Pages

Pages

Thursday, November 10, 2011

ကဆုန်လ၌ ကြုံရသော - ဗုဒ္ဓနေ့ ပွဲတော်


ကဆုန်လ၌ ကြုံရသော - ဗုဒ္ဓနေ့ ပွဲတော်
ဆု - ဖွား - ပွင့် - စံ၊ ဤလေးတန် မှတ်ရန် ကဆုန်လ
(ရဝေထွန်း)

        သုမေဓာ ဘဝက ဒီပင်္ကရာ မြတ်စွာဘုရား ထံတော်၌ ဘုရားဖြစ်ရန် နိယတ ဗျာဒိတ်ပန်းကို ဆွတ်လှမ်း ပန်ဆင်တော် မူခဲ့ခြင်း၊ ဖွားမြင်တော် မူခြင်း၊ ဤ ဘဒ္ဒကမ္ဘာ၌ သဗ္ဗညုတ အစစ် ဘုရား အဖြစ်သို့ ရောက်တော်မူခြင်းနှင့် နိဗ္ဗူကြငှန်း စံမြန်းတော် မူခြင်း အားဖြင့် ဤ ကဆုန် လပြည့်နေ့သည် ကျွန်ုပ်တို့၏ ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာနှင့် လေးကြိမ်း လေးခါ ထူးခြားစွာ ကြုံကြိုက်တော် မူခဲ့သည်၊ ကြုံကြိုက်တော် မူသရွေ့ လေးနေ့စလုံး သည်ပင် ဘုရား တစ်ဆူဆူ၏ အဖြစ်တွင် စင်စစ် အရေးအကြီးဆုံး နေ့ထူး နေ့မြတ်ကြီး များချည်း ဖြစ်နေပေ၏၊ သို့နှင့် “ကဆုန်လပြည့် - ဗုဒ္ဓနေ့” ဟူသော စကားမှာ ဂုဏ်နှင့်လျော်စွာ ဖြစ်ပေါ်၍ လာရသော စကားပင် ဖြစ်လေသည်။

        ဤ ထူးမြတ်သော ကဆုန်လသည် ရာသီအားဖြင့် ဗြိဿရာသီ ဖြစ်၏၊ ဝိသာခါ နက္ခတ်နှင့် စန်းယှဉ်၍ စကားဝါပန်းများ ပွင့်လန်းသော အချိန် ဖြစ်သည်၊ ထို့ပြင် က - မှာ ရေ ကိုဆိုလို၍ ဆုန် -မှာ ပြတ်ခြင်း ဖြစ်သဖြင့် နွေရာသီ၏ ဗဟိုကျသော ဤ လခါသည် ရေပြတ်သော ကာလဖြစ်သည်၊ ဤလတွင် ရေပြတ်သဖြင့် သစ်ပင် ပန်းပင် တို့မှာ အချို့ညှိုးနွမ်း ကြသည်၊ အချို့ သေကြေ ကြသည်၊ ထိုအခါ ဗုဒ္ဓဘာသာ တို့ ထုံးတမ်းစဉ်လာ အရ အထွတ်အမြတ် ဖြစ်သော ဘုရားပွင့်ရာ မဟာဗောဓိ ဗုဒ္ဓဟေ ညောင်ပင်ကို ညှိုးနွမ်းမည် စိုး၍ ရေသွန်း လှူဒါန်း ကြရလေသည်၊ သို့နှင့် ဗုဒ္ဓဘာသာ နိုင်ငံတို့၏ မြို့တိုင်း ရွာတိုင်း မှာပင် ဤ ကဆုန်လ၏ လပြည့်နေ့တွင် ညောင်ရေသွန်း ပွဲများကို ဆင်နွှဲကြခြင်းဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ကို သရုပ်ဖော်ကြမြဲ ပင်ဖြစ်သည်။
    “ ကဆုန်ပြိဿ၊ ကောင်းကင်ဝ၊ ထွန်းပဝိသာခါ၊ စကားပွင့်ဆဲ၊ ညောင်ရေပွဲ၊ သွန်းမြဲ အချိန်ခါ” စသည်ဖြင့် ရှေးစာဆိုတော် တို့သည် ဤ-လကဆုန်၏ ရာသီတာရာ ပွင့်လန်းရာ ပန်းနှင့်ဤ ညောင်ရေသွန်း ပွဲတော်ကို စာဖြင့် မှတ်တမ်း တင်ခဲ့ကြလေ၏။
       “ သာစွလေ…ခါနွေသဘင်၊ နှစ်သစ်ဝင်၍၊ ကောင်းကင် သော်တာ၊ ဝိသာခါနှင့်၊ ပြည့်လာ အညီ၊ ရာသီပြိသာ၊ အလှကြိုင်မြူး၊ ကွန့်ဖူးစကား၊ လှိုင်ပျံ့ရှားသည်၊ မိုးသားကျူးစ၊ ကဆုန်လဝယ်၊ လောကထွတ်ထား၊ ဘုရားသခင်၊ ရွှေပလ္လင်ထက်၊ ရွှေပင် ရောင်တောက်၊ ညောင်တော် အောက်၌၊ ပေါက်သည်ကိုမူ၊ အကြောင်းယူ၍၊ မဉ္ဇူလှရာ၊ ပန်းတကာကို၊ မြူတာတကောင်း၊ မသင်းတောင်းဝယ်၊ သွန်းလောင်း ရေပြည့်၊ ဖြိုးမျှထည့်လျက်၊ ပတ်လှည့်ညာကြေ၊ သျှင်တော်မွေကို၊ ရိုသေသဘင်၊ ပွဲကြီးယင်၍၊ ကြည်လင်သဒ္ဓါ၊ ငြိမ့်ကြောင်းရှာသည်၊ အခါညောင်ရေ သွန်းတည့်လေ - ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝ နန်းတည့်လေ” ။
       အင်းဝခောတ် စာဆိုတော် ဦးအောင်ကြီး၏ ခေတ်ပြ ကြေးမုံလူးတား ကဗျာဖြစ်၏၊ ဦးအောင်ကြီးသည် သက္ကရာဇ် ၁၀၇၆ - မှ ၁၀၉၅ - အတွင်း အင်းဝပြည် တနင်္ဂနွေမင်းခေါ် သီရိပဝရ မဟာဓမ္မရာဇမင်း လက်ထက် ထင်ရှားသော စာဆိုတော်ကြီး တစ်ဦး ဖြစ်၏၊ ထိုအချိန် အခါက ဤကဆုန်လတွင် ညောင်ရေ သဘင်ပွဲ အကြီးအကျယ် ဆင်နွဲမြဲဖြစ်ရာ ယခုခေတ်ကဲ့သို့ ကဆုန်လပြည့် နေ့တွင် သာမဟုတ်၊ လပြည့်ကျော် (၈) ရက် နေ့၌ပါ ညောင်ရေသွန်း ရကြောင်း လောကဗျူဟာ အင်ရုံ စာတမ်းတွင် ဖော်ပြ ထားလေသည်၊ ကဆုန် လကွယ်နေ့တွင်မူ - ရေချမ်းအိုး အလှူတော်ဟူ၍ (ဇရပ်တန်ဆောင်း ကျောင်းကန် ဘုရားများသို့ ရေချမ်းအိုးများ ထမ်းရွက်၍ ပို့လှူခြင်း) သီးခြား အလှူတစ်မျိုး ရှိသေးကြောင်း ယင်းစာတမ်းတွင် ဖတ်ရှု့ရပေသည်။
       ညောင်ရေသွန်း ရာ၌ ကဆုန်လသည် ရေပြတ်သော လဖြစ်၍ ဘာသာရေး ထုံးတမ်းအရ ဗောဓိညောင်တော် ညှိုးနွမ်းမည်စိုး၍ ရေသွန်းရခြင်း အစဉ်အလာ မှတ်သား ကြသော်လည်း ထို လောကဗျူဟာ အင်ရုံ စာတမ်းတွင်မူ ထူးခြားသော မှတ်ချက် တစ်ရပ်ကို တွေ့ရ၏။
        ပတ္တမြားစေတီ ရေသွန်းရာမှာ ရမည်းသင်း မင်းတရား လက်ထက်တွင် ကဆုန်လ မိုးမရွာ၍ အိမ်မက်ရာတွင် ပတ္တမြားစေတီ ဘုရား ညောင်ရေသွန်းကို စီရင်၍ သွန်းရာတွင် အပြန်ကို မိုးသည်းစွာ ရွာသည်၊ သည်နှစ် ကစ၍ ပတ္တမြား စေတီ ဘုရားညောင်ရေကို သွန်းရသည် (၎င်း ကျမ်း ၃၀၀) ။
        ဤ မှတ်တမ်း အရဆိုသော် ညောင်ရေ သွန်းခြင်းကြောင့် မိုးရွာကြောင်း၊ မိုးရွာရန် အစဉ်အမြဲ ညောင်ရေ သွန်းရကြောင်း သိရ၏၊ လယ်ယာ စိုက်ပျိုးရေး နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ အတွက် အထက်ပါ မှတ်တမ်း အရဆိုက ညောင်ရေ သွန်းခြင်းသည် ဘာသာရေး အတွက်သာ မဟုတ်၊ တိုင်းပြည် ဝပြော သာယာရေးပါ အကျုံးဝင်ကြောင်း မှတ်သား သင့်ပေသည်။
        ညောင်ရေ သွန်းခြင်း အပြင် ဗုဒ္ဓနေ့ သရုပ်ဖော်မှု ကိစ္စတစ်ရပ် ရှိပေသေးသည်၊ ထိုကိစ္စကား ဗုဒ္ဓ ရုပ်ပွားတော် များအား အနေကဇာ တင်ခြင်း ကိစ္စ ပေတည်း။ အနေကဇာတင် ဟူသည်မှာ ဗုဒ္ဓ ရုပ်ပွားတော် ဥဒ္ဒိဿစေတီ စသည်အား အနေကဇာတိ သံသာရံ - စသော ပထမ ဗုဒ္ဓဝစန ဂါထာတော် တို့ဖြင့် ရွတ်ဆို ရင့်ကျူး၍ အထူးတလည် အမွန်းတင်ကာ ဗုဒ္ဓါ ဘိသေက မင်္ဂလာ သဘင် ဆင်ယင်ခြင်းပင် ဖြစ်၏။
        ကဆုန် လပြည့်နေတွင် လူတွင် ထင်ရှား ဘုရားအဖြစ်သို့ ရောက်တော်မူသော မြတ်စွာဘုရား ကိုယ်တော်မြတ်သည် ဝမ်းမြောက် ယိုဖိတ် ကြည်နူးစိတ်ဖြင့် မျိုသိပ်၍ မထားဘဲ ဘဝများစွာက ခန္ဓာအိမ်များကို ပြုလုပ်ဖန်တီးလာခဲ့သော တဏှာ လက်သမားကြီးအား “သင့် အကြောင်းကို ငါ သိရပြီ၊ ငါ၏ ခန္ဓာအိမ်ကို သင် မပြုလုပ် ရတော့ပြီ ” စသည်ဖြင့် (စိတ်တော်ဖြင့်) ရွတ်ဆို ပြောကြား ကြုံးဝါး ကျူးရင့် လိုက်သော ဥဒါန်း ဂါထာတော်ကြီး ပင်ဖြစ်၏၊ ထို့နောက် “ ယဒါ ဟဝေ ပါတု ဘဝန္တိဓမ္မာ ” စသော သုံးဂါထာကို နှုတ်ဖြင့် ထုတ်ဖော်၍ ရှေးဦးစွာ ရွတ်ဆိုတော် မူခဲ့ပြန်၏။
        ထို ပထမ ဗုဒ္ဓဝစန ဥဒါန်းဂါထာ များအပြင် ပဋိလုံ၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော် တို့နှင့် ပုဗ္ဗဏှ သုတ္တန်များကို စုပေါင်း၍ အနေကဇာတင် ပါဠိ အစဉ်ပြုလုပ်ကာ ဥဒ္ဒိဿ စေတီတို့အား ဤ အနေကဇာ တင်ခြင်း အစဉ်အလာ ပြုခဲ့ ကြပေသည်။ (အနေကဇာ တင်ခြင်းနှင့် စပ်၍ ကြားဖြတ် ရေးသား လိုသည်မှာ အချို့က ဗုဒ္ဓ ရုပ်ပွားတော် များမှာ အနေကဇာ တင်မှသာ ဘုရားဟု အသိအမှတ် ပြုထိုက်သည်၊ အနေကဇာ မတင်ရသေးလျှင် ဘုရား မဟုတ်သေးကြောင်း မှတ်ယူစွဲပိုက် ထားကြလေသည်၊ အမှန်မှာ အနေကဇာ တင်ခြင်း မတင်ခြင်း သည် ဘုရား ကိုးကွယ်ခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ချေ၊ မြတ်စွာဘုရား၏ ရုပ်ပုံတော် ပီသလျှင်ပင် ဥဒ္ဒိဿ စေတီတော် အနေဖြင့် ပူဇော်ထိုက်နေပေပြီ၊ အနေကဇာ တင်ခြင်းမှာ အမွှန်းတင်ခြင်း သာဖြစ်၍ လုပ်သင့် လုပ်ထိုက်သော ကောင်းမှု ကိစ္စရပ် တစ်ခု ဖြစ်သည့်တိုင် အနေကဇာ မတင်ဘဲလည်း ရုပ်ပွားတော်အား ကိုးကွယ် ပူဇော် ထိုက်သည်သာ ဖြစ်လေသည်။
       ဤ အနေကဇာ တင်ခြင်း အစဉ်အလာသည် သမိုင်းကြောင်း အရဆိုသော် ကြာမြင့် လှသေးသည် မဟုတ်ချေ၊ ၉၂၁ - ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်သော ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) မင်းတရားကြီးသည် ၉၂၆ - ခုနှစ်တွင် ဇင်းမယ်ကို သိမ်းယူ အုပ်စိုးတော် မူခဲ့သည်၊ ထိုသိမ်းယူစ အချိန်က ဇင်းမယ် မဟာဒေဝီအား မြို့စားအဖြစ် ထားခဲ့သေးသော်လည်း ၉၄၁ - ခုတွင် သားတော် နော်ရထာစော အား ဇင်းမယ် ကိုပေး၍ မင်းပြုစေခဲ့သည်၊ ဇင်းမယ် ဘုရင် နော်ရထာစော သည် ဇင်းမယ်ကို မင်းပြုရာ၌ ဗုဒ္ဓသာသနာ တော်ကိုပါ ပြုစု တိုးတက်စေခဲ့ရာ ဇင်းမယ် ရိုးရာ ဖြစ်သော ဂြိုလ်ကြီးကိုးလုံး ပူဇော်သော အလေ့အထကို သာသနာပြု ဆရာတော်များနှင့် တိုင်ပင်၍ ဘုရားကိုးဆူ ပူဇော်သော အလေ့သို့ ပြောင်း၍ ပေးခဲ့သည်၊ ထို့ပြင် ဘုရား ကိုးဆူအား အမွန်းတင် ရွတ်ဆိုရာ၌ အနေကဇာတိ သံသာရံ စသော ဂါထာများဖြင့် အမွှန်းတင်၍ အနေကဇာတင် အစီအစဉ်များ ကိုပါ စီစဉ် ခဲ့လေသည်။
ထို အခါမှစ၍ ဘုရားကိုဆူ ပူဇော်ခြင်း၊ ဘုရားအနေကဇာ တင်ခြင်း ကိစ္စများ ဖြစ်ပေါ်လာပြီး ကောင်းသော ကိစ္စများ ဖြစ်သည့်အတိုင်း ဇင်းမယ်မှာ သာမက မြန်မာနိုင်ငံ သို့ပင် ရောက်ရှိ ပြန့်နှံ့၍ လာခဲ့လေသည်။
ဗုဒ္ဓနေ့နှင့် အနေကဇာတင်
        ဤ အနေကဇာတင် ကိစ္စများကို မြန်မာနိုင်ငံ၌ ဥဒ္ဒိဿ စေတီတော် စတင် ကိုးကွယ်ရာ၌သာ အပြု များကြသော်လည်း အခြား ထေရဝါဒ နိုင်ငံတို့၌ကား ကဆုန်လပြည့် ဗုဒ္ဓနေ့၌ စေတီတော်များ ရှေ့၌ ဖြစ်စေ၊ ဗုဒ္ဓနေ့ ဘဘင် ဆင်ယင်ရာ ဌာနတိုင်း၌ ဖြစ်စေ ရွတ်ဆို ပူဇော်ကြမြဲ ဖြစ်၏၊ ကျွန်ုပ်တို့ မြန်မာနိုင်ငံ ၌လည်း ဤ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပရာ နေရာတိုင်း၌ ဥဒ္ဒိဿ စေတီတော်များကို ရှေ့ရောက် ပင့်ဆောင်၍ ဖြစ်စေ၊ ရည်မှန်း၍ ဖြစ်စေ ရွတ်ဆို ကျင်းပ သင့်ကြပေသည်၊ လူပုဂ္ဂိုလ်များ အနေဖြင့် မရွတ်လိုကလည်း သံဃာတော်များအား ပင့်ဖိတ်၍ ဗုဒ္ဓါ ဘိသေက ပွဲသဘင်များ ဆင်ယင် ကျင်းပ သင့်ပေသတည်း။


ဥယျောဇဉ်တေးထပ်
*    ဗေသာခီ စန်းအယှဥ့်
နန်းပလ္လင့် ပြိဿာ၊
ဆန်းအတင့် ရိပ်သာမှာ၊
မိတ်ကလျာ ပန်ဖို့။
ရွှေစကား သင်းခရေကို
အပျင်းပြေ ခူးကောက်ချည်စို့။
*    ကျောင်းတော် ရိပ်လေချိုသာမှာ၊
နွေခိုကာ ဖြေလို့။
နေညိုမှာ မေတို့က၊
သပြေညို့ ကိုင်ဆောင်၊
ရေသွန်းရန် ဖော်အများတွေနှင့်
ပျော်တပါး သွားကြရွှေညောင်။
*    ခံဗျာဒိတ်ပွင့် မာရ် အောင်ငယ်၊
တင်စံခေါင် မြိုက်ဘုံ ကြွလေတဲ့၊
ကြိုက်ကြုံရ ထူးဘိမာသာ၊
ဦးရှိကာသာ။
ဥဒ္ဒိဿ ပရမေဘဂဝါကို၊
အနေကဇာတင် ရွတ်ပါစို့လေး။   ။

***********************************************************************
(ရဝေထွန်း)

No comments:

Post a Comment