊ သြက္ခာသုတ်)
စိတ်ပူပန်တတ်ရင် ပူနေရင် အကျိုး မရှိတာမို့ စိတ်ပူပန်တိုင်း ပူပန်တဲ့ အကြောင်းအရာ နှင့် သက်ဆိုင်သော လူများကို ပူမယ့် အစား မေတ္တာပွား ပေး နေရင် နှစ်ဦး နှစ်ဖက် အကျိုး ပို ရှိပါတယ်။
စေတနာ ဗေဒင်ကို ယုံပါ။ စေတနာ ကောင်း ရင် ကောင်းသလောက် ကြီးပွား ပါတယ်။ ကလိမ် ကကျစ် ဥာဏ် နဲ့ ကြီးပွားတယ် ဆိုတာ တခဏ ပါ။
အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ
မီးလွတ်စားနည်း
"စားတဲ့အခါမှာ စားကောင်းတဲ့အစာဆိုရင် လောဘဖြစ်တတ်တယ်။ များများစားချင်တယ်။ ကုန်သွားမှာစိုးရိမ်တယ်။ လျော့ပါးသွားရင် ကုန်သွားမှာနှမြောတယ်။ စိုးရိမ်ပူလောင်တယ်။ မကောင်းတဲ့အစာဆိုရင်လည်း ဒေါသဖြစ်ရတယ်။ မကျေနပ်ဘူး။ စိတ်ဆိုးတယ်။ ဒေါသကြောင့် စားရင်း ပူလောင်ရတယ်။ ကောင်းတဲ့အစာကို လောဘဖြစ်ရာကနေ ကုန်သွားလို့ ဒေါသဖြစ်ရတော့လည်း လောဘကြောင့် ဒေါသဖြစ်ရတယ်။ လောဘနဲ့ ဒေါသ နှစ်ခုစလုံးကြောင့် ပူလောင်ရတယ်။ သည်တော့ လောဘ ဒေါသနဲ့ ဆင်ခြင်ပြီး အသိအမှတ်နဲ့စားရင် မီးလွတ်တာပေါ့။ မီဖိုထဲက မီးက ပြဿနာ မဟုတ်ဘူး။ သူ့ဘာသာသူနေတာပါ။ အဲသည်တော့ သတိထားပြီး မီးလွတ်အောင်စားကြ၊ မီးလွတ်အောင်နေကြပေါ့"
အနန်းပင်တောရဆရာတော်
လူတော်တော်များများဟာ
ကိုယ့်ကိုယ်အပြစ်တင်ခံရရင် ဝေဖန်ခံရရင် စိတ်ဆင်းရဲတတ်ကြပါတယ်။
ချီးမွမ်းခံရရင် ၀မ်းသာလုံးဆို့ အပျော်လွန်တာမျိုးတွေ ရှိတတ်ကြပါတယ်။
ထိုအထဲမှာ စာရေးသူလည်း အပါအ၀င် ဖြစ်နိုင်ပါတယ်။ ချီးမွမ်းတာကို
သိပ်ဝမ်းသာလွန်းရင် နောင်အခါ ကဲ့ရဲ့တာကြားရရင် စိတ်မချမ်းမသာဖြစ်မှာပါပဲ။
မည်သည့်အလုပ်ပဲ လုပ်လုပ် သူများချီးကျူးတာခံချင်လို့ သူများအကောင်းပြောတာ
ခံချင်လို့ ထိုအလုပ်ကို လုပ်နေတယ်ဆိုရင်လည်း ထိုပုဂ္ဂိုလ်ဟာ ကျွန်စိတ်ရှိတဲ့သူပဲ
ဖြစ်နေမှာပါ၊ အလုပ်တစ်ခုခုကို တကယ်လုပ်သင့် လုပ်ထိုက်လို့ဆိုပြီး အသိစိတ်ရှိရှိ
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်နေတယ်ဆိုရင် ထိုစိတ်မျိုးဟာ သခင်စိတ် လို့
သတ်မှတ်ကြပါတယ်။ သို့အတွက်ကြောင့် ဆရာမင်းခိုက်စိုးစံ ပြောသလို
“သူများချီးကျူးတာကိုသာယာဖို့ မလိုအပ်သလို သူများကဲ့ရဲ့တိုင်းလည်း တုန်လှုပ်
စရာ မလိုဘူး” တဲ့ စကားလေးကို လက်ကိုင်ထားကာ မိမိတို့ရဲ့ စိတ်ကိုတည်ငြိမ်
အောင်ကျင့်ကြံပြီး သခင်စိတ် မွေးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါသည်။
အရှင်ဝရသာမိ(မုံရွာ)
လောကမှာ လူမိုက်တို့မည်သည်ကား ချီးမွမ်းထိုက်သူ၊ ကဲ့ရဲ့ထိုက်သူကို
မရွေးချယ်တတ်ကြသကဲ့သို့ ကဲ့ရဲ့ဖွယ်စကားကိုလည်း ချီးမွမ်းဖွယ်
ထင်နေတတ်ကြပါတယ်။ ချီးမွမ်းဖွယ်ရာစကားကိုလည်း ကဲ့ရဲ့ဖွယ်စကား
အသွင်မှတ်ထင်နေတတ်ကြပါတယ်။ ပညာရှိတို့မည်သည်ကား ကဲ့ရဲ့ထိုက်သူကိုမှ
ကဲ့ရဲ့၍၊ ချီမွမ်းထိုက်သူကိုမှ ချီးမွမ်းကြပါတယ်။
လောကလူသားအားလုံးဟာ အားလုံးပြီးပြည့်စုံနေတဲ့သူဆိုတာ မည်သူမှ မရှိပါဘူး။
“နတ္ထိလောကေ အနိန္ဓိတော” လောကမှာ အပြစ်တင်ကဲ့ရဲ့မခံရတဲ့သူ မရှိသလို၊
အမြဲတန်း ချီးမွမ်းခံနေရတာမျိုးလည်း မရှိပါဘူး။
အရှင်ဝရသာမိ(မုံရွာ)
မြတ်စွာဘုရားက “ ကဲ့ရဲ့ခြင်းဆိုတာ ရှေးရိုး
အစဉ်အလာကတည်းကရှိခဲ့တာ၊ ဒီလိုကဲ့ရဲ့ခြင်းဟာ ယခုမှဖြစ်တတ်တာမဟုတ်ဘူး၊
ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့တယ်၊ များစွာပြောဟောနေသူကိုလည်း
ကဲ့ရဲ့တတ်ကြတယ်။ နှိုင်းချိန်ပြီး ဟောပြောသူကိုလည်း ကဲ့ရဲ့ကြကုန်တယ်။
ဒီလောကမှာ အကဲ့ရဲ့လွတ်တဲ့သူဆိုတာ မည်သူမှ မရှိဘူး။ လုံးဝအကဲ့ရဲ့ခံရသူ၊
လုံးဝအချီးမွမ်းခံရသူမည်သည် ရှေးကလည်း မရှိခဲ့စဘူး၊ နောင်အခါလည်း ရှိလိမ့်မည်
မဟုတ်၊ ယခုအခါလည်းမရှိ” ဟုတ် မြတ်စွာဘုရားက မိန့်တော်မူပါတယ်။
(ဓမ္မပဒ)
ကိုယ့်ကိုကိုယ် လေးစားအောင် နေရမယ် ။ ပတ်ဝန်းကျင် ကလည်း ကိုယ့်ကို လေးစားအောင် နေရမယ် ။ ဘယ်သူ ဘယ်လို ထင်ထင် ဂရုမစိုက်ဘူး ဆိုပြီးတော့နေချင်သလို နေလို့မရဘူး ။ အများနဲ့ နေကြရတဲ့ လောကကြီးမှာ ကိုယ့် အတွက်ကော ၊ အများအတွက်ပါ အမြဲတမ်း တွဲပြီးတော့ စဉ်းစားရမယ် ။
ကိုယ့်ကိုကိုယ် လေးစားနိုင်တဲ့ သူ ၊ သူတစ်ပါးကို လည်း လေးစားတဲ့ သူ ၊ သူတစ်ပါးရဲ့ လေးစားမှုကို လည်း ထိုက်ထိုက် တန်တန် ခံ ရတဲ့ သူဟာ လောက ကို အကျိုးပြုတဲ့ သူဖြစ်တယ် ။ ကိုယ့်ကိုကိုယ် လည်း လေးစားမှုရှိအောင် ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက လည်း ကိုယ့်ကို လေးစားလာအောင် လူတိုင်း ကြိုးစား ပြီးနေ ရင် ဒီလောကကြီး ဟာ ပျော်စရာကောင်းတဲ့ လောကကြီး ဖြစ်မယ် ။
နားလည် စေချင်တာက ဘဝမှာ ဒီလို အခြေခံကျတဲ့ အချက် ကလေးတွေ က အရေးကြီးဆုံး ဆိုတာပဲ ။ အိမ်ရဲ့ အုတ်မြစ်လိုပဲ ။ သူမရှိရင် ကျန်တာ ဘာမှလုပ်လို့ မဖြစ်ဘူး ။ ဘယ်လောက်ပဲ ပညာတတ် နေ တတ်နေ ၊ စိတ်ထားမကောင်းဘူး ၊ အကျင့်စာရိတ္တ မကောင်းဘူး ၊ ခန္ဓာ ကိုယ် မသန့်ရှင်းဘူး ၊ နေထိုင်တဲ့ ပတ်ဝန်းကျင် လည်း မသန့်ရှင်းဘူး ဆိုရင် လူ့အဖိုးတန် လို့ပြောလို့ မရဘူး ။
တချို့ ပညာသိပ် မတတ်ပါဘူး ။ ဘာဘွဲ့မှ မရှိဘူး ။ ဒါပေမဲ့ စိတ်ထား ကောင်းတယ် ၊ အကျင့်စာရိတ္တ ကောင်းတယ် ၊ နေတာ ၊ထိုင်တာ သပ်ရပ်တယ် ၊ သန့်ရှင်းတယ် ။ အဲဒီလို လူကို လေးစားပါတယ် ။လုံ့ လဝီရိယ ရှိဖို့ သိပ်အရေးကြီးတယ် ။ ကိုယ်တကယ် တတ်နိုင်တာကို လုပ်ရဉ်း ပိုကောင်းအောင် လုပ်သွားရမယ် ။
ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ )
အလုပ်လုပ်တဲ့သူဟာ ကဲ့ရဲ့ဝေဖန်ခံရတာဓမ္မတာပါပဲ..။ကဲ့ ရဲ့ဝေဖန်မခံချင်ရင်တော့မလုပ်ပဲ ထိုင်နေမှရမယ်..။ဒါတောင် ဘာမှမလုပ်ပဲထိုင်နေတယ်..လူပျင်း ကြီး၊လောကအတွက်ဘာမှအကျိုးမရှိဘူးဆိုပြီးကဲ့ရဲ့အုံးမယ်။ဒါကြောင့် လောကကြီးမှာတိတ်တိတ်လေးလာပြီး တိတ်တိတ်လေးပြန်ထွက်သွားသူနဲ့စာ ရင် ဘာသာ၊သာသနာအတွက် အုဋ်တချပ်.သဲတစ်ပွင့်အဖြစ်ပါဝင် ဆောင်ရွက်နေသူတွေကို နတ်လူသာဓုခေါ်နေမှာပါ။
(“ဌေး”သာမဏေကျော်ဆရာတော်)
မကောင်းမှုကို မထီမဲ့မြင် မအောင်းမေ့ရာ-
အသညတပရိက္ခာရ၀တ္ထု
အနည်းငယ်သောမကောင်းမှုသည်
ငါ့အား အကျိုးရောက်လိမ့်မည်မဟုတ်ဟု
မကောင်းမှုကို မထီမဲ့မြင် မအောင်းမေ့ရာ၊
မိုးရေပေါက်သည် ကျဖန်များလတ်သော်
ရေအိုးသည် ပြည့်ဘိသကဲ့သို့---
သူမိုက်သည် အနည်းငယ် အနည်းငယ်မျှသော
မကောင်းမှုကို ပြုဆည်းပူးဖန်များလတ်သော်
မကောင်းမှုဖြင့်ပြည့်၏။
အချစ် မရှိတဲ့ တစ်နေ. သောအခါ.......
အချစ် မရှိတဲ့ တစ်နေ. သောအခါ.......
အချစ်ကြောင့် သောက ရောက်လို့ပဲ ၀ိပဿနာအားထုတ် အားထုတ် ၊ ပါရမီဖြစ် ကုသိုလ် ဖြစ်ပဲ အားထုတ်၊ အားထုတ်၊ စိတ်ချမ်းသာ ဖို့ သက်သက် အတွက်ပဲ အားထုတ် အားထုတ်၊ စိတ်ဆင်းရဲ မူ့တွေ ပျောက်ဖို. အတွက်ပဲ အားထုတ် အားထုတ်၊ဘယ်လို အကြောင်းကြောင့် ပဲအားထုတ်၊အားထုတ် ၀ိပဿနာ တရား အားထုတ် ဖြစ်နေတာကိုက လူ.ဘ၀ ရခိုက်မှ အဓိပ္ပါယ် ရှိတဲ့ အလုပ်ကို လုပ်နေတာပါပဲ။
အချစ် မရှိတဲ့ တစ်နေ. သောအခါ ဖြစ်အောင် ကိုယ်ဆီ ကြိုးစားရမှာပါ။ ဘယ်တော့ ရောက်ဖြစ်ကြမယ် ဆိုတာကတော့ မသိပါဘူး။ သံသရာ အဆက်ဆက် ချစ်ခဲ့ရတဲ့ အချစ် တွေကလည်း မနည်းတော့ ပါဘူးလေ။ ဘာပဲပြောပြော အချစ်မရှိတဲ့ တစ်နေ.သောအခါ ဖြစ်ဖို.အတွက် ၀ိပဿနာ တရားမှ တစ်ပါး အခြားမရှိ တာတော့ အမှန်ပါပဲလေ။
အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
* လူစွမ်းကောင်းတို့သည် အချိန်နှင့်အလုပ်ကို သူတို့၏ အခွင့်အရေးအဖြစ် တိတိကျကျ မိမိရရ ယူလိုက်ကြသည်။
သူတို့သည် အချိန်နှင့်အလုပ်ကို ကြီးကျယ်ခမ်းနားအောင် ပြုလုပ်ဖန်တီးလိုက်ကြသည်။
* ကမ္ဘာမှာ လူမှတပါး ကြီးကျယ်သည့်အရာဝတ္ထု ဘာမျှမရှိ။ လူမှာလည်း သီလနှင့် ပညာမှတပါး ကြီးကျယ်သောအရာဝတ္ထု ဘာမျှမရှိ။
* ကိုယ်ကျင့်တရားသည် လူတို့၏ခြေထောက်၊
ပညာသည် လူတို့၏ မျက်လုံး၊
ကိုယ်ကျင့်တရားသည် လွတ်မြောက်ရာတံခါးပေါက်ဆီသို့ ပို့ဆောင်ပေးသည့်ယာဉ်နှင့်တူ၍
ပညာသည် ထွက်မြောက်ရာတံခါးပေါက်ကို ဖွင့်သောသော့နှင့်တူ၏။
သီတဂူဆရာတော်
ရေကိုအလိုရှိသော မြောင်းတူးရေယူသမား လယ်သမားတို့သည် အလိုရှိရာသို့ ရေကိုဆောင်ယူကုန်၏။
* လေးသမားတို့သည် မြားကို ဖြောင့်ကုန်၏။
* သစ်ရွေသမားတို့သည်လည်း လိုတိုင်းရအောင် သစ်ကို ရွေကုန်၏။
* ပညာရှိပုဂ္ဂိုလ်တို့သည်လည်း မိမိတို့၏ ကိုယ်စိတ်နှစ်ပါးကို ယဉ်ကျေးအောင် နှိပ်ကွပ်ဆုံးမကြကုန်၏။
* ဤပြဆိုခဲ့ပြီးသော ဓမ္မပဒကျမ်းလာဒေသနာတော်နှင့်အညီ ရှင်လူအပေါင်းတို့သည်လည်း မိမိတို့၏ ကိုယ်စိတ်နှစ်ပါးကို အသိမှား အမှတ်မှား အယူမှားသို့ မရောက်ရလေအောင် အတတ်နိုင်ဆုံး ဆုံးမနေထိုင်ကြကုန်ရာ၏။
ဘဒ္ဒန္တ နေမိန္ဒာဘိသိရီမဟာထေရ်
ရန်ကုန်တိုင်း လှိုင်မြို့နယ်
* လောကရေးရာ အဖြာဖြာတွင် များစွာခက်ခဲ မလွဲမှန်စွာ တွေ့ကြရာဝယ် အားငယ်နှလုံး အရှုံးမပေး ကြံတွေးခါခါ။
*ပညာရှိရှိ သတိရရ ၀ီရိယနှင့် ကြိုးထရွက်ဆောင် အောင်မြင်မည်သာ ဓမ္မတာတည်း။
ဘဒ္ဒန္တဇိနောဒယ မဟာထေရ်
ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်မြို့နယ်၊
လာပြီးတော့နား၊ မသွားသေးခင်၊
အချိန်ကလေးတွင်မှ၊ ၀န်းကျင်ယှက်နွယ်၊
နှောင်ကြိုးသွယ်ကြ၊ ပြုံးရယ်မဲ့ငို၊ ချစ်မုန်းပိုကြ၊ …
မလိုဒေါသ၊ လိုလောဘနှင့်
ဘ၀ရိပ်မြုံ၊ ကကြိုးဆုံခဲ့၊
ကံကုန်မိုးချူပ်၊ လက်တွဲဖြုတ်ကာ၊
သုတ်သုတ်ဆောလျင်၊ ခရီးနှင်သည်၊
တို့များဧည့်သည်ပါတကား။
(သုခရိပ်)
“မေတ္တာပန်းခိုင်”
တစ်ဦးမေတ္တာ၊ တစ်ဦးမှာ၊ ရှည်ကြာရွံမမုန်း။
မွှေးကြိုင်ကြိုင်နှံ့၊ မေတ္တာနံ့၊ သင်းပျံ့နယ်မဆုံး။
မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတိုင်းရှုံး။
ကိုယ်စီဆင်မြန်း၊ မေတ္တာပန်း၊ ရွှင်လန်းချိုပြုံးပြုံး။
တရားပျောက်ကွယ်၊ မေတ္တာပျယ်၊ ကြီးငယ်အများမုန်း။
သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီး
“မေတ္တာပန်းခိုင်”
တစ်ဦးမေတ္တာ၊ တစ်ဦးမှာ၊ ရှည်ကြာရွံမမုန်း။
မွှေးကြိုင်ကြိုင်နှံ့၊ မေတ္တာနံ့၊ သင်းပျံ့နယ်မဆုံး။
မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတိုင်းရှုံး။
ကိုယ်စီဆင်မြန်း၊ မေတ္တာပန်း၊ ရွှင်လန်းချိုပြုံးပြုံး။
တရားပျောက်ကွယ်၊ မေတ္တာပျယ်၊ ကြီးငယ်အများမုန်း။
တရားအားထုတ်လေ့လာလိုက်စားခြင်းဟာ ဆုတ်နစ်တဲ့ ကိစ္စမဟုတ်ဘဲ “တရားအသိကြောင့် အသိတရားပါ” မြင့်မား လာစေပြီး လူတစ်လုံး သူတစ်လုံး ဖြစ်လာနိုင်စေတဲ့အပြင် ၊ လူတိုင်းလူတိုင်း မလွဲမသွေ ရင်ဆိုင်ရမယ့် “သေခြင်းတရား” ကိုပါ မကြောက် မရွံ့ တည်ငြိမ်အေး ချမ်းစွာ လက်ခံနိုင်စွမ်းရှိသူ တစ်ဦးဖြစ်လာစေပါတယ်။
သရ၀ဏ်
သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီး
ရုန်းရင်းကန်ရင်း"
လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။
အမှောင်တ၀က် လင်းတ၀က်သည်
တရက်တခါ ကြုံမြဲသာတည့်။
အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည်း။
ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား။ ။
အေးငွေ
ငွေတာရီမဂ္ဂဇင်း
* အတ္တာဟိ အတ္တနော နာထော - ဘုရားဟော ဒေသနာတော်အရ-
မိမိသည်သာ မိမိ၏ ကိုးစားရာ၊ အားထားရာ ဖြစ်၏။
* သူတပါးသည် မိမိ၏ကိုးစားရာ၊ အားထားရာ မဟုတ်။
* ထို့ကြောင့် မိမိတို့ကိုယ်ကို ယဉ်ကျေးအောင်ဆုံးမ၍ ကြုံခဲ၊ ရခဲလှစွာသော အမြိုက်နိဗ္ဗာန်တရားကို ရရှိ၊ ရောက်ရှိအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြစေကုန်ရာသတည်း။
ဘဒ္ဒန္တသိရီ မဟာထေရ်
* လောကမှာ ကြီးပွားလိုလျှင် ထကြွလုံ့လ၀ီရိ ရှိရမည်။
* အမြဲတမ်း သတိရှိရမည်။
* ကာယကံ ၀စီကံ မနောကံ စင်ကြယ်ရမည်။
* ဣနြေ္ဒ ငြိမ်သက်ရမည်။
* စူးစူးစမ်းစမ်း၊ ဆင်ဆင်ခြင်ခြင်၊ တိုင်းတိုင်းထွာထွာ ရှိရမည်။
* စင်ကြယ်သော အသက်မွေးဝမ်းကျောင်း ဖြစ်စေရမည်။
ဒေါက်တာ အရှင်ပဏ္ဍိတာဝရာဘိဝံသ မဟာထေရ်
စစ်ကိုင်းတောင်ရိုး မိဂဒါဝုန်ကျောင်းတိုက် ပဓာနနာယကဆရာတော်
* လောက၌ ရွှံ့ညွန်အညစ်အကြေးသည် ရေကြောင့် ဖြစ်ပေါ်ရ၏။
* ရေကြောင့် ဖြစ်ပေါ်သော ရွှံ့ညွန်အညစ်အကြေးကို ရေဖြင့် ဆေးကြောမှ သန့်စင်ပေသည်။
* ထို့အတူ အကုသိုလ်အညစ်အကြေးသည် စိတ်ကြောင့် ဖြစ်ပေါ်ရ၏။
* စိတ်ကြောင့် ဖြစ်ပေါ်သော အကုသိုလ်အညစ်အကြေးကို စိတ်ဖြင့်ပင် စင်ကြယ်အောင် သန့်စင်ရပေသည်။
* စိတ်ဖြင့် အကုသိုလ်အညစ်အကြေးကို သန့်စင်နိုင်သူသည် ချမ်းသာကို တွေ့ကြုံရပေလိမ့်မည်။
ဘဒ္ဒန္တပုညသေဋ္ဌ မဟာထေရ်
စစ်ကိုင်းတိုင်း ကလေးခရိုင် ကလေးမြို့
မဟာသန္တာရုံ စာသင်တိုက်
ပဓာနနာယကဆရာတော်
၁။ ဥစ္စာဓန၊ ပေါကြွယ်ဝလည်း၊ လောဘစုံမက်၊
မလှူရက်က၊ တသက်လျှာ လူဖြစ်နာ၏။
၂။ ဘုရားသာသနာ၊ ကြုံတွေ့ပါလည်း၊ ကောင်းစွာ
သီလ၊ မတည်ကြလျှင်၊ ဘ၀တွက်တာ လူဖြစ်နာ၏။
၃။ သူတော်တရား၊ နာရငြားလည်း၊ လေးစားကြိုး
ကုတ်၊ အားမထုတ်က၊ ဆုတ်ယုတ်သင့်မှာ လူဖြစ်နာ၏။
၎။ ဗုဒ္ဓတရား၊ ရှိနေငြားလည်း၊ အမှားနှစ်ခြိုက်
လမ်းလွဲလိုက်က၊ အမိုက်ထိပ်ဆုံး လူဖြစ်ရှုံး၏။
၅။ လက်ရှိဘ၀၊ မရှုံးရအောင်၊ ဒါနသီလာ၊ ဘာဝနာကို၊ မကွာနေ့ည၊ ကြိုးစားကြလော့…. ။
ဗောဓိမင်းသား
ဟိုတလောက ကွန်မန့်တခုမှာ လူသေရင် ၇ ရက်နေတယ်ဆိုတာနဲ့ ပတ်သက်လို့ မေးထားတာ တွေ့မိတဲ့အတွက် ပြန်ရေးပြတာပါ။ ဗုဒ္ဓဘာသာဝင်တိုင်း ကိုယ့်ဘာသာတရားကို အသေအချာ လေ့လာသင့်တယ်လို့တော့ ယူဆမိပါတယ်... ဒီရှင်းပြချက် ကို ပထမကျော် ဦးစံသင်းလှိုင်ရဲ့ "ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်" ဖြစ်လိုလျှင် မှ ကောက်နှုတ်ပါတယ်...
လူသေလျှင် အိမ်မှာ (၇)ရက် နေသည်ဟူသော ယူဆချက်ကား ဗုဒ္ဓဘာသာဝင် (၉၀)ရာခိုင်နှုန်းက လက်ခံထားသော
ယူဆချက်ဖြစ်သည် ဆိုလျှင် မှားအံ့မထင်၊ ဗုဒ္ဓဘာသာဝင် (၉၀)ရာခိုင်နှုန်း တို့သည်လည်း ဗုဒ္ဓဘာသာတရားတော်၏
အဆုံးအမ၊ အနှစ်သာရကို နားမလည် ကြသူများ ဖြစ်ကြသည် ဆိုလျှင်လည်း လွန်အံ့မယ်မထင်ပါ။ လူသေလျှင်
(၀ါ) သတ္တ၀ါသေလျှင် သောတာပန် (အရိယာ) အဆင့် မရောက်သေးသော ဘ၀အပြည့်ရှိသူ ဖြစ်ပါက ဒေဝ
(နတ်ဗြဟ္မာ) ဘ၀၊ မနုဿ (လူ) ဘ၀၊ နိရယ (ငရဲ) ဘ၀၊ ပေတ (ပြိတ္တာသရဲ တစ္ဆေ) ဘ၀၊ တိရစ္ဆာန (တိရစ္ဆာန်)ဘဝ
ဟူသော ဘ၀(၅)မျိုးတွင် တစ်မျိုးမျိုးသို့ သေပြီးချက်ချင်း နာရီ မိနစ် စက္ကန့် မခြား ရောက်ရှိသွားပါသည်။
ပေတ (ပြိတ္တာ သရဲတစ္ဆေ) ဖြစ်ပါမူ အိမ်နှင့် အိမ်ဝန်းကျင်တွင် ကျင်လည်နိုင်ပါသည်။ သို့သော်
(၇)ရက် ဖြစ်ချင်ဖြစ်မည်။ တစ်လ ဖြစ်ချင် ဖြစ်မည်။ တစ်မိနစ်လည်း ဖြစ်ချင်ဖြစ်မည်။ ဤသည်မှာ
ထေရ၀ါဒ ဗုဒ္ဓတရားတော်၏ သွန်သင် ညွှန်ပြချက် ဖြစ်ပါသည်။ အကယ်၍
လူသေတိုင်း အိမ်မှာ (၇)ရက်နေသည် ဟုယူဆလျှင် လူသေတိုင်း ပေတ (ပြိတ္တာ သရဲတစ္ဆေ) ဖြစ်သည်ဟု
လက်ခံရာ ရောက်ပါသည်။ ထိုသို့ လက်ခံလျှင် ထေရ၀ါဒ ဗုဒ္ဓဘာသာတရားတော်နှင့် ဖြောင့်ဖြောင့်
ဆန့်ကျင်သဖြင့် ဗုဒ္ဓဘာသာဝင် အစစ်မဟုတ်ပါ။ (၀ါ) ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ် မဖြစ်နိုင်ပါ။
ပထမကျော် ဦးစံသင်းလှိုင်
ရုပ်ရည် ချောမော၊ စီးပွားဆင်ပြေ။
ချစ်ခင်သူပေါ၊ မိတ်ကောင်းခိုင်စေ။
လေးစားခံရ၊ သွားတိုင်းဆင်ပြေ။
ဉာဏ်လည်းကောင်း၊ နတ်ကောင်းခိုင်မာစေ။
သရဏဂုံတရား၊ ပွားများနိုင်ကြစေ။
အရှင်ဥက္ကံသ(ဖားအောက်တောရ)
ချစ်ခြင်းမုန်းခြင်း နှလုံးသွင်းမှာ၊
အချစ်များက အပြစ်များ၍၊ အမုန်းများက အရှုံးပွား၏။
ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍၊မေတ္တာနှလုံး ကျင့်ကာသုံးသည့်၊
အဖြူစင်ဆုံး ဤကျင့်ထုံးကား၊
အပြစ်လည်းကင်း အရှုံးကင်းမည့်၊
မချစ်မမုန်း အကောင်းဆုံးတည်း။
မနာပဒါယီ အရှင်ဝိစိတ္တ
လောကကြီးမှာ လူတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ပြောကြတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကို ချစ်ရင် ကောင်းသထက် ကောင်းအောင် ကြိုးစားရမယ်။ လောဘ၊ ဒေါသ၊ မောဟတရားတွေမှာ နစ်မွန်းနေရင် ချစ်ရာ မရောက်ပါဘူး။ ကိုယ့်ကိုယ်ကို နှစ်ရာ ရောက်နေပါတယ်။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
ရဟန္တာ ဓာတ်တော်
ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ)
့မြတ်စွာဘုရားဖြစ်စေ၊ ရဟန္တာဖြစ်စေ ပရိနိဗ္ဗာန် စံဝင်၍ တေဇောဓာတ်လောင်သောအခါ၌ ဓာတ်တော်များအနေဖြင့် အစိတ်စိတ်အမွှာမွှာ လုံးဝန်းစွာဖြင့် ကျန်ရစ်စေရန်မှာ ပရိနိဗ္ဗာန်ပြုတော်မူခါနီးတွင် အဓိဋ္ဌာန်ပြုတော်မူရပါသည်။ ဤတွင် ဤကမ္ဘာ၌ ပွင့်တော်မူသော သက်တမ်းတော်ရှည်သော ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဟူသည့် မြတ်စွာဘုရားတို့ အနေဖြင့် ပရိနိဗ္ဗာန်စံဝင်ပြီး၍ တေဇောဓာတ် လောင်တော်မူသောအခါ ဓာတ်တော်များ အစိတ်စိတ်အမွှာမွှာ ကွဲပြားတော်မမူ၊ တလုံးတဆူတည်းသော ဓာတ်တော် အစုအခဲသာ ကြွင်းသည်၊ ထို့ကြောင့် စေတီတော် တဆူတည်းသာတည်၍ ပူဇော်ကြရသည်၊
အကျွန်ုပ်တို့မြတ်စွာဘုရားမှာ သက်တမ်းတော် တိုပါသည်၊ သာသနာတော်ကို ထားရစ်တော်မူပြီး ထိုသာသနာတော်တလျှောက်လုံး ကိုးကွယ်ပူဇော်၍ သတ္တ၀ါများ သုဂတိဘ၀သို့ လားရောက်နိုင်ရန် အဓိဋ္ဌာန်ပြုသည်။ ထိုအဓိဋ္ဌာန်တော်မူချက်အရ တေဇောဓာတ်လောင်တော်မူသောအခါ ကိုယ်တော်မှ အဆင်းသုံးသွယ်၊ အရွယ်သုံးစား၊ အချင့်အားဖြင့် ၁၆-ပြည်သား ဓာတ်တော်များဖြစ်၍ ကျန်ရစ်ရပါသည်။ ရဟန္တာများလည်း ထို့အတူပင် ပရိနိဗ္ဗာန်စံခါနီး၌ ဓာတ်တော်အဆူဆူ လုံးလုံးဝန်းဝန်း အရွယ်အမျိုးမျိုးဖြစ်ရန် အဓိဋ္ဌာန်တော်မူရပါသည်။ အဓိဋ္ဌာန်တော်မမူပဲ ပရိနိဗ္ဗာန်စံလျှင် တေဇောဓာတ်လောင်တော်မူပြီးနောက် လုံးလုံးဝန်းဝန်း မဟုတ်ပဲ အရိုးတော် ပကတိအတိုင်းပင် ကျန်ပါသည်၊
သာဓကအနေအားဖြင့် ယခုဖူးမြင်နိုင်သော မဇ္ဈိမဒေသ ဆံချီစေတီတော်မှ ရသည့် အရှင်သာရိပုတ္တရာ၊အရှင်မဟာမောဂ္ဂလ္လာန်ဓာတ်တော်များမှအြရိုးတော်ပကတိအတိုင်းပင် ဖြစ်ပါသည်၊ ရဟန္တာအနေဖြင့် ဈာန်ရ ဈာန်မရ မထူးပါ၊ အဓိဋ္ဌာန်မှသာ လုံး ၀န်း ရွယ်စား ဓာတ်တော်များ ဖြစ်လာရပါသည်၊ သို့သော် ရဟန္တာဓာတ်တော်များသည် မြတ်စွာဘုရား ဓာတ်တော်များလောက် သေးသေးမွှားမွှားမဖြစ်၊ မြတ်စွာဘုရား ဓာတ်တော်များမှာ အကြီးဆုံး ပဲနောက် ပမာဏမျှဖြစ်သည်၊ ရဟန္တာဓာတ်တော်များမှာ ပဲကြီးစေ့ မတ်ပဲစေ့ ရွေးကြီးစေ့နှင့် ကျောက်စရစ်ခဲပမာဏရှိကြောင်း မှတ်သားရဖူးပါသည်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခု ဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
ပုညကြိယာဝတ္ထု ၁၀-ပါး
(ဧကန်ပြုထိုက်သော ကုသိုလ် တရားများ)
၁။ ဒါန (စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း)
၂။ သီလ (ကိုယ်နှုတ် စောင့်ထိန်းခြင်း)
၃။ ဘာဝနာ (ကမ္မဋ္ဌာန်းဘာဝနာ ပွါးများခြင်း)
၎။ အပစာယန (ရိုသေထိုက်သူကိုရိုသေခြင်း)
၅။ ဝေယျာဝစ္စ (ရတနာသုံးပါး၊ သက်ကြီး ၀ါကြီး၊ မိဘ၊ ဆရာသမားတို့ကိစ္စများ ဆောင်ရွက်ပေးခြင်း)
၆။ ပတ္တိဒါန (မိမိပြုသော ကုသိုလ်ကောင်းမှုကို သူတပါးအား အမျှပေးဝေခြင်း)
၇။ ပတ္တာနုမောဒနာ (သူတပါး၏ ကုသိုလ်ကောင်းမှုကို ကောင်းချီးနုမော် သာဓုခေါ်ခြင်း)
၈။ ဓမ္မဿဝန (သူတော်ကောင်းတရား နာကြားခြင်း)
၉။ ဓမ္မဒေသနာ (သူတော်ကောင်းတရား ဟောကြားရခြင်း)
၁၀။ ဒိဋ္ဌိဇုကမ္မ (ဖြောင့်မတ်သောအယူရှိခြင်း)
ဗြဟ္မစိုရ် (၄) ပါး
တန်းတူတွေ့ရင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်သည်၊ ပြိုင်မည့်အစား မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။ နိမ့်သူတွေ့ရင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်သည်၊ နိုင်မည့်အစား ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။ မြင့်သူတွေ့ရင် မုဒိတာဝင်၊ မ၀င်နိုင်က ရွဲ့တတ်သည်၊ ရွဲ့မည့်အစား မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။ မိုက်သူတွေ့ရင် ဥပေက္ခာဝင်၊ မ၀င်နိုင်က မဲ့တတ်သည်၊ မဲ့မည့်အစား ဥပေက္ခာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။ စိတ်ကိုလည်း ပြင်၊ ရုပ်ကိုလည်း ပြင်၊ ပြင်ဆိုင်တိုင်းရ ပြုတိုင်းလှ၊ သုခနိဗ္ဗာန် တိုင်လိမ့်မယ်။ (ပဋ္ဌာန်းဆရာတော် ဦးဝိသုဒ္ဒ)
စွန့်လွှတ်ခြင်းရဲ့သုခကို မရသေးသမျှ ပိုင်ဆိုင်ခြင်းရဲ့ဒုက္ခကို ခံရမယ်။
(ရွှေဟင်္သာတော်ရဆရာတော်ကြီး ဘဒ္ဒန္တ၀ိမလ)
မှားယွင်းမှုဟူသည် မောဟမကင်းသူ လူတိုင်းနှင့် ဆက်ဆံ၏။
သူတစ်ပါးမှားလျှင် အမှန်ရောက်အောင် ငါပြင်မည်၊ ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံမည်။
ငါ့ကိုပြုပြင်သူကို ငါ့ဆရာဟု အသိအမှတ်ပြုမည်၊ သူတစ်ပါးအကျိုးကို ငါလိုလားမှ ငါ့အကျိုးကို သူတစ်ပါး လိုလားမည်၊ ငါ့တာဝန်ကို ငါကိုယ်တိုင် သိ၍ဆောင်ရွက်မည်၊ ငါ့အလိုသို့သာ တစ်ဖက်သတ်လိုက်သူမှာ ငါ့မိတ်ဆွေမဟုတ်၊ သုခ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို ရဲဝံ့စွာ ငါခံယူမည်။
ဒုက္ခ၏ မျိုးစေ့ဖြစ်သော သုခကို ရဲဝံ့စွာ ငါရှောင်ရှားမည်။
ငါ့အလုပ်နှင့် တူသောအကျိုးကို မချွှတ်ငါရမည်။
(ရွှေဟင်္သာတော်ရဆရာတော်ကြီး ဘဒ္ဒန္တ၀ိမလ)
မနုဿတ္တ ဒုလ္လဘ
ရအောင် ခဲကြမင်း၊
ဗြဟ္မာပြည်က အပ်ကိုချ
လူ့ပြည် အပ်တစင်း၊
အပ်သွားချင်းသာ ထိဖွယ်ရာ
ပမာမှတ်ကြမင်း၊
မနုဿတ္တ ဒုလ္လဘ
မရ များလေပြီ၊
အရတော်စွ သည်ဘဝ
လှလှကျင့်ထိုက်ပြီ။
ထွဋ်ခေါင်ဆရတော်ကြီး
ကုသိုလ်၊ ပညာ၊ ဥစ္စာ၊
တန်ခိုး တစ်မျိုးမျိုးမှ၊
အကျိုးမထွက်၊ ထိုနေ့တွက်၊
သက်သက်ဝမ်း နည်းဖွယ်။
(အရှင် ဇနကာဘိဝံသ)
ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)
ကြာပန်းက
ရေကန်ကိုသာအလှဆင်တယ်၊
မိုးတိမ်တွေကလည်း
ကောင်းကင်ပြာကိုသာ
အလှဆင်တယ်၊
လာခြင်းကောင်းသော
မိတ်ဆွေကတော့
တစ်လောကလုံးကိုအလှဆင်တယ်။
သံဃရက္ခိတမဟာထေရ်(သီဟိုဠ်)
အမြဲမပြတ် ကိလေသာမီး တညီးညီး တောက်လောင်နေပါလျက် အဘယ်ကြောင့် သင်တို့ ပျော်မြူးရယ်ရွှင် နေဘိသနည်း၊ အဘယ်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်နေဘိသနည်း။
အရှင်ရေ၀တ(ဖားအောက်တောရ)
သူများအကျိုး ပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့်...
ကြမ်းတမ်းသော စကားကို မဆိုနှင့်...
မေတ္တာနှင့် ယှဉ်သောစိတ်ကို ဖြစ်စေရမည်.
အကောင်းကြံ၊ အမှန်လုပ်၊ အဟုတ်ပြော...
ယခုလက်ရှိ အချိန်ထက် ကောင်းသောအချိန်မရှိ...
လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင်သုံးပါ...။
-လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
-အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
- ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
(တိပိဋကမင်းကွန်းဆရာတော်)
စိတ်သွားတိုင်း ကိုယ်မပါကြနှင့်
ပါပသမိံ ရမတိ မနော (မနော- သတ္တ၀ါတို့၏စိတ်သည်၊ ပါပသမိံ- မကောင်းမှု၌၊ ရမတိ-မွေ့လျော်၏။)ဟူသည့် ဘုရားရှင်မိန့်ဆိုခဲ့တဲ့အတိုင်း စိတ်သည် မကောင်း မှု အာရုံတို့၌ မွေ့လျော်တတ်ပေရာ စိတ်သွားတိုင်းကိုယ်ပါနေခဲ့သော်ခန္ဓာကိုယ်မှာ လည်း နားရတော့မည်ပင် မဟုတ်ပါ။ မကောင်းသော အကုသိုလ် အမှုတို့ကိုလည်း တစ်ခုပြီးတစ်ခု လုပ်မိနေပေမည်။
စိတ်သည် လက်တစ်ဖျစ်အတွင်း၌ ကုဋေတစ်သိန်း ဖြစ်ပျက်ရာ လက်တစ်ဖျစ်တိုင်း လက်တစ်ဖျစ်တိုင်းမှာ အကုသိုလ်စိတ် ကုဋေတစ်သိန်း အဖြစ်ခံမှာလား?ကုသိုလ် စိတ် ကုဋေတစ်သိန်း အဖြစ်ခံမှာလား? စဉ်းစားသင့်၏။ ဒိဋ္ဌိနှင့်ယှဉ်သော အကုသိုလ်စိတ် လက်တစ်ဖျစ်ဖြစ်မိတိုင်း ငရဲမီးသည်လည်း ငရဲ၌ ထိုမျှမကပင် အလိုအလျောက် မွှေးနေလေ၏။ ထိုမှ ဆန့်ကျင်ဘက်လည်းသမ္မာဒိဋ္ဌိနှင့်ယှဉ် သည့် ၀ိပဿနာဥာဏ်ဖြစ်လျှင်တော့ မွှေးပြီးသား ငရဲမီးတို့ကို ငြိမ်းစေသလို မဂ်ဥာဏ်ဖိုလ်ဥာဏ်သို့လည်း တဖြည်းဖြည်း နီးနေလေ၏။
ထို့ကြောင့် (လေးသမားသည် မိမိ၏မြှားကို လိုသလို ဖြောင့်ယူသကဲ့သို့ပညာရှိ သည်လည်း မိမိ၏စိတ်ကို ဖြောင့်မတ်အောင် ကြိုးစားအားထုတ်ရာ၏။) ဟူသော ဓမ္မပဒပါဠိတော်၌ ဘုရားရှင် ဆုံးမခဲ့သည့်အတိုင်း ကျင့်ကြံရပေမည်။ လူ့ဘ၀သည် အင်မတန်ရခဲပေရာ ဘုရားသာသနာနဲ့ ကြုံနေတုန်း မိမိ၏စိတ်ကို ကုသိုလ် ကောင်းမှုတို့၌ မွေ့လျော်အောင် ကြိုးစားသင့်ပေ၏။ အခုလို လူ့ဘ၀မှာ (ကုသိုလ် ကောင်းမှုတို့၌ မေ့လျော့နေလျှင်တော့ အသက်သာရှင်နေရသော်လည်း သေပြီး လျှင် အပါယ်သို့ကျရောက်ရမည်၊ အကြိမ်ကြိမ်လည်း နောက်ထပ် သေရဦးမည် ဖြစ်သောကြောင့် ရှင်လျက် သေသောသူနှင့်သာ တူပေ၏။)ဟူ၍ ဘုရားရှင်က သမာဝတီမိဖုရားနှင့် မာဂဏ္ဍီမိဖုရားတို့ကို အကြောင်းပြုပြီး ဓမ္မပဒပါဠိတော်၌ ဟော ကြားတော်မူခဲ့လေ၏။ ထိုကြောင့် ရခဲလှတဲ့ လူ့ဘ၀မှာ မကောင်းမှု၌ မွေ့လျော်တတ်သည့် စိတ်၏အလိုသို့မလိုက်ဘဲ သီလကိုဆောက်တည်၊ သမထကို အားထုတ်၊ ပညာကိုပွားများရင်း မသေရာမြတ်နိဗ္ဗာန်ကိုရအောင် ကြိုးစား အားထုတ်ကြပါကုန်။
စာဖတ်သူအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် တရားအားထုတ်နိုင် ကြပါစေ။
စာရေးသူ - ထွန်းထွန်းလှိုင် ၊
0 comments:
Post a Comment