Pages

Pages

Saturday, February 25, 2012

တပေါင်းလ

 
တပေါင်းလသည် မြန်မာပြက္ခဒိန်၏ နောက်ဆုံးလ။ တပေါင်းလတွင် ၃၀ ရက်ရှိသည် (ရက်စုံ)။ တပေါင် (တပေါင်း) ခေါ် ဆယ့်နှစ်လမြောက်လသည် ဖေဖော်ဝါရီ၊ မတ် အတွင်း ကျရောက်ပါသည်။ ထန်းပင်နှင့် သက်ဆိုင်သော အမည် ဖြစ်သည်။ ထန်းဖိုပင်များမှ ခံယူရရှိသည့် ထန်းရည်ကို မီးနှင့် ကျိုချက်ပြီး ထန်းလျက် ပြုလုပ်သည့် လဖြစ်သည်။ ဤလ၏ အထိမ်းအမှတ် ပန်းသည် သရဖီပန်း (Calophyllum amnenum) ဖြစ်ပါသည်။

ပွဲတော်
တပေါင်းလတွင် ထင်ရှားသောပွဲတော်မှာ တပေါင်းပွဲတော် ဖြစ်သည်။ 


မြန်မာတို့ရဲ့ တပေါင်းလ

ပန်းချီ - ဆရာပေါ်ဦးသက် 

မြန်မာလများတွင် ၁၂ကြိမ်မြောက်လသည် တပေါင်းလဖြစ်လေသည်။ ပဌမလ၀က်သည် ဆောင်းရာသီစက်မှ မလွတ်သေးချေ။ ဒုတိယလ၀က်သို့ရောက်မှသာ နွေရာသီစက်သည် စတင်လေသည်။ ထို့ကြောင့် တပေါင်းလ သည် ဆောင်းတ၀က် နွေတ၀က်ဖြစ်၍ နေ့ပူလို့ ညချမ်း၊ တပေါင်းလ သရမ်း ဟု လူတို့ဆိုစမှတ် ပြုကြသည်။


၂၇လုံးသော နက္ခတ်များ စုပေါင်းထွက်ပေါ်လာခြင်းကြောင့်လည်းကောင်း၊ ထန်းရည်များ ပေါင်းစပ်ကျိုချက်သဖြင့် ထန်းပေါင်း ဟူသောစကားမှ ရွေ့လျားလာခြင်းကြောင့်လည်းကောင်း တပေါင်းလ ဟုခေါ်တွင်သည်ဟုဆိုသည်။ ဗေဒင်အလိုအားဖြင့်ကား တပေါင်းလသည် မိန်ရာသီဖြစ်၏။ မိန်ရာသီ၏ အရုပ်မှာ ငါး၂ကောင်ဖစ်သည်။ စန်းယှဉ်နက္ခတ်ကား ဥတ္တရ ဘရဂုဏ္ဏီတည်း။ သရဖီ ကိုရာသီပန်းအဖြစ် အသိအမှတ်ပြုကြသည်။ ယင်းလတွင်မြစ်များ ချောင်းများ ရေစစ်ကာ သောင်ခုံသဲပြင်များပေါ်ထွန်းသဖြင့် သဲပုံစေတီတည်သော ရာသီပွဲများ ကျင်းပလေ့ရှိသည်။ ထိုလ၌ နေထွက်ချိန် ၆နာရီ ၁၀မိနစ်ဖြစ်၍ နေ၀င်ချိန်မှာ ၅နာရီ ၅၀မိနစ်ဖြစ်သည်။ ထို့ကြောင့် နေ့တာ အနည်းငယ်တို၍ ညတာရှည်သည်။


တပေါင်းလသည် ဆောင်ကြွင်း နွေဦးလဖြစ်သဖြင့် လောက သဘာဝအလုံးသည် သစ်ပင်များ ရွက်ဟောင်းစွန့်၍ ရွက်သစ်လွန့်ကာ အညွန့်အညှောင့်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ်သာယာလှပေသည်။ မြန်မာစာပေ လောကတွင် ရှေးစာဆိုများသည် တပေါင်းလကို အထူးဖွဲ့ဆိုရေးသားခဲ့ကြလေသည်။ အင်းဝခေတ် ရဟန်းစာဆိုရှင် ဥတ္တမကျော်သည် သူ၏တောလားကဗျာကြီး၌ တပေါင်း၏တင့်တယ် သာယာပုံကို လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ယော်ယီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား ဟု ချီးကျူးဖွဲ့ဆိုခဲ့၏။


ရှင်အုံးညိုကလည်း တပေါင်းလ၏ ကြည်နူးရှုချင်ဖွယ်ကောင်းပုံကို ဂါထာ၆၀ပျို့တွင် ကာဠုဒါယီအမတ် က မြတ်စွာဘုရားအား လျှောက်ထားသည့်ဟန်ဖွဲ့စပ်ဆိုထားခဲ့သည်။ ကုန်းဘောင်ခေတ် ပြဇာတ်ဆရာကြီး ဦးကြင်ဥကမူ ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ပတ်လည် သဇင်ကြွင်းငယ်နှင့် အင်ကြင်းသန္တာညွန့်ငယ်တို့ ၊ ဖူးကွန့်ကိုက်စည်။ ဘမရာ ရွှေပိတုန်းငယ်တို့၊ ချွေသုံးကြ၀တ်ရည်၊ ဆွတ်ကြည်ဘွဲ့ဖော် ကွဲ။ ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်ထိုင်မှ၊ ညာဏ်မခိုင် ဈာန်ယိုင်လျောရတယ်၊ ရာသီတွင် ခါညီပြောပေပ၊ ကြော၍သာမြဲ။ ဟု တပေါင်းလ ၏ စာပန်းချီကိုသီကုံးခဲ့ပေသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၄ မှ..

 

လတပေါင်း


ကျွန်တော်သညှ် တပေါင်းပွဲတော် နီးကပ်လာပြီ ဖြစ်သဖြစ် မြန်မာ (၁၂) လရာသီမှ အထူးခြားဆုံးဖြစ်သော တပေါင်းလ အကြောင်းကို စာဖတ်သူများကို မျှဝေခံစားစေချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသဖြင့် ရေးသားလိုက်ရပါ သည်။

မြန်မာစာပေသမိုင်းတွင် စာပေစတင် ရေးသားချိန်က တစ်ဆယ့်နှစ်လမြောက် တပေါင်းလကို တပေါင်လဟု ရေးသားခဲ့ကြသည်။ တပေါင်း ဟူသော ဝေါဟာရမှာ “တပ” ဟူသည့် ပါဠိဝေါဟာ၇မှ ဆင်းသက်လာပြီး “တပ” သည် ပူပြင်းခြင်း အနက်ကို ဟောပေ၇ာ ပူပြင်းခြောက်သွေ့သော လဟုမှတ်ယူနိုင်သည်။
တပေါင်းလ၏ ရာသီရုပ်မှာ ငါးကြင်း၊ ရာသီပန်းမှာ သရဖီပန်းဖြစ်ပြီး နှစ်စဉ်ကျင်းပသော ပွဲတော်မှာ သဲပုံစေတီပွဲတော်ဖြစ်သည်။ တပေါင်းလရာသီရောက်လျှင် ပဲ၊ ပြောင်း၊ နှမ်း၊ ၀ါ၊ စပါးတို့ ရိတ်သိမ်းပြီးချိန် ဖြစ်သဖြင့် တစ်နှစ်တာအတွက် ခေတ္တအနားယူချိန်လည်းဖြစ်သည်။ တပေါင်းလရာသီသို့ ရောက်လာလျှင် မြန်မာနိုင်ငံတ၀ှမ်းလုံး တောေ၇ာမြို့ပါမကျန် ဆိုင်းသံ၊ ဗုံသံ ခြီမ့်ခြီမ့်ညံကာ အလှူပွဲများ၊ ဘုရားစေတီပုထိုးများတွင် ဗုဒ္ဓပူဇနိယပွဲတော်များ ကျင်းပကာ သံသရာအတွက် လှူကြတန်းကြ ကုသိုလ်ယူကြသည်မှာ ကြည်နူးစရာ ကောင်းလှပါသည်။
သုံးလောကထွတ်ထား မြတ်စွာဘုရားသည် သစ်ပင်တောတောင် ပန်းမန်ရေမြေသဘာဝတို့ဖြင့် ဆွတ်ပျံ့ကြည်နှုးဖွယ် အဆင်းကျက်သရေဆောင်နေသော တပေါင်းလရာသီကို အထူးတလည် ချီးပင့်လိုသောကြောင့် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ ပင့်လျှောက်ချက်အရ ကပိလ၀တ်ပြည်ကြီးသို့ နောက်ပါ ရဟန်းငါးရာနှင့်အတူ ဒေသစာရီကြွချီလာခဲ့သော ထူးမြတ်သော အခါသမယလည်းဖြစ်ပါသည်။ ထိုအကြောင်းကို အင်းဝခေတ်စာဆိုပညာရှင် ရှင်အုံးညိုက ဂါထာခြောက်ဆယ်ပျို့ဖြင့် တန်ဆာဆင်ရေးဖွဲ့ထားသည်မှာ ကြည်ညိုဖွယ်ကောင်းလှပါသည်။
မြတ်ဗုဒ္ဓသည် တပည့်ရဟန်းတို့အား အမြီုက်ရသာနှင့်ပြည့်ဝကုံလုံသော အသင်္ခတဓာတ်နိဗ္ဗာန်ကို ရေတံခွန်၊ စိမ့်စမ်း၊ ပန်းမန်၊ တောတောင်ရေမြေသဘာဝအလှတို့နှင့် တင့်တယ်လှသည့် တောအုပ်တောတန်းတခုနှင့်ခိုင်းနှိုင်းကာ “၀နပ္ပဂုမ္ဗေ၊ ယထဖုသိတဂ္ဂေ၊ ဂိမှာနမာသေ၊ ပထမသ္မိဂိမှေ၊ တထူပမံဓမ္မ၀ရံအဒေသယိ၊ နိဗ္ဗာနဂါမိ။ ပရမံဟိတာယ” ဟု ရတနသုတ်တော်တွင် ထည့်သွင်းဟောကြားတော်မူခဲ့သည်။
ထေရ၀ါဒ ဗုဒ္ဓသာသနာကို ကိုးကွယ်ဆည်းကပ်ခွင့်ရသော မြန်မာတို့သည် အတုမရှီသော ဘုန်းတော်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ကြည်ညိုသက်ဝင်ရာမှ မြတ်ဗုဒ္ဓ ကိုယ်တော်တိုင် အမွမ်းတင် ချီးကူးတော်မူခဲ့သည့် တပေါင်းလကို (၁၂) လရာသီထဲတွင် အမွန်မြတ်ဆုံး၊ အတင့်တယ်ဆုံးသော လထူးလမြတ်အဖြစ် အသိအမှတ်ပြုခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။

 

တပေါင်းသာခေါင်လများနောင်
'


ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ပတ်လည်။
 သဇင်ကြွင်းငယ် နှင့်
အင်ကြင်းသန္တာညွန့်ငယ်တို့
ဖူးကွန့်ကိုက်စည်
 ဘမ ရာရွှေပိတုန်းငယ်တို့
 ချွေသုံးကြဝတ်ရည် ဆွတ်ကြည်ဘွဲ့ဖော် ကွဲ
 ယင်းသည့်နေ့ဆိုင်
ရသေ့သူတော်တိုင်မှ
 ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်၊
 ရာသီတွင်ခါညီပြောပေပ  ကြော၍သာ မြဲ။
( ကုန်ဘောင်ခေတ် စာဆိုတော်ဦးကြင်ဥ )
တပေါင်းလသည် မြန်မာလများ၏ တစ်ဆယ့်နှစ်လမြောက်ဖြစ်၍ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်သည် ဖေဖော်ဝါရီလနှင့် မတ်လတွင် ကျရောက်လာသည်။ ထို့ကြောင့် နေ့ပူလို့ ညချမ်း၊တပေါင်းလသရမ်းဟု ဆိုထုံးပြုခဲ့ကြသည်။
တပေါင်းလဟုခေါ်တွင်ခြင်းမှာ၂၇ လုံးသောနက္ခတ်များ စုပေါင်းထွက်ပေါ်ခြင်းကြောင့် ၎င်း ထန်းရည်များပေါင်းစပ်ကျိုချက်သဖြင့် ထန်းပေါင်းဟူသော စကားမှရွေ့ရှားလာခြင်းကြောင့်၎င်း တပေါင်းလဟုခေါ် သည်ဟုဆိုသည်။ ဗေဒင်အလိုအားဖြင့်ကား တပေါင်းလသည် မိန်ရာသီဖြစ်၏။ မိန်ရာသီ၏ အရုပ်မှာ ငါး ၂ ကောင်ဖြစ် သည်။ စန်းယှဉ်နက္ခတ်ကား ဥတ္တရ ဘရဂုဏ္ဏီတည်း။ သရဖီကို ရာသီပန်းအဖြစ် အသိအမှတ်ပြုကြ၏။
တပေါင်းလတွင် မြတ်ဗုဒ္ဒနှင့်ပတ်သက်သောထူးခြားသည့်ဖြစ်ရပ်များမှာ

မြတ်စွာဘုရားသည်ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်းတော်၌သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့်မဂဓတိုင်းသားများကိုတရားရေအေးတိုက်ကျွေးလျက်ရှိပါသည်။

ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိရာ ခေါင်းဆောင်အမတ် ၁၀-ဦးတို့ကို နောက်ပါအခြံအရံ တထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာ မြတ်စွာဘုရားကိုပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်လိုက်ပါသည်။ နောက်ဆုံးအသုတ်ကို ကာဠုဒါယီအမတ်ကြီးက ခေါင်းဆောင်၍ သွားရပါသည်။ မြတ်စွာဘုရားနှင့်တွေ့၍ တရားနာရသောအခါ ကပိလ၀တ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူအားလုံး တယောက်မကျန် သာသနာ့ဘောင်သို့ ၀င်ရောက်ပြီး ဧဟိဘိက္ခု ရဟန်းတွေချည်းဖြစ်ကုန်ကြပါသည်။

ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က တပေါင်းလ၏ သာယာပုံကို ဂါထာပေါင်း ၆၄-ဂါထာ သီကုံး၍ ခမည်းတော်၏ကျေးဇူးကို သိသောအားဖြင့် ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွချိန်တန်ပြီဖြစ်ကြောင်းလျှောက်ထားလေသည်။

ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ရဟန္တာပေါင်း ၂-သောင်း ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀-ဝေးကွာသော ကပိလ၀တ်ပြည်တော်သို့ တနေ့လျှင် ၁-ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀- (၂-လကြာမျှ)ဒေသစာရီကြွချီတော်မူပါသည်။
ကာဠုဒါယီမထေရ်ကကပိလ၀တ်နေပြည်တော်သို့ကြွရောက်တော်မူရန်လျှောက်ထား
သည်ကို အကြောင်းပြု၍တန်ပေါင်းလပြည်နေ့ကိုပြည်တော်ဝင်အခါတောနေ့အဖြစ်ကျင်း
ပသည်။

တပေါင်းလ၏ရာသီပွဲတော်သည်သဲပုံစေတီပွဲတော်ဖြစ်သည်။သဲများကိုစုပုံ၍ စေတီအသွင်တည်ကာသဗ္ဗညုမြတ်စွာဘုရားအား ရည်မှန်းထား ၍ ပူဇော်ခြင်းဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ဗုဒ္ဒသာသနာ စတင်ထွန်းကားလာချိန်မှပင် ရှိခဲ့သော ပွဲတော်ဟု ယူဆရပေသည်။မြန်မာနိုင်ငံတွင်တပေါင်းလ သို့ရောက်သည့်အခါ မြစ်များ၊ချောင်းများ၌ ရေစစ်ကာသဲခုံသောင်ခုံဖြူဖြူဖွေးဖွေးများပေါ်ထွန်းလာလေ့ရှိသည်။ တောင်သူဦးကြီးတို့သည်လယ်ယာလုပ်ငန်းများမှ အနားယူချိန်လည်းဖြစ်သည်။
ထိုအချိန်တွင် ရှေးမြန်မာမင်းများသည် ထိုသဲပုံစေတီပွဲကို ရာသီပွဲအဖြစ် သတ်မှတ် ကာ ရွှေနန်းတော်ကြီးမှသည်ကျေးလက်တောရွာများအထိခြိမ့်ခြိမ့်သဲဆင်ယင်ကျင်းပခဲ့ကြသည်။
သဲပုံစေတီပွဲတော်သည် ယခုခေတ်၌ ပျောက်ကွယ်လုနီးပါ ရှိလေပြီ။မန္တလေးစသည့် မြန်မာနိုင်ငံ အထက်ပိုင်း မြို့ရွာအနည်းငယ်၌ သာ ကျင်းပတော့သည်။ယခုအခါ သဲပုံ စေတီတော်အစား စေတီပုထိုးများ၌ ဗုဒ္ဒပူဇနိယ ပွဲတော်များကို ကျင်းပ ကြသည်။ ယင်းဘုရားပွဲတော်ကို ’တပေါင်းပွဲ ’ ဟုခေါ်ကြသည်။
                    ရှေးယခင်က ဥက္ကလာပတိုင်းဟုခေါ်တွင်ခဲ့သော ဒဂုံမြို၏တွင် ရွှေတိဂုံစေတီစတင်တည်
          ထားခဲ့သည့်အချိန်မှာ တပေါင်းလဖြစ်သဖြင့်တပေါင်းလပြည့်နေ့တွင်ရွှေတိဂုံဘုရားပွဲတော်ကျင်းပ
          သောအလေ့စတင်ခဲ့သည်၊
                    ရွှေတိဂုံဘုရားနှင့်သမိုင်းနှင့်ပတ်သက်၍အကျဉ်းမျှကိုဖေါ်ပြရမည်ဆိုလျင်
         
ဒဏ္ဍာရီအဆိုအရ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က တည်ထားခဲ့ပါတယ် လို့ပြောကြပါတယ်။ ဗိသုကာပညာရှင်တွေကတော့ စေတီတော် ရဲ့ Stupa လက်ရာတွေအရ ၆ ရာစု နဲ့ ၇ ရာစုကြားက မွန်တွေ တည်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ (မှတ်ချက်။ အမှန်က ယခုဖူးမြင်နေရသော ဥာဏ် တော်အမြင့် ၃၂၀ ပေကျော်မှာ မွန်မိဘုရားကြီးရှင်စောပု လက်ထက်က တည်ထားခဲ့ခြင်းဖြစ်သည်။ အပြင်ပန်း နှင့် ဓါတ်တော်သမိုင်းကို ခွဲခြားသိရန်လိုသည်။)

ရှေးပညာရှိများနှင့် ကျမ်းဂန်အထောက်အထားများအရ ဗုဒ္ဓပရိနိဗ္ဗာန်မပြုခင်ကာလ (BC 486) ကတည်းက တည်ထားခဲ့ကြောင်း သိရပါတယ်။ ဒီစေတီရဲ့ မူလအစကတော့ ရာမညတိုင်းမှ ကုန်သည်နှစ်ဦးဖြစ်တဲ့ တဖုဿ နှင့် ဘလ္လိက ညီနောင်တို့ကို မြတ်ဗုဒ္ဓက ဆံတော်ရှစ်ဆူ ပေးသနားခြင်းမှစခဲ့ပါတယ်။ ညီနောင်နှစ်ပါးဟာ ဥက္က လာပမင်းကြီးရဲ့ အကူအညီနဲ့ သိဂုတ္တရတောင်ပေါ်မှာ ဆံတော် (၄) ဆူကို ရှေးရှေးသော ဘဒ္ဒကမ္ဘာမှ ဘုရား ၃ ဆူရဲ့ ဓါတ်တော်များကိုပါ စုပေါင်းပြီး ရွှေတိဂုံစေတီတော်အတွင်း ဠာပနာသွင်း လှူဒါန်းတည်ထားခဲ့ပါတယ်။

ဓါတ်တော်ကြုတ်ကနေ ဠာပနာဖို့ ဆံတော်ကိုယူတဲ့အခါမှာ မယုံနိုင်သော ထူးခြားဆန်းကြယ်မှုတွေ ဖြစ်ခဲ့ပါ တယ်။

ဗုဒ္ဓ၏ မြင့်မြတ်တဲ့ ဆံတော်ကနေထွက်လာတဲ့ ရောင်ခြည်တော်တွေဟာဆိုရင်ဖြင့် အထက်ဘ၀ဂ်မှအောက်န ရက်၊ ငရဲပြည်အထိတိုင်အောင်ပါဘဲ။ မြတ်ဗုဒ္ဓ၏ တန်ခိုးတော်အစွမ်းသတ္တိတွေကြောင့် မျက်မမြင်တွေ စက္ခု အလင်းပြန်ရခဲ့ကြတယ်။ နားပင်သူတွေ ကြားနိုင်ကြသလို ဆွံ့အသူတွေလည်း ပြန်ကောင်းလာကြပါတယ်။ ကမ္ဘာမြေကြီးသိမ့်သိမ့်တုန်အောင် တုန်လှုပ်ခဲ့ပြီး လေပြင်းမုန်တိုင်းတွေ ပင်လယ်ပြင်မှာ ကျရောက်ခဲ့ပါတယ်။ မေယုတောင်ကြီးတခုလုံး တုန်လှုပ်ခဲ့ပြီး လျှပ်စီးတွေလက်ပါတယ်။ ဒူးထိနစ်အောင်မိုးတွေရွာသွန်းပြီး အချိန်ရာ သီမဟုတ်ဘဲ ဟိမ၀န္တာတောင်တန်းမှ ပန်းပေါင်းစုံ၊ သစ်သီးမျိုးစုံ ဖူးပွင့်၊ သီးလာကြပါတော့တယ်။

သမိုင်းကိုပြန်ကောက်ရရင် မွန်ဘုရင်ဘုရားဦး မတိုင်ခင် လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ ကဆိုရင် စေတီတော်ဟာ ယိုယွင်းလာခဲ့ပါတယ်။ ယခင်ဥာဏ်တော်ဟာ (၁၈) မီတာ ( ပေ ၆၀ ) သာ ရှိခဲ့ပါတယ်။ ခေတ်အဆက်ဆက်ပြု ပြင်မွမ်းမံခဲ့ရာ ယခုဖူးမြင်နေရသော ဥာဏ်တော်အမြင့် ( ၉၈ မီတာ ) ( ပေ ၃၂၀ ) ဟာ ၁၅ရာစုကမှဖြစ်ပါတယ်။ မွန်ဘုရင့် နိုင်ငံတော်ခေတ်မှာ ကြီးမားတဲ့ စေတီတော်ကြီး နှစ်ဆူဖြစ်တဲ့ ရွှေတိဂုံ နှင့် ရွှေမော်ဓော စေတီတော်ကြီးများကို ပြန်လည်မွမ်းမံတည်နိုင်ခဲ့ကြပါတယ်။

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီဟာ အစပထမက ၂၇ ပေသာ ဥာဏ်တော်အမြင့်ရှိခဲ့ရာမှ မွန်ဘုရင်ဗညားဦးက ၁၃၆၂ မှာ ဥာဏ်တော် ၆၆ ပေထိ မြှင့်တင်တည်ခဲ့ပါတယ်။ ဓမ္မစေတီမင်း ရဲ့ ဆွေတော်မျိုးတော်ကြီးဖြစ်တဲ့ ယောက္ခမတော် ကြီး မိဖုရား ရှင်စောပု ( ၁၄၅၃-၇၂) က ဥာဏ်တော်အမြင့် မီတာ ၄၀ ( ပေ ၁၂၉ ) ကို မြှင့်တင်ခဲ့ပါတော့တယ်။

၁၄၇၂ မှာ မိဖုရားကြီးရှင်စောပု က ဓမ္မစေတီမင်းကို နန်းအပ်ပြီး အငြိမ်းစားယူရန် ဒဂုံ ( ယ္ခု ရန်ကုန် ) ကို ဆင်း လာခဲ့ပါတယ်။ သူမ မသေခင်ခေါင်းချရာနေရာကနေ ရွှေရောင်တ၀င်းဝင်းနဲ့ မြင့်မြတ်တဲ့စေတီတော်ကြီးကို ဖူး မြင်လိုစိတ်ရှိခဲ့ပါတယ်။ ၁၆ ရာစုနှစ်မှာတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ မြန်မာနိုင်ငံအတွင်း လူသိအများ ဆုံး ဘုရားဖူးနေရာဖြစ်လာပါတော့သည်။

          မောင်သုညတို့ငယ်ငယ်က တပေါင်းလပြည့် ရွှေတိဂုံဘုရားပွဲနေ့တွင်အိမ်ဘေးမှကစား
          ဖေါ်ငယ်သးငယ်ချင်းမောင်ပန်းရဲ့အဖွါးက ကန်တော်ကြီးဇောင်းယခုငါးပြတိုက်ရှိသောနေရာ
          (ယခင်က မြိုင်ပြဇာတ်ရုံ ) တည်ရှိခဲ့တဲ့နေရာမှာ ဘုရားဖူးလာတဲ့လးတွေကို ရေခဲရေနဲ့ဆီးသီး
          စတုဒီသာကြွေးတာကို နှစ်စဉ်ကူညီပေးခဲ့ရတာမှတ်မိသေးတယ်
          တပေါင်းလသာယာပုံနဲ့ပတ်သက်လို့ငယ်ငယ်တုန်းကစာစီစာကုံးရေးခဲ့ရတာတွေကိုလဲပြန်သတိ
          ရနေမိပါကြောင်းတင်ပြရင်း ဒီလောက်နဲ့ဘဲ ၁၂ လရာသီဆောင်းပါးကို နောက်ဆုံးလဆောင်းပါး
          အဖြစ် မှတ်တမ်းပြုထားလိုက်ပါတယ် ၊
          ဒီနှစ် 2011 တပေါင်းလကတော့ ထူးထူးခြားခြား တလထဲ သုံးရာသီ တွင်တဲ့ တပေါင်းလဖြစ်ပါတယ် ။ နွေ ရော မိုးရော ဆောင်း ရော သုံးဥတုစလုံး ပါနေလို့
          Three Seasons in Onemonth  ( သုံးရာသီ ဒီတလ လို့ဆိုလိုက်ချင်ပါတယ်
          မောင်သုည

 

ယနေ့ မန္တလေး စာအုပ်တိုက်က ၁၉၉၇ ခုနှစ်၊ မတ်လမှာ ဒုတိယအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဆရာ တင်မိုးရဲ့ လူကြိုက်အများဆုံး စာအုပ် တအုပ်ဖြစ်တဲ့ 'ပိတောက်မှ သရဖီသို့' ကဗျာနှင့် ရသစာညွှန့် စာစု စာအုပ်ကလေးကနေ "တပေါင်းလ" အကြောင်း ရေးဖွဲ့ သီကုံးထားတဲ့ စကားပြေလေးတွေကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဆရာကြီး တင်မိုးဟာ Patience Strong ရဲ့ Through The Year ဆိုတဲ့ 'နှစ်လုံးပေါက်' စာအုပ်ကို ဖတ်မိရာက ဘာသာပြန်တာ မှီးတာ မဟုတ်ဘဲ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဒီ 'ပိတောက်မှ သရဖီသို့' ဆိုတဲ့ စကားပြေ လှလှအနေနဲ့ ဖတ်လို့လဲ ရတယ်၊ ကဗျာတပုဒ်လိုလဲ စိတ်ကူး ခံစားနိုင်တဲ့ စာအုပ်လေးကို စီမံ စိတ်ကူး ရေးကြည့်လိုက်တာပါလို့ ဆိုထားလေရဲ့။

တပေါင်းလ

တောင်နှင့် တောလည်း
သင်းချောမညို၊ ဝါလိုနီမြန်း
လေဝန်းလွှင့်ချောက်၊ ရတုရောက်က
ပိတောက်ရွှေရိုး၊ သာနိုးရွှေစံ
ဝတ်ဆံရွှေခဲ၊ ပုလဲချပ်စီ
သရဖီလည်း၊ ရုံးညီလှတင့်
ခါကိုလင့်လျက်၊ ငုံရင့်ကင်းမည်။
ပွင့်ရွက်စည်က၊ နွေလည်ခါလု
နှစ်ရတုသည်
ယခုမပေါ် လှည့်လေလော။

ဇေယျရန္တမိတ်

လေပွေ

လေပွေကလေးသည် ထန်းရေမူးသမား ပမာ တောတောင်ထဲက ဒယီးဒယိုင် ထွက်လာပြီးလျှင် လယ်ခင်း ယာခင်းထဲတွင် ဝှေ့ယမ်း နေလေ၏။ သစ်ရွက်ဝါကလေးများသည် သစ်ပင်ထက်မှ အလန့်တကြား ခုန်ဆင်း လာကြကာ မြေတွင် ဝပ်နေကြလေသည်။
တောင်ခြေတွင် မြူခြည် ဆိုင်းနေလေ၏။ သစ်ပင် သစ်ကိုင်းတို့သည် အထီးကျန်သူကဲ့သို့ ရိုးတံပြိုင်းပြိုင်းသာ ကျန်ရစ် ခဲ့ကြလေသည်။ မြရွက်တို့သည် မိခင် သစ်ပင်ကြီးမှ အိုးအိမ် ခွဲသွားကြလေ၏။ ဥသြငှက်ကလေးသည် အရွက်ကင်းသော သစ်ကိုင်းထက်တွင် ယောင်ချာချာ နားလာကာ အထီးကျန် သစ်ပင်အိုအား တေးဆို၍ နှစ်သိမ့် နေလေ၏။
မြောက်လေ၏ လက်မှ တာဝန် လွှဲပြောင်း ယူလိုက်သော တောင်လေသည် နွေရှုခင်းကို မြင်၍ ရူးသွပ် သွားလေပြီ။ လေပွေ လုပ်ပြီးလျှင် လောကကြီးအား ဝှေ့ယမ်း ပစ်လိုက် ချင်တော့သည်။ အဘယ်မှာ စိတ်ငြိမ်အံ့နည်း။
ရူလော့။ သစ်ရွက်တို့ တဖွဲဖွဲွွေ့ကကြ၏။ ရွက်ခြောက်ပေါ်တွင် လေရူးကလေး တက်နင်းလိုက်သော အခါ ချိုးချိုးချွတ်ချွတ် မြည်သွားကြလေသည်။
အို … တောင်လေဦး၊ စိတ်ကို ထိန်းပါဘိ။ နွေနှင့် ကြုံရလေခြင်းဟု ဝမ်းနည်း မနေလေနှင့်။ နွေသည် သင့်အား အဟောင်းကို အမှိုက်လှည်းရန် တာဝန် ပေးခဲ့လေပြီ။
အို … နွေ၊ တောင်လေ၏ စိတ်ကို မနှိုးဆွချင်ပါနှင့်၊ သင်အထည်သစ်ကို ဆင်အံ့သောငှာ အထည်ဟောင်းကို တောင်လေဦးက တိုက်ခတ် ပစ်ခဲ့လေပြီ။



နွေပြီးလျှင်

လှည်းသည် တအိအိ မောင်းနှင်လေ၏။ လှည်းအောက်က လိုက်ခဲ့ရသော ကုပ်ကျားခမျာ ဟောဟဲ လိုက်ချေပြီ။ ရေငတ်ဟန် တူပေ၏။ နွေရာသီ အဝင် နေရှိန်ကလည်း ပြင်းပါဘိသနှင့်။
မြူဆိုင်း၍ မှိုင်းဝေနေသော ကောင်းကင်ကလည်း ပျင်းရိဖွယ် ဖြစ်ချေ၏။ ညောင်ပင်ရိပ်မှ ပျင်းရိ ငြီးငွေ့စွာ မှုတ်လိုက်သော နွားကျောင်းသား၏ ပလွေသံသည်လည်း လေးတွဲ့စွာ ပေါ်လာ၏။ သဲချောင်း တလျှောက်တွင်လည်း တံလှပ်များ တရိပ်ရိပ်ထလျက် ရှိလေ၏။ အငွေ့များ ဟပ်လျက်။
ညအချိန်၌ တောင်တန်းများပေါ်တွင် ရှို့မီးများ ထိန်နေကြပေ၏။ သစ်ကိုင်းချင်း ကြိတ်ရာမှလည်း မီးများ တဖွားဖွား လွင့်ကာ မြက်ခြောက်ခင်းကို လောင်ပြန်လေ၏။ မြက်စို မြက်စိမ်းကလေးများကို ရှာနေသော နွားအိုကြီးမှာ မြက်ခြောက်ကို ပင်လျှင် ဝဝ မစားနိုင်ရှာဘဲ ပါးစပ် အဟောင်းသား ငေးနေရပေ၏။ မျက်ရည်များပင် ကျမတတ်ပါပေ။
ပျင်းရိဖွယ် ခြောက်သွေ့လှသော နွေကို ငြီးငွေ့ကောင်း ငြီးငွေ့ပေလိမ့်မည်။ သို့ရာတွင် ဘယ်မှာ အသင် ရှောင်နိုင်ပါအံ့။ ဆောင်းကိုချည်း ထာဝစဉ် မတွေ့နိုင်။ နွေကိုချည်း ထာဝစဉ် ကြုံရမည် မဟုတ်။ အသင့်အတင့် နှလုံးသွင်း၍သာ နေတတ်လျှင် ပျင်းရိဖွယ် နွေသည်လည်း သင့်အဖို အကျိုးရှိသော အသိတရား ပေးပေလိမ့်မည်။
ဤနွေဒဏ်ကို ကြံ့ကြံ့ခိုင်ခိုင် ခံယူနိုင်သော စိတ်ဓာတ်သည် ဘဝ အတွက်လည်း လက်နက်ကောင်း ဖြစ်ပေလိမ့်မည်။ ထုသေား ပေသား ရလိမ့်မည်။
အဆိုး၏ နောက်ကွယ်၌ အကောင်း ရှိသည်။



တော်လှန်ရေး အဖူးအပွင့်သစ်

နွေဦး၊ ရွက်ွေ့က၊ ရွက်သစ်၊ ပုရစ်ဖူး …
အဟောင်းကို စွန့်ပစ်၍ အသစ်ကို မွေးဖွားသော လဖြစ်သည်။
ပုရစ်ဖူးကလေးများ အလိပ်ဖြေလျက် စိမ်းဝေ လန်းဆန်း နေကြလေပြီ။ တတောလုံး မြ။
ချောင်းအနီ၌ ကင်းပုန်း ဝပ်နေသော ကြယ်နီ လက်ပတ်နှင့် တော်လှန်ရေး တပ်သားကလေးသည် ညောင်းရွက်ွေ့ကကို မြင်၍ စိတ်ဓာတ် တက်ွ့ကလျက် ရှိ၏။
တော်လှန်ရေးသည် သွေးသစ် သားသစ် ဖြစ်၏။ အိုးသစ် အိမ်သစ် ဖြစ်၏။ စိတ်သစ် လူသစ် ဖြစ်၏။
ချောင်းရေကလေးသည် ကြည်မြမြ။ ငွေသဲသောင်ပြင်ကလည်း ဖြူလွလွ။ မြူခိုး မြူငွေ့ကလည်း တွ့ကွ့က။ သစ်ရွက်စိမ်းနံ့သည် လေတွင် မွှေးပျံ့လာလေပြီ။ တော်လှန်ရေး၏ အဖူးအပွင့်မှ ရနံ့သစ် ပေလောမသိ။
ကင်းပုန်း တပ်သားကလေးသည် ရန်သူကို တွေ့ရတော့မည်ဟု စိတ်ွ့ကလျက် ရှိလေ၏။ ဤရန်သူကို တွေ့လျှင် သေနတ်မောင်းကို ဖြုတ်ချ လိုက်မည်သာ။ သူ၏ ရန်သူသည် အဟောင်းဖြစ်၏။ ဖိနှိပ်မှု ကရိယာ ဖြစ်၏။ လောကကို ဖျက်ဆီးသူ ဖြစ်၏။
တော်လှန်ရေးသည် အဟောင်း အဖို့ သေမင်းခေါ်သံ၊ အသစ်အဖို့ ခေါင်းလောင်းသံ ဖြစ်၏။ ကြိုဆိုသော အသံပေတည်း။
သစ်ရွက်ကလေးသည် လှစ်ခနဲ ပြူလာ၏။ ချောင်းရေးသည် ရေသစ် မိုးသစ်ကို သယ်ဆောင်လာ၏။ အဘယ်သို့လျှင် မသာယာဘဲ ရှိအံ့နည်း။



အရုဏ်ဦးက သရဖီပွင့်

လေပြည်ထဲတွင် သရဖီ ပန်းနံ့ကလေး သန့်ခနဲ မွှေးလိုက်သည်ကို တိတ်တခိုး သတိပြုမိလိုက်သော မိန်းမပျိုကလေးသည် ကျီးမနိုးမီ တိတ်တဆိတ် သရဖီပင်သို့ ရောက်ခဲ့၏။
သရဖီ ပန်းနံ့သည် တသင်းသင်းကြိုင်လျက် အမှောင်ထဲတွင်ပင် ဤရနံ့ကလေးသည် လမ်းသိတတ်ပါဘိ။ မိန်းမပျိုကလေးသည် သရဖီပန်းနံ့ပင် ဖြစ်လိုက်ချင်၏။ အမှောင်ထဲတွင်ပင်လျှင် မိမိ သွားရမည့် လမ်းကို သိတတ်လို၏။
သရဖီ ပွင့်ကလေးသည့် တဝင်းဝင်း။ အမှောင်ထဲတွင်ပင် ဤပန်းကလေး ပွင့်ရဲသည်ကို အံ့မိ၏။ မိမိ အလှကို မမြင်ကြသော် ရှိစေ။ အမှောင်ထဲ၌ပင် ဖြစ်စေကာမှ အစွမ်းကုန် ပွင့်တတ်ပါဘိ။ မိန်းမပျိုကလေးသည် သရဖီပွင့်ကလေးပင် ဖြစ်လိုက်ချင်၏။ ဘဝ အမှောင်ထဲတွင် ပင်လျှင် မိမိ၏ အစွမ်းအစ အလှအပကို အစွမ်းကုန် ပြလို၏။
မြေပြင်မှာလည်း သရဖီပွင့် တဝင်းဝင်း၊ အပင်ထက်မှာလည်း တဝင်းဝင်း၊ နေရာမရွေး ဝင်းနိုင် သင်းနိုင်သော သရဖီပွင့်ကလေး၏ ဘဝကို အားကျမိ၏။
အကယ်၍ နောင်ဘဝ ရောက်ခဲ့အံ့၊ သရဖီပွင့်ကလေး ဖြစ်ပါရစေဟု မိန်းကလေး ဆုတောင်မိ၏။
နေခြည် ပွင့်ခဲ့ပြီ။ မိန်းမပျိုကလေးသည် သရဖီပန်းကို ဦးခေါင်းတွင် ဝေနေအောင် ပန်၍ အိမ်သို့ ပြန်ခဲ့ပြီ။ အမှောင်တွင်းမှာလည်း တဝင်းဝင်း၊ နေခြည်မှာလည်း တဝင်းဝင်း။ သူအဆင်းကို မည်သည့် နေရာ၊ မည်သည့် အခါမျှ မစွန့်ပါတကား။
တင်မိုး

 

"ထူးမြတ်သည့် တပေါင်းလ"

တပေါင်း လသာ၊ လ တကာထက်
နှိုင်းရာဖက်ရှောင်၊ လများနောင်ကား
တောင်လည်းသာမော၊ တောလည်းသာထွေ
ရေလည်းသာလှ၊ ဖြူဆွသောင်ပြင်
ငှက်ပေါင်းရွှင်ရာ၊ သဘင်အညီ
ပွဲစေတီဟု၊ မြောက်ချီရွှင်ပ
လှူဒါန်းကြလျှက်
ဦးအောင်ကြီး (အင်းဝခေတ် စာဆိုတော်)


 တပေါင်းလ

တောင်နှင့်တောလည်း
သင်းချောမညို၊ ၀ါလိုနီမြန်း
လေ၀န်းလွှင့်ချောက်၊ ရတုရောက်က
ပိတောက်ရွှေရိုး၊ သာနိုးရွှေစံ
ဝတ်ဆံရွှေခဲ၊ ပုလဲချပ်စီ
သရဖီလည်း၊ ရုံးညီတင့်လှ
ခါကိုလင့်လျက်၊ ငုံရင့်ကင်းမည်။
ပွင့်ရွက်စည်က၊ နွေလည်ခါလု
နှစ်ရတုသည်
ယခုမပေါ် လှည့်လေလော။

ဇေယျရန္တမိတ်

တပေါင်းလ

တောင်ထိပ်ပေါ်မှာ နွယ်ချိုနှောလို့ ၊
ဥဩတွန်တဲ့ လရာသီ။
ဖက်ဆွတ်ကယ် သပြေပန်း ၊ လန်းခဲ့ပြန်ပြီ။
တပေါင်းလရယ်တဲ့ပွဲတော်မှီ၊ သရဖီနဲ့
ကံ့ကော်ပန်း။
ပုပ္ပါးတောင်တော်သာက
မွှေးလာချက်ဆန်း ။

THE MONTH OF TABAUNG
On mountain tops sweet nwe-cho creepers
Bloom midst other blooms
And thabye leaves and pet-sut flowers
Are once again pure bright colors.
On the Festival of Tabaung
Tharaphi and gangaw open into flower
And fragrance pervades everywhere
On Mount Popa.

Author unknown.


ဆောင်းကူးနွေစ တပေါင်းလ သာယာပုံ
လျှောက်တင်ခန်း
(ရှင်အုန်းညို)
လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊ သတ္တ၀ါလူ၊ ခပ်သိမ်းသူကို၊
ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေတတ်သည်၊ လူနတ်ဆရာ၊
ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်နှိုက်၊ ခြောက်ရောင်လျှံဝါ၊
ဉာဏ်စကြာနှင့်၊ သစ္စာရဲးရဲး၊ ပွင့်ဆဲးဆဲးလျှင်၊ အံ့အဲးမနိုင်၊
ဆွယ်ပြိုင်နှိုင်းသော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ တို့သျှင်ချစ် … ။
အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ လျှောက်ကြားဆက်အံ့၊
ဘွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊
တကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊ သည်းချားရာဟု၊ မျှော်ရာရှုလျက်၊
တစုတရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြတ်ကြင်နာသော်၊ ဖူးပါလှချင်၊
ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊
ကြားသိတုံလို၊ တသောင်းဗိုလ်တွင်၊ ကျွန့်ကိုနောက်ဆင့်၊ ချီပင့်ရလှာ၊ ဤအခါကား၊
ဟေမာချမ်းဆောင်း၊ ကြွလှဲးပြောင်းသား၊ တပေါင်းနွေလ၊ ဂိမှာနဟု၊ သာလှပျော်မှု၊
သည်ရတုနှိုက်၊ ညွန့်နုဆဲးဆဲး၊ မီးလျှံခဲးသို့၊ ရဲးရဲးပြောင်ပြောင်၊
တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏့၊ ခမည်းတော်တောင်း၊
ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှာ၊ တောင်းပန်ထွာသည်။ … ။ သွားခါကာလ
တန်ပြီတည်း။
မျှော်ရှုမျှော်ရှု၊ မျိုးတစုတွင်၊ ရာဟုအမိ၊ တစိဘွားတော်၊ မြောက်သားတော်နှင့်၊
သုဒ္ဓေါ်မွေးဘ၊ ရူတတင်းမေး၊ မိထွေးဂေါတမီ၊ ကလျာဏီတို့၊ ညီကားမင်းနန်၊
မကျန်လုံးခြုံ၊ ဇာတိဘုံဝယ်၊ အပုံမျိုးပေါင်း၊ ဆွေရှစ်သောင်းတို့၊
လွမ်းဟောင်းမပြေ၊ လွမ်းထွေကဲးဆင့်၊ ကွာသည်မြင့်ဟု၊ ယခင့်ရှေးသော်၊
ရွှေနန်းတော်နှိုက်၊ နှစ်ဘော်မောင်နှံ၊ ဗိုလ်ရှုခံလျက်၊ နတ်စံအလား၊
မိထွတ်ဖျားနှင့်၊ သိကြားသူဇာ၊ သက်ကျလှာသို့၊ မတ်ရာများဘောင်၊ လူ့တန်ဆောင်ကို၊
ယခေါင်ထက်တိုက်၊ ချစ်ဝမ်းပိုက်လျက်၊ ခေါ်စိုက်မေးစမ်း၊ ပြည်လုံးလွှမ်း၍့၊
ဆိုတမ်းအသံ၊ နှုတ်မညံ့တည့်၊ ကျံကျံသီးသီး၊ ပူပန်ကြီးသော်၊ ညီးညီးဝင်းဝင်း၊
တရားမင်းကြောင့်၊ သတင်းကြားကာ၊ မနေသာခဲ့၊ သွားခါတန်စွ၊ ဤကာလက၊ ချမ်းမြမသန်၊
ပြင်းထန်မပူ၊ လွင့်မြူမထောင်း၊ ညွန်ပြောင်းမချဉ်း၊ လေပြင်းမလာ၊
သည်းစွာထစ်ကြိုး၊ အုံ့မိုဃ်းမစွေ၊ ရေလည်းမကြီး၊ ခရီးဓွန့်ရှည်၊
နှစ်သောင်းထေရ်နှင့်၊ ရောင်ခြည်ပြိုးပြက်၊ အောက်ထက်မညံ၊ ထွန်းရိပ်လျှံမျှ၊
မဆံတူရိုး၊ သကျမျိုးကို၊ မြတ်နိုးလွန်ကျူး၊ အံ့မိန်းမူးလျက်၊ နဖူးထိပ်ပြင်၊
ရှိပန်ဆင်လျက်၊ ထိုတွင်ပြည်သူ၊ ဆုယူဆုတောင်း၊ မျှော်လင့်ရှောင်းသည်။ … ။
ချမ်းဆောင်းဟေမန် လွန်ပြီတည်း။
မြော်ဆုမြော်ဆု၊ တောင့်တပြုလျက်၊ မျှော်ရှုမပြတ်၊ သုံးလူ့ထွတ်ကို၊
ရိုညွတ်ပြင်းစွာ၊ ချစ်သဒ္ဓါ၍့၊ တကာတော်ရင်း၊ မွေးဘမင်းကား၊
ကြောင်းခြင်းပြန်ခေါက်၊ ဆယ်ထောင်မြောက်လျှင်၊ ဆယ်ခေါက်မင်းစေ၊ ပင့်ရထွေကို၊
ပရမေထိပ်မိုး၊ ထွတ်ခေါင်စိုးသည်၊ နွယ်ရိုးမြတ်လှ၊ မုနိန္ဒလျှင်၊ ဒေသရပ်ဟောင်း၊
ဆွေရှစ်သောင်းသို့၊ ရက်ပြောင်းခြောက်ဆယ်၊ ဝေးဓွန့်ကျယ်လည်း၊
သွားဘွယ်ချိန်ထောက်၊ ထိုပြည်ရောက်က၊ အနောက်တူရူ၊ ရှုတော်မူလျက်၊ မပြူနိုင်ပြီ၊
ရွှေစက်ချီ၍့၊ ရောဟိနီမြစ်၊ ကူးတုံလစ်က၊ သျှင်ချစ်ဌာန၊ ကပိလနှင့်၊ ကောဠိယတွင်၊
သာကိဝင်တို့၊ ပျော်အင်နှစ်ခြိုက်၊ ရှိပန်းစိုက်အံ့၊ ကျွတ်ထိုက်ရာရာ၊ လူတကာကို၊
ချမ်းသာရပ်တင်၊ ပို့စေချင်သည်။ … ။ မဂ္ဂင်အမြိုက် တန်ပြီတည်း။
ဘော်စုဘော်စု၊ ခေါ်သာဓုဖြင့်၊ လွမ်းမှုစည်းဝေး၊ ကြည်စိတ်ပြေးလျက်၊
ရေးရေးထင်လွန်း၊ ဆယ်ခိုင်ပန်းဖြင့်၊ ဦးစွန်းတူရူ၊ ပွင့်လူလူလျှင်၊
မည်သူမပြိုင်၊ ထွတ်ဖျားတိုင်သား၊ ဦးကိုင်ချက်မ၊ သုံးလူ့ဘကို၊ မြင်ရနိုးနိုး၊
ရှစ်သောင်းမျိုးတွင်၊ မင်းစိုးသုဒ္ဓေါ်၊ ခမည်းတော်က၊ ဖူးမြော်ချင်လှ၊
ခါနိစ္စဖြင့်၊ ပါဒနက်သန်၊ မြတ်ခြင်းလွန်သား၊ စက်မွန်နှစ်ဘော်၊ ဖ၀ါးတော်ကို၊
ကော်ရော်ထိပ်ထက်၊ မြဲးစွာရွက်၍့၊ စုံမက်ပြင်းလှ၊ ဖူးချင်တလျက်၊ ဘယ်လဘယ်နေ့၊
ဘယ်နံတွေ့၍့၊ စေ့စေ့ခြင်းတ၊ ပြန်တုံရအံ့၊ မြမြချိုစွာ၊ မြိုက်ရသာကို၊
တကာဆွေကောင်း၊ လူအပေါင်းနှင့်၊ ဆယ်ချောင်းဦးထိ၊ ကြားရဘိမူ၊ မြှေးငြိဝိဇ္ဇာ၊
ဘယာမောဟ၊ ရာဂမြစ်စည်၊ သံသာရှည်လည်း၊ ရွှေပြည်မဂ်ဖိုလ်၊ မခဲးငြိုတည့်၊
ကျွန့်ကိုမှာထား၊ လျှောက်လိုက်ကြားသည်။ … ။ တရားအရ မှန်ပြီတည်း။
ပျော်မှုပျော်မှု၊ မျှော်ကြည့်ရှု၍့၊ ရတုကောင်းစွာ၊ ဤအခါကား၊ သာသည်ညင်းညင်း၊
မြောက်လေကြွင်းနှင့်၊ ဆီးနှင်းမကုန်၊ ပူဟုန်မသည်း၊ ပျံ့ပျံ့ဖြည်းသား၊
တိမ်မည်းမဆိုင်၊ မြည်အိုင်ရိုက်ကြူး၊ မင်းလွင်မြူးသား၊ နွေဦးသရစ်၊ အခါဖြစ်၍၊
သျှင်ချစ်ဘုရား၊ သုံးလူ့ဖျားလျှင်၊ ဖ၀ါးစက်တော်၊ ချီတုံသော်လည်း၊
ထော်လော်စုန့်လုန့်၊ မြေမှုန့်မြေကြမ်း၊ ခရီးလမ်းနှိုက်၊ သာချမ်းညံ့စေ၊
လွှဲးဖယ်လေလျက်၊ ပရမေထွန်းပေါ်၊ မြတ်နုဘော်ဖြင့်၊ သျှင်တော်မှန်စင်၊ ငါ့သခင်ကို၊
စက်ရှင်မြုတေ၊ ကြွသာစေဟု၊ ဝေးမြေတပါး၊ ဖဲးနှင့်ရှား၍၊ ပြန်သွားမငြီး၊
သဲးမွေ့နှီးသည်။ … ။ ခရီးသာစွ မွန်ပြီတည်း။
ပေါ်လှုပေါ်လှု၊ ညွှန့်သစ်နုနှင့်၊ ရတုသာထွေ၊ နွေကားရောက်ပြီး၊ ဆောင်းအမြီးဟု၊
ခရီးလမ်းလျဉ်၊ ခက်ချင်းယှဉ်သား၊ ပင်စည်ဖြူးဖြူး၊ ရိပ်စက်ကူး၍၊ ငုံဖူးစီစို့၊
တချို့ကားပွင့်၊ ကင်းနှင့်မညံ၊ မီးလျံသဘွယ်၊ ၀င်းဝင်းကယ်မျှ၊ မြိုင်လယ်ရဲးရဲး၊
အခဲးခဲးတိ၊ တော်ထဲးစုံကောင်း၊ ပန်းအပေါင်းနှင့်၊ ရွက်ဟောင်းပင်အောက်၊
ဖူးညှောက်လူလူ၊ ထွက်စပြူလျက်၊ ပျံ့ကြူဧးဧး၊ လေညှင်းသွေးသော်၊ မွှေးမွှေးရဂုံ၊
သင်းနံ့ထုံသို့၊ ပြောစုံခန့်ချုံး၊ ပွင့်ရောင်ဖုံးသည်။ … ။ တောလုံးညွန့်သစ်
လှန်ပြီတည်း။
ယော်နုယော်နု၊ ရွက်သစ်ပြုလျက်၊ ရတုအလိုက်၊ ခက်ချင်းဆိုက်၍့၊ အကိုက်ငုံဖူး၊
ဖြူးရရူးလျှင်၊ တန်ခူးမပြောင်း၊ တပေါင်းမကုန်၊ ပူဟုန်မပြင်း၊ နှင်းလည်းစဲးစ၊
ကာလသာထွေ၊ ဆောင်းနွေဆိုးဆမ်း၊ ပူချမ်းနှစ်ပါး၊ ဆွေတော်များတို့၊ ဘုရားမြတ်စွာ၊
ဖူးအံ့ခါကား၊ သာယာသောတိ၊ ကြွဘွယ်ရှိစွ၊ ခရီ့းဆစ်ပိုင်း၊ လမ်းစဉ်တိုင်းတုံ၊
သစ်ကိုင်းညွန့်လန်း၊ ဂနိုင်ပန်းတိ၊ ထက်ဝန်းဖြင်မျှ၊ ပွင့်လတ်ကြသော်၊
ရွှင်ပျမြည်ရှုန်း၊ ပိတုန်းမည်းနက်၊ ၀တ်ရက်ယူယူ၊ ချမ်မူဘော်နှော၊ ရဂုံတောဝယ်၊
ဥသြကျေးငှက်၊ ယှဉ်ဘက်မကွာ၊ ဟင်္သာပဲးထွေး၊ သံလေးကျူးဆင့်၊ ကြွေးရင့်မညံ၊
ခုန်ပျံပြေးသွား၊ တပင်းနားလျက်၊ ပင်ဖျားပင်ခြေ၊ မွမ်းမွမ်းထွေလျက်၊
စုံမြေရိပ်ကောင်း၊ ရွေများပေါင်းသည်။ … ။ ဥဒေါင်းမောရ တွန်ပြီတည်း။
ဆောင်းကူးနွေစ တပေါင်းလသာယာပုံ လျှောက်တင်ခန်း ပြီး၏။
***
လပြည့်နေ့လေးတွေဟာ ကျမအတွက် အမြဲအမှတ်တရ ဖြစ်စေပြီး ထူးခြားတဲ့ စိတ်ခံစားမှုကို
ပေးစွမ်းတဲ့အတွက် ဘ၀မှာ အရေးပါတဲ့ နေ့တွေလို့ဆိုရင် မမှားပါဘူး။
ဒီလိုနေ့မျိုးမှာ ဗုဒ္ဓရဲ့ စည်းကမ်းနဲ့ အညီ သီလဆောက်တည်လို့ ကိုယ်နှုတ်စိတ်ကို
ထိမ်းသိမ်းရင်း ဗုဒ္ဓကို ပူဇော်တဲ့ ဂါထာတော်တွေ ရွတ်ဖတ်ပြီး သတ္တ၀ါ အများကို
မေတ္တာပို့ကာ စိတ်အေးချမ်းစေဖို့ ဆုတောင်းမိပါတယ်။
မေတ္တာဖြင့် …
မေဓာဝီ 
မှတ်ချက်။ ... ။ ရှင်အုန်းညို ဂါထာခြောက်ဆယ်ပျို့ စာအုပ်ပါ
သတ်ပုံသတ်ညွှန်းအတိုင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။ 


တပေါင်းအလှနှင့် မြန်မာ့ရေမြေ

တပေါင်းသာခေါင် လများနောင်ဟု အဆိုရှိသည့်အတိုင်း ရာသီဆယ့်နှစ်လတွင် အသာယာဆုံး၊ အလှပ ဆုံး ဖြစ်၏။ ပါဠိစာဆိုတို့သည် ဖဂ္ဂုနီမာသ တပေါင်းလ၏ အလှကို လွန်စွ မြတ်နိုးကြသည်။ သက္ကတဘာသာ စာဆိုတို့လည်း ချစ်ခင် စုံမက်ကြသည်။ ထိုကြောင့် ကဗျာဆရာတို့သည် တပေါင်းလ၏ အလှကို မလွန်ဆန်နိုင်ကြပေ။
တပေါင်းလမှာ မိန်ရာသီ ဖြစ်၏။ ဘဲဒပိုက်နက္ခတ် စန်းယှဉ်၏။ အင်ကြင်းပန်းသရဖိပန်းတို့ ပွင့်ကြသည်။ သဲပုံစေတီ ပူဇော်ပွဲကို ကျင်းပကြသည်။ ယခုခေတ်အခါတွင်ကား တပေါင်းလ တပေါင်းပွဲဟု ဆိုကြ သည်။ ဘုရားပွဲကို ဆိုလိုခြင်းဖြစ်၏။ မြန်မာနိုင်ငံ အရပ်ရပ်ရှိ ဘုရားများတွင် ဘုရားပွဲ ကျင်းပ ပူဇော်ကြ သည်။
တပေါင်းလတွင် မြန်မာ့ ရေ မြေ တော တောင် သဘာဝသည် သစ်ပင် ပန်းမန် ဖူးငုံဝေဆာစွာမြင့် သာ ယာလှပနေသည်။ မြန်မာ့ ရိုးရာဓလေ့ ပွဲလမ်းသဘင်များနှင့်လည်း စည်ကားနေ၏။ ဘာသာရေးဘက် တွင်လည်း ကုသိုလ်ကော်ငးမှု အလှူဒါန တဝေေ၀ ဖြစ်၏။ ဤမျှ သာယာအေးချမ်းသော အမိမြေ၀ယ် ခိုနားမှီတွယ်နေ ကြသူများကလည်း မျိုးချစ် ပြည်ချစ် နိုင်ငံချစ်စိတ် အပြည့်အ၀ဖြင့် မြန်မာ့ အမျိုးသား ဓလေ့စရိုက်များကို ထာဝရ လှပ တည်တံ့စေသောငှာ ကျေးဇူးဆပ် ထိန်းသိမ်းကြရမည် ဖြစ်ပေသည်။ အလှဆင်ရမည် ဖြစ်ပေသည်။
ဤလတွင် မြန်မာ့သမိုင်း၌ ထူးခြားသော နေ့ထူးနေ့မြန်ကြီး ဖြစ်သည့် တပ်မတော်နေ့ (တော်လှန်ရေးနေ့ ) ကြီးနှင့် တိုက်ဆိုင်နေသည်ကိုလည်း အစဉ်မမေ့အပ်ကြော်ငး ရေးသားလိုက်ပါသည်။

1 comment: